ပုဂ္ဂလိက ဘဏ်များကို LC ဖွင့်ခွင့်ပေး၍ ကုန်သွယ်မှု မြန်ဆန်နိုင်
This article has been converted from Zawgyi One to Unicode
နိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေဖြင့် ငွေလဲလက်မှတ် စာရင်း (Letter of Credit – LC) ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်းပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်လာနိုင်ကြောင်း သိရသည်။
နိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့သည့် ရက်သတ္တပတ်မှစပြီး ပုဂ္ဂလိက ဘဏ်လုပ်ငန်းများဖြစ်သည့် ကမ္ဘောဇဘဏ် လီမိတက်၊ ယူနိုက်တက် အမရာဘဏ် လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်နှင့် ဧရာတီဘဏ် လီမိတက်တို့ကို နိုင်ငံခြား ဘဏ်စာရင်း ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ် ၁၃ ခုတို့ကိုလည်း ဆက်လက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။
“ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာ ငွေပေးချေတဲ့နေရာမှာ အရင်က Telegraphic of Transfer – TT (ကြိုတင်ငွေပေးချေ) စနစ်နဲ့ပဲ လုပ်လို့ရတယ်။ ဒါတောင် အစိုးရပိုင်ဘဏ်တွေဖြစ်တဲ့ MICB (မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်) နဲ့ MFTB (မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်) တွေမှာပဲ ဒီဟာနဲ့ စာရင်းဖွင့်ရတာ။ TT စနစ်က လုပ်လို့တော့ ရပါတယ်။ ဒါပေမယ့်စရိတ်က ကြီးတယ်။ ဘာလို့လဲဆိုတော့ ကုန်သည်က ကုန်ပစ္စည်းအတွက် လိုအပ်တဲ့ငွေကြေးကို ဦးစွာအရင်းအနှီး စိုက်ထုတ်ရပြီးတော့ ကုန်ပစည်းအတွက် ကျသင့်ငွေကို ပစ္စည်းရောက်ရှိပြီးတော့မှ ရတဲ့အတွက် အရင်းက ၂ ခါရင်းရတဲ့သဘော ရှိတာကြောင့်ပါ” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက ဆက်လက်၍ “ဒါကြောင့် အခုဆိုရင် Letter of Credit စနစ်နဲ့ ငွေစာရင်းဖွင့်လို့ ရပြီဆိုတော့ ကုန်သည်တွေအနေနဲ့ စာရိတ်သက်သာမှု ရှိစေပါတယ်။ ဘာလို့လဲဆိုတော့ LC စနစ်အရ ကုန်သည်အနေနဲ့ ကုန်ပစ္စည်းမပို့ခင် ကတည်းက ကုန်ပို့လွှာအတွက် ငွေကြေးကို ကြိုတင်ရရှိတာဖြစ်လို့ အရင်းအနှီး စိုက်ထုတ်ရတဲ့နေရာမှာ ကုန်ကျစရိတ်က သိပ်များတော့ဘူး။ဒါကြောင့် ဒီဟာကို အရင်ကတည်းက အကောင်အထည်ဖော်ဖို့ ကောင်းပါတယ်”ဟု ဆိုသည်။
ပုဂ္ဂလိကဘဏ်များတွင် LC စနစ်ဖွင့်ခွင့်ပေးလိုက်သည့်အတွက် အစိုးရဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်သည့်အရေအတွက် ကျသွားနိုင်ကြောင်း၊ ပုဂ္ဂလိကဘဏ်များက ပို၍ လည်ပတ်မှု မြန်ဆန်ပြီး ၎င်းတို့ဘဏ်တွင် အကောင့်လာဖွင့်စေရန် ဝန်ဆောင်မှု အပြည့်ပေးမည်ဖြစ်သည့်အပြင် အစိုးရဘဏ်များကဲ့သို့ အချိန်ကြန့်ကြာမှု ရှိမည်မဟုတ်ကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်တခုမှ တာဝန်ရှိသူတဦးက “ခင်ဗျား Import လုပ်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ရှိစရာမလိုဘူး။ ၅၀ ရာခိုင်နှုန်းရှိရင် ကျနော်တို့ Import အတွက် မှာပေးမယ်။ အဲဒါမျိုးလုပ်ပေးမယ်။ Export လုပ်တဲ့နေရာမှာလည်း Export financing အတွက် အကုန်လုံး မဟုတ်တောင် ၅၀ ရာခိုင်နှုန်းကို ကျနော်တို့ ငွေချေးပေးမယ်။ ဒါကြောင့် Export and Import အတွက် Financing လုပ်ပေးမယ်ဆိုရင် အစိုးရဘဏ်ကလူတွေ ဒီအတိုင်းကို ထိုင်နေရမှာ” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အစိုးရကလည်း ဒါကို ခွင့်ပြုရမှာဖြစ်ပြီးတော့ အားပေးရမယ်။ နောက်ဆုံး အစိုးရဘဏ်တွေဖြစ်တဲ့ MICB ဘဏ်နဲ့ MFTB ဘဏ်တွေကိုတောင် Privatization (ပုဂ္ဂလိကပိုင်) အနေနဲ့ ပြောင်းပစ်ရမယ်” ဟု ဆိုသည်။
ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးစံသိန်းက “ဘဏ်လုပ်ငန်း ဖွံ့ဖြိုးမှုရှိတဲ့ နိုင်ငံတွေဆီက ဘဏ်လုပ်ငန်းတွေမှာဆိုရင် LC စာရင်းဖွင့်ပြီး Export ပို့မယ် ဆိုရင် Shipping document (သင်္ဘောတင်ပို့ခွင့် အထောက်အထား) တွေ တင်ရတယ်။ LC ထဲမှာပါတဲ့အတိုင်း ဘဏ်ကို တင်ပြလိုက်တာနဲ့ ဘဏ်က အဲဒီ့လူကို ငွေထည့်ပေးလိုက်တယ်။ တဖက်ဝယ်သူက ငွေမပေးသေးဘူး။ ပစ္စည်းလည်း မရောက်သေးဘူး။ ဘဏ်က ကြားခံအနေနဲ့ Risk ယူလိုက်တာဖြစ်တယ်။ ပြီးတော့ ဘဏ်ကနေ လှမ်းအကြောင်းကြားလိုက်တယ်။ ငါတို့ ဒီဖက်ကလူကို ပိုက်ဆံပေးလိုက်ပြီ။ ဒီတော့ တဖက်နိုင်ငံမှာရှိတဲ့ ဘဏ်ကလည်း ပို့လိုက်တဲ့ဘဏ်ဆီကို Credit ပေးလိုက်တယ်။ ပြီးတော့မှ သူ့ဘက်က Importer ကို ခေါ်ပြောမယ်။ ခင်ဗျား Import လုပ်ထားတဲ့ ပစ္စည်းတွေ ရောက်နေပြီ။ Shipping document တွေလာရွေးပါ။ ဒီတော့ အဲ့ဒီလူက ဘဏ်နဲ့ သဘောတူညီထားတဲ့အတိုင်း ကိုယ်က Import လုပ်တယ်ဆိုရင် ၂၅ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်း သွင်းထားရင်ရတယ်။ ဒါမျိုး ကျင့်သုံးနေကြ တာပါ”ဟု ရှင်းပြသည်။
“ဒါကြောင့် ပုဂ္ဂလိကဘဏ်တွေမှာလဲ ဒီလိုစနစ်မျိုးတွေ ပေါ်လာတော့မှာဖြစ်လို့ ဒါဟာ တိုင်းပြည်ရဲ့စီးပွားရေးအတွက် ကောင်းတဲ့အလားအလာပါပဲ။ ဘာလို့လဲဆိုတော့ ကုန်သည်တွေအနေနဲ့ ငွေကြေးလုံလောက်မှုမရှိလို့ Export နဲ့ Import မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည်ပဲ နစ်နာမှာလေ။ ဘဏ်တွေ အနေနဲ့ကလည်း ပြည်သူတွေ သူ့ဆီမှာ ငွေလာစုလာအောင် ဘဏ်တိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်တဲ့နေရာမှာ စစ်မှန်တဲ့အပေါင်း လက္ခဏာပြ အတိုးနှုန်းဖြစ်ဖို့ လိုပါတယ်။ဒီအတိုးနှုန်းဖြစ်ဖို့အတွက်လဲ အတိုးနှုန်းက ငွေဖောင်းပွမှုနှုန်းထက် နည်းနည်းလေး သာရမယ်” ဟု ဦးစံသိန်းက ဆိုသည်။
ထိုသို့မဟုတ်လျှင် ကုန်သည်များက ဘဏ်သို့ မလာတော့ဘဲ အကျိုးဆောင်များထံသာ သွားကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် သင့်လျော်သော ငွေဖောင်းပွမှုနှုန်းဖြစ်အောင် ထိန်းပေးရမည်ဖြစ်ကြောင်း၊ ဗဟိုဘဏ်၏ ငွေကြေးဆိုင်ရာ မူဝါဒက ငွေဖောင်းပွမှုနှုန်းကို အမြဲစောင့်ကြည့်ကာ ငွေကြေး ပမာဏကို အတိုးအလျှော့ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။