[irrawaddy_gallery]
စားပွဲခုံတွေမှာ လူသူကင်းမဲ့နေတယ်။ ထောင့်တနေရာမှာတော့ ကွန်ပျူတာနှစ်လုံး ငိုက်မြည်းလို့ ။ အမျိုးသမီးငယ် တဦးသာ သတင်းစာ တစောင်ကို ဟိုလှန်ဒီလှန်နဲ့။ ဒါ မြန်မာ့ စီးပွားရေးစနစ်ရဲ့အချက်အခြာ ဗဟိုဘဏ် က ကြိုဆိုနေတဲ့ မြင်ကွင်းပါ။
နိုင်ငံခြား သတင်းထောက် တယောက် မြို့တော် နေပြည်တော်မှာရှိတဲ့ ဗဟိုဘဏ် ဌာနချုပ်ထဲ ပထမဦးဆုံးအကြိမ် ရောက်သွားခြင်း က အသက်မဲ့ အဆောက်အအုံကြီး အကြောင်း ဖော်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။ ငွေကြေး မူဝါဒဌာနမှာ ကွန်ပျူတာ သုံးလုံးပဲ ရှိတယ်။ ဘဏ်လုပ်ငန်း ကြီးကြပ်ထိန်းသိမ်းရေးဌာနနဲ့ အတူတူပဲ။ သင်တန်းဌာနမှာတော့ ကွန်ပျူတာ ငါးလုံးထက် မပိုဘူး။ တလုံးက ဗီဒီယို ဂိမ်းဆော့ဖို့ သုံးထားတယ်။ ကလေးနှစ်ယောက်က ထောင့်တနေရာမှာ တခစ်ခစ် ရယ်နေကြတယ်။
“ဗဟိုဘဏ် တခုတည်းမှာပဲ ဝန်ထမ်း မလုံလောက်တဲ့ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး၊ တိုင်းပြည်တဝန်း တခြား ဝန်ကြီးဌာနတွေမှာလည်း ဒီလိုမျိုးပဲ”လို့ ဗဟိုဘဏ် ဒု အုပ်ချုပ်ရေးမှူး ဦးနေအေး က ပြောပြတယ်။ “ကျနော်တို့ နည်းပညာ အကူအညီတွေလိုပါတယ်” လို့လည်း ပြောပါတယ်။ ဒီအချက်ကို ပိုသေချာသွားစေအောင် အင်တာဗျူးလုပ်နေချိန်အတွင်း မီး၂ခါ ပြတ်ပါတယ်။
စစ်အုပ်ချုပ်ရေးအောက် နှစ်ပေါင်း ၅၀ နီးပါး ဖြတ်သန်းလာအပြီး လူဦးရေ သန်း ၆၀ နဲ့ သဘာဝသယံဇာတ ပေါများတဲ့ ပွင့်လင်းစ မြန်မာ နိုင်ငံကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ခြေချလာနေချိန်အတွင်းမှာ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့တဲ့ အင်စတီကျူးရှင်း တွေက အမီလိုက်ဖို့ မနည်းရုန်း နေကြရတယ်။ ဒါက ပေါ်ထွန်းစ ဒီမိုကရေစီနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးနိုင်တဲ့ ပေါ်လစီ ခြေလှမ်း မမှားဖို့ သတိ ပေးနေသလိုပါ။
အရှိန်ရပြီးဖြစ်တဲ့ အပြောင်းအလဲရဲ့ဟာ ဇွန်လ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲမှု ဒုတိယ အဆင့်လို့ မိန့်ခွန်း ထဲ မှာ ထည့်ပြောလိုက်တာကြောင့် အရှိန် ပိုမြင့်သွားတဲ့ပုံ ရှိပါတယ်။ ရည်မှန်းချက်က ငါးနှစ်အတွင်း စီးပွားရေးအင်အား သုံးဆပိုကြီး လာအောင်၊ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုအောက် ရောက်နေပြီး လူဦးရေ သုံးပုံတပုံက လျှပ်စစ်မီးမရှိ ခေတ် နောက်ကျနေတဲ့ တိုင်းပြည်ကို ခေတ်မီလာရေး ပါ။
အခုထိ လျှို့ဝှက်နေသေးတဲ့ အစိုးရတရပ်ရဲ့ မူဝါဒချမှတ်ရေးယန္တရားတွေကို ရိုက်တာ သတင်းဌာနရဲ့ လေ့လာစူးစမ်းချက်က သူတို့ ဘယ်လောက် အပြောင်းအလဲ ဝန်ပိနေသလဲဆိုတာ တွေ့ခဲ့ရတယ်။ အတွေ့အကြုံမရှိ၊ အရေအတွက်နည်းနည်း ဝန်ထမ်းတွေသာ ရှိတဲ့ ဝန်ကြီးဌာနတွေကလည်း အလုပ်တပုံတပင်ကြီးနဲ့ နပန်းလုံးနေပါတယ်။ နှစ်ပေါင်း ငါးဆယ်လောက် မထိတွေ့ခဲ့ရတဲ့ ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျ ပြန်ဖြစ်အောင် တက်သုတ်ရိုက် ကိုယ်ထူကိုယ်ထ လေ့ကျင့်သင်ကြား နေရပါတယ်။
အရပ်သားတပိုင်း စစ်အစိုးရဟောင်းဟာ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို နောက်လှည့်နေတာ မဟုတ်။ တကယ်တမ်း မြန်မြန် ဆန်ဆန်ကြီး လုပ်နေတာမို့ အစိုးရရဲ့ ခနော်နီခနော်နဲ့ အုပ်ချုပ်ရေးယန္တရားက မလုပ်နိုင်မကိုင်နိုင်ဖြစ်ကြမယ့်အရေး လက်တွေ့ကွင်း ထဲမှာ ပါနေကြတဲ့ နိုင်ငံခြားသား အကြံပေးတွေက စိုးရိမ်နေကြပါတယ်။
လွပ်လပ်မှု အရသာ
“သူတို့က ဒီအဆင့်မှာကိုပဲ အားလုံးကို တကယ့်ကို ပြုပြင်ပြောင်းလဲ ချင်နေတာဗျ”လို့ မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အာရှဖွံ့ဖြိုးရေး ဘဏ် အကြီးအကဲ ခရိတ် စတပ်ဖန်ဆန် (Craig Steffensen) က ပြောပြပါတယ်။ မြန်မာအရာရှိတွေက အားလုံးကို မှန်မှန် ကန် ကန်နဲ့ လုပ်ချင်ကြကြောင်း၊ အကောင်းဆုံး အကြံဉာဏ်တွေ ရယူနေကြတယ်လို့ သူကပြောပါတယ်။
“လောလောဆယ် သူတို့ လုပ်ချင်တာတွေက အများကြီးဗျ၊ အဲဒါတွေကို ပြန်လည်သုံးသပ်ဖို့ ကြတော့ လူနည်းနည်းပဲရှိတယ်။ ကျနော့် အထင်တော့ အားလုံး ထိန်းမနိုင်သိမ်းမနိုင်တဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်”လို့လည်း ခရိတ် စတပ်ဖန်ဆန် က ဆိုပါတယ်။
တနှစ်ဆိုတဲ့အချိန်အတွင်းမှာ အစိုးရက ဒါဇင်နဲ့ချီပြီး ဥပဒေကြမ်းအသစ်တွေကို မူကြမ်း ရေးဆွဲခဲ့တယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ ချီပြီး လွှတ်ပေးခဲ့တယ်။ အလုပ်သမား သမဂ္ဂ တွေကို တရားဝင် အသိအမှတ်ပြုခဲ့တယ်။ တိုင်းရင်းသား သူပုန်တွေနဲ့လည်း ငြိမ်းချမ်းရေး စာချုပ်တွေ ချုပ်ဆို၊ စာပေစိစစ်ရေး ကိုလည်း လျှော့ပေါ့ပေး ခဲ့တယ်။ နိုင်ငံရေး အတိုက်အခံတွေကို လွတ်လပ်ခွင့်ပေး ခဲ့တယ်။ ငွေလဲနှုန်း စနစ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီး စတော့အိတ်ချိန်းတခု လုပ်မယ်လို့လည်း ကြေညာခဲ့တယ်။ သမိုင်းဝင် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့တယ်။
ဆုလဒ်အဖြစ် အမေရိကန်နဲ့ ဥရောပသမဂ္ဂ က ပိတ်ဆို့တွေ ယာယီ ရပ်ဆိုင်း လိုက်တာ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ ရောက်လာ တာတွေ ပြန်ရပါတယ်။ အဲဒါကြောင့် ဆိုရှယ်လစ် စီမံကိန်း၊ စစ်တပ် လက်ဝေခံ အရင်းရှင်စနစ် အောက်မှာ ပျက်စီးသွားခဲ့တဲ့ စီးပွားရေးကို နာလန် ပြန်ထူဖို့ မူဝါဒရေးဆွဲသူတွေ အပြေးအလွှား ဆောင်ရွက်နေပုံ ရပါတယ်။
ကမ္ဘာကြီးကလည်း ဒီအတိုင်းတော့ ကြည့်နေတာမဟုတ်။ နိုင်ငံတကာ အေဂျင်စီတွေဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စတာတွေက အကြံဉာဏ်တွေ ပေးကြပါတယ်။ တခါတရံတော့လည်း သဟဇာတ မဖြစ်ကြ ဘူးလို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ထိပ်တန်းအရာရှိ တဒါဇင်နီးပါးလောက်ရဲ့ အဆိုအရ သိရပါတယ်။
ဒါပေမယ့် အပြင်းထန်ဆုံး ဖိအားကတော့ နှစ်ပေါင်းများစွာ အထီးကျန်နေရမှု၊ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုအောက်မှာ နှစ်ပေါင်းများစွာနေ လာခဲ့ရပြီး အပြောင်းအလဲတွေအပေါ် စိတ်မရှည်နိုင်တော့တဲ့ အဖိနှိပ်ခံ ပြည်သူတွေ ဆီက ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းကတည်းက ပထမဆုံး အကြိမ် အဖြစ် လွတ်လပ်ခြင်းအရသာကို ပြည်သူတွေ ခံစားခွင့်ရလာပါတယ်။ ပိုပြီးတော့လည်း လိုချင်နေကြပါတယ်။
ပြီးခဲ့တဲ့တလောက မြန်မာနိုင်ငံမှာ အကြောင်းအရာမျိုးစုံ အပေါ် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းတွေ တွေ့ခဲ့ရတယ်။ မြို့နေပြည်သူတွက လျှပ်စစ်မီး မရတဲ့အပေါ် ဆန္ဒပြကြတဲ့ ဆန္ဒပြပွဲတွေ၊ အထည်ချုပ် စက်ရုံအလုပ်သမားတွေက လုပ်အားခ ပိုတောင်းတဲ့ ဆန္ဒပြပွဲတွေ၊ မြေယာပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ လယ်သမားတွေ စသဖြင့် မြင်တွေ့ခဲ့ရပါတယ်။ ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ အကြား ဟိုအရင်ကတည်းက ရှိလာခဲ့တဲ့ တင်းမာမှုတွေက လူအသေအပျောက်ဖြစ်သည်အထိ အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
မနှစ်ကအထိဆိုရင် အာဏာပိုင်တွေအနေနဲ့ အကြမ်းဖက်နှိမ်နင်း ဒါမှမဟုတ် ဘာမှမလုပ်ဘဲ ဒီအတိုင်းထားရင်လည်းဖြစ်စေ တုန့်ပြန် နိုင်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာတော့ ဒါတွေက သူတို့ အာဏာထိုင်ခုံကို ကိုင်လှုပ်နေပါပြီ။ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲမှာ ငြိမ်း ချမ်းရေး နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင် ရ လိုက်ခြင်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် စစ်တပ် ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီကို ပြတ်ပြတ် သား သား အချက်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မြန်၊ မြန်မြန်
လူထုက နေ့ချင်းညချင်း တိုးတက်မှုတွေ မြင်ချင်တာကို စစ်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဦးဆောင်တဲ့ အစိုးရက သိပုံရပါတယ်။
“ကျနော်တို့ ပြုပြင်ပြောင်းလဲရေးကို မြန်မြန်ဆန်ဆန်လုပ်ရင် ပြည်သူတွေ ဒီမိုကရေစီရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်”လို့ သမ္မတ ဦးသိန်းစိန်နဲ့ နီးစပ်သူ လက်ရှိ စက်မှုဝန်ကြီး ရေတပ် ဦးစီးချုပ်ဟောင်း ဦးစိုးသိန်းက ပြောပါတယ်။ “ဒါပေမယ့် ပြည်သူတွေက ဘာမှ မခံစားရရင် သူတို့စိတ်ထဲမှာ အရင် အစိုးရဟောင်းနဲ့ အခုအစိုးရ အတူတူပဲလို့ ထင်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့က ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ချင်တာပါ”လို့ ဝန်ကြီးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အဲဒီလို အလောတကြီးဖြစ်မှုက တိုင်းပြည်ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ အတွေ့အကြုံများတဲ့ နိုင်ငံတကာ အေဂျင်စီတွေကို သောက ပိုစေပါတယ်။ မြန်မာနိုင်ငံရဲ့ အရွယ်အစားကြောင့်လည်း ပါတယ်။ မြန်မာနိုင်ငံဟာ အင်္ဂလန်၊ ပြင်သစ် နှစ်နိုင်ငံပေါင်း အကျယ် အဝန်း ရှိသလို အရှေ့တောင် အာရှ ဒေသတွင်းမှာ အင်ဒိုနီးရှား ပြီးရင် ဒုတိယ အကြီးဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အင်အားကြီးနိုင်ငံ တွေ အဖြစ် ထွက်ပေါ်လာနေတဲ့ အိန္ဒိယ၊ တရုတ် နိုင်ငံအပါအဝင် နိုင်ငံ ၅ နိုင်ငံအကြားမှာ မဟာဗျူဟာကျကျ ရှိနေတဲ့ တိုင်းပြည် တခု ဖြစ်ပါတယ်။
အရင် စစ်အစိုးရက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေအပေါ် သွေးထွက်သံယို ဖြိုခွင်းခဲ့တာကြောင့် ADB ၊ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံ တကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က အကူအညီတွေကို နှစ်ပေါင်း ၂၅ နှစ်နီးပါး ဖြတ်တောက်ခဲ့ပါတယ်။ အခုနှစ်မှစပြီး မြန်မာနိုင်ငံနဲ့ စတင်ပြန်လည်ထိတွေ့နေကြပါတယ်။ ဒါပေမယ့် ပထမဆုံး လုပ်ရမယ့် အလုပ်က ADB နဲ့ တခြား အေဂျင်စီတွေအပေါ်မှာ မြန်မာ အစိုးရပေးချေဖို့ ရှိနေတဲ့ သန်းပေါင်းများစွာသော ဒေါ်လာငွေကို ရှင်းပစ်ရမယ့် အလုပ်ပါ။ ဒီအလုပ်က တနှစ် သို့မဟုတ် ဒီထက်မက ပိုကြာနိုင်ပါတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို“အစီအစဉ်တကျ သေသေချာချာ” လုပ်ဆောင်ဖို့ လိုအပ်ပါတယ်လို့ မတ်လတုန်းက သတိပေးခဲ့ ပါတယ်။
၂၀၁၁ ခုနှစ် မတ်လမှာ အစိုးရ တာဝန်စယူကတည်းက ဥပဒေသစ်ပေါင်း ၂၆ ခုကို ထုတ်ပြန်ခဲ့ပြီးဖြစ်သလို နောက်ထပ် ၂ ဒါဇင် လောက် လည်း နိုင်ငံတော်ရှေ့နေချုပ်ရုံးမှာ အတည်ပြုပေးဖို့ စောင့်နေဆဲဟု အဲဒီမူကြမ်းတွေကို တွေ့ခဲ့ရတဲ့ ရိုက်တာ သတင်း ထောက် တွေရဲ့အဆိုအရ သိရပါတယ်။ အဲဒီမူကြမ်းတွေကို များသောအားဖြင့် သမ္မတ စီးပွားရေးအကြံပေးအဖွဲ့က ပြင်ဆင်ရေး သား တာပါ။ စက်မှုဝန်ကြီး ဦးစိုးသိန်း အဆိုအရ အဲဒီအဖွဲ့မှာ ဝန်ကြီးအဖွဲ့ဝင်တွေ၊ တသီးပုဂ္ဂလိက စီးပွားပညာရှင် စုစုပေါင်း ၂၀ လောက်ပါတဲ့ အဖွဲ့ဖြစ်ပြီး တလတကြိမ် သမ္မတနဲ့ အစည်းအဝေး ကျင်းပတယ်လို့ သိရပါတယ်။
ဖွံ့ဖြိုးရေးဆိုင်ရာ ပညာရှင်တချို့က စိုးရိမ်နေတာက သေသေချာချာ မလေ့ကျင့် မသင်ကြားထားဘဲ အလုပ်ဝန် ပိနေတဲ့ အစိုးရ အရာရှိတွေက ဖန်တီးလိုက်တဲ့ ပေါ်လစီအမှားတွေကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ခေါင်းမာဂိုဏ်းသားတွေ ပြန်အသာစီးရမှာကိုပါ။
၁၅ နှစ် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့ ပါလီမန်အမတ် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန်လ ၁ ရက် ဘန်ကောက် မိန့်ခွန်းမှာ အားနည်းတဲ့ တရားရေးစနစ်၊ တရားဥပဒေ စိုးမိုးမှုအားနည်းချက်တွေကို ထောက်ပြပြီး“အဆင်အခြင်မဲ့ အကောင်းမြင်ဝါဒ”ချည်း မမြင်ဖို့ ပြောဆိုခဲ့ပါသေးတယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ ဥပဒေရေးဆွဲတဲ့အခါ ဒီထက်ပိုပြီး ပွင့်လင်းမြင် သာ ဖြစ်သင့်တယ်လို့လည်း အကြံပြုပါတယ်။
ငွေနှေး
ပြစ်ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ခဲ့တဲ့ နှစ် ၂၀ နှစ်အတွင်း ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍက ခပ်ရှင်းရှင်းပဲ။ ပိုက်ဆံထိုင်ရေတဲ့ အလုပ်ကလွဲလို့ ကျန်တာ ဘာမှ မလုပ်ပါဘူး။
လူ အနည်းအကျဉ်းလောက်ပဲ ချက်လက်မှတ် အသုံးပြုပါတယ်။ စီးပွားရေးသမားတွေက ပိုက်ဆံကို အိတ်တွေနဲ့ထည့်ပြီး ဘဏ်မှာ လာအပ်ကြပါတယ်။ စီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ယူတာ မရှိသလောက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပြီးခဲ့ တဲ့ ဧပြီလအထိ ဒေါ်လာနဲ့ မြန်မာကျပ်ငွေတန်ဖိုးဟာ မှောင်ခိုဈေးကွက်ပေါက်ဈေးထက် အဆ ၁၀၀ ကျော် တန်ဖိုးမြှင့်ထားပြီး ကိန်း သေ သတ်မှတ်ထားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံကြတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတချို့ မျက်စိလည်စေခဲ့တဲ့ ငွေကြေး လဲလှယ်နှုန်း စနစ်တခုပါ။
အခုတော့ အဲဒါတွေအားလုံး ပြောင်းလဲနေပါပြီ။ ဗဟိုဘဏ်အရာရှိတဦးရဲ့ အပြောအရဆိုရင် လာမယ့်နှစ်ကြရင် ဗဟိုဘဏ်ကို ဘဏ္ဍာရေး ဝန်ကြီး လက်အောက်ကနေ သီးခြားကင်းလွတ်ခွင့်ပေးမယ့် ဥပဒေသစ် ရှိလာမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့အကြီး မားဆုံး ပြုပြင်ပြောင်းလဲမှုတွေထဲက တခုအဖြစ် ဧပြီ ၂ ရက်နေ့မှာ မြန်မာကျပ်ငွေကို ဈေးကွက်ထဲ မျှော ခဲ့ပါတယ်။ ဇူလိုင်မှာ နိုင်ငံ တဝန်း စာရင်းရှင် ငွေထုတ်ကတ် (Debit card)တွေ စထုတ်မယ်လို့လည်း သိရပါတယ်။ နိုင်ငံတကာ ဘဏ် ချိတ်ဆက်မှုကို လာ မယ့် နှစ်မှာ စပါမယ်။ ဒီထက်လည်း စောနိုင်ပါတယ်။
“ကျနော် စစ်သား ဘဝတုန်းကလည်း စိန်ခေါ်မှုတွေ ရှိခဲ့တာပဲ”လို့ အသက် ၅၆ နှစ်အရွယ် ဘဏ် ဒု အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး ဟောင်း ဦနေအေး က ပြောပါတယ်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှာ ဦးနေအေးဟာ ဗဟိုဘဏ် ဌာနချုပ်ကို ရန်ကုန်ကနေ မြောက်ဘက် ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ခန့်ဝေးတဲ့ မြို့တော်သစ် နေပြည်တော်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဝန်ကြီးဌာန အဆောက်အအုံ ၊ အစိုးရ တိုက်ခန်း၊ ဝန်ထမ်း အိမ်ရာ ၊ သမ္မတ အိမ်တော် စသဖြင့် ရှိပါတယ်။
ဘဏ် အဆောက်အအုံကို တောင်ကုန်းထိပ်ပေါ်တွင် အခန့်သား မြင်တွေ့နိုင်တယ်။ မြက်ခင်းပြင်၊ ရေပန်း၊ ဝါယာကြိုး ခြံစည်းရိုး စသဖြင့် ခမ်းခမ်းနားနား ပြင်ဆင်ထားပါတယ်။ အကြီးတန်း ဗျူရိုကရက်တွေရဲ့ ဇိမ်ခံအိမ်တွေကို အပေါ်စီးကနေမြင်ရပြီး ခပ်လှမ်း လှမ်း မှာတော့ နွားနဲ့ဖက်ပြီး လယ်လုပ်နေရတဲ့ လယ်သမားတွေ၊ သူတို့နေတဲ့ သက်ငယ်မိုး တဲအိမ်တွေကိုလည်း တွေ့ရပါတယ်။
ဗဟိုဘဏ်ရဲ့ ရန်ကုန်ဘဏ်ခွဲမှာတော့ နေ့စဉ် နိုင်ငံခြားငွေလဲလှယ်ခြင်းလေလံပွဲ ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဘယ် အဆင့် အထိ ရောက်နေပြီ၊ ဘယ်လောက်အထိ ဆက်သွားရမလဲဆိုတာ သိနိုင်ပါတယ်။ ရုံးခန်းကျဉ်းကျဉ်းလေးတခုမှာ နေ့စဉ် မနက် ရှစ်နာရီခွဲတာနဲ့ ဘဏ် ၁၁ ခုက အရာရှိတွေဟာ စာသင်ခန်းထဲကလို လက်တင်စားပွဲခုံနဲ့ အတန်းလိုက် ထိုင်ကြပါတယ်။ အဲဒီနောက် သူတို့လိုတဲ့ ကျပ်ငွေပမာဏကို ကမန်းကတန်းရေး၊ စာအိတ်ထဲ ထည့်ရပါတယ်။ အဲဒီနောက် ဝရန်တာမှာ စောင့်ရပါတယ်။
စာအိတ်တွေကို နောက်ထပ် ဘဏ် ဒု အုပ်ချုပ်ရေးမှူး တဦးဖြစ်သူ ဦးမောင်မောင်အေး နဲ့ တခြားအကြီးတန်း ဘဏ်လုပ်ငန်းရှင်တွေက ဖွင့်ပါတယ်။ ဇယားအတက်အကျတွေနဲ့ ရှုပ်နေတဲ့ ကွန်ပျူတာတွေ၊ တယ်လီကွန်ဖရင့် တွေတော့ မရှိပါဘူး။ အားကောင်းနေဆဲ မှောင်ခိုဈေးကွက်ပေါက်ဈေးကို စုံစမ်းဖို့ တယ်လီဖုန်းတလုံးပဲ စားပွဲဝိုင်းပေါ်မှာ ရှိပါတယ်။ IMF အရာရှိတဦးကတော့ ပုံမှန် လာပါတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ ဦးမောင်မောင်အေးက ဘဏ်လုပ်ငန်းရှင်တွေကို ဒီကနေ့ ငွေလဲလှယ်နှုန်းကို ထုတ်ပြန်ကြေညာ ဖို့ ခေါ်လိုက်ပါတယ်။
အခုလို ရှေးဦးစနစ် လေလံပွဲဟာ အရင်ငွေလဲနှုန်းစနစ် ထက်တော့ အများကြီး အားသာပါတယ်။ အရင် စနစ်ဟောင်းဟာ နိုင်ငံခြား သား ရင်းနှီးမြုပ်နှံ သူများအတွက် အတားအဆီးတခုဖြစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ငွေကြေးအကူအညီ၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်နဲ့ IMF ရဲ့ အကူအညီတွေနဲ့ဆိုရင် အခုလက်ရှိအသုံးပြုနေတဲ့ စနစ်ဟာ တဖြည်းဖြည်းနဲ့ ခေတ်မီ လာမယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ဦးမောင်မောင်အေး က ပြောပါတယ်။
ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မြန်မြန်ထက်ထက်လုပ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံခြားငွေကြေး ပမာဏဟာ သိသိသာသာ ကို မြင့်တက်လာနေပါတယ်။ ဧပြီလတုန်းက တရက်ကို ငွေလဲလှယ်နှုန်း ပမာဏ ဒေါ်လာ ၁ သန်း ရှိရာက မေလမှာဆို ၁၀ သန်း အထိ တိုးမြင့် လာနေခဲ့ပါတယ်။
ရိုက်တာ သတင်းထောက် Jason Szep ရေးသားပြီး Michael Williams တည်းဖြတ်သော Breakneck reform pace overloads Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။