စီးပွားရေး

မြန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

“အဓိက ကတော့ မြန်မာပြည်က ဆန်အရည်အသွေး နိမ့်လာတာ ဆန်စက်တွေကြောင့်လည်း ပါတယ်။ ဆန်စက်တွေက အခင်း ခင်းတာက အစ စနစ်တကျ မခင်းဘူး။ စပါး ကုန်သည်တွေက စပါးပုံပေါ် အိပ်တယ်၊ ဖိနပ်တွေ စီးတယ်။ ဒီဆန်တွေကို ရဟန်းရှင်လူတွေက စားသုံးတယ်။ အိန္ဒိယ နိုင်ငံမှာဆိုရင် ဆန်စက်ထဲ သွားတာတောင် ဖိနပ်ချွတ်သွားရတာ။ ဒီလိုပုံစံမျိုးနဲ့ ကမ္ဘာမှာ ဘယ်လိုအရည်အသွေးနဲ့ မြန်မာ့ဆန်ကို လက်ခံနိုင်မလဲ” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

နိုင်ငံတော်အနေဖြင့် ဆန်စပါးကို ရသင့်ရထိုက်သော ဈေးနှုန်းရရှိရေး၊ အရည်အသွေး ကောင်းစေရန် တိုးချဲ့စိုက်ပျိုးရေးများ ပြုလုပ်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် မြန်မာ့ဆန် အရည်အသွေး မကောင်းခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က တိုင်တန်းခြင်းများ ရှိလာပြီး မြန်မာပြည်မှ ဆန် တင်ပို့ခွင့် ပိတ်သည့်အထိ ဖြစ်လာကြောင်း ပြည်ထောင်စု ဝန်ကြီးက ယခင်တပတ်တွင် ကျင်းပသည့် ဆန်စပါးအသင်း နှစ်ပတ်လည် အခမ်းအနားတွင် ပြောဆိုသွားသည်။

ဆန်စပါး အရည်အသွေး ကောင်းမွန်စေရေးနှင့် ပက်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း စိုက်ပျိုးထုတ်လုပ်မှု အပိုင်း တိုးတက် ဖွံဖြိုးရေးအတွက် စိုက်ဧက တိုးချဲ့ စိုက်ပျိုးသည့် နည်းလမ်းအပြင် အထွက်နှုန်း ပိုမိုထွက်ရှိရန် နည်းစနစ် မှန်ကန်စွာ စိုက်ပျိုးသည့် နည်းလမ်း လိုအပ်ကြောင်း၊ အဓိက သွင်းအားစု ဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ် ရွေးချယ်စိုက်ပျိုးခြင်း၊ ခေတ်မီ စက်ကိရိယာများ အသုံးပြုခြင်း၊ လိုအပ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုခြင်း စသည်တို့ လိုအပ်ကြောင်း ပြောသည်။

ခေတ်မီ ဆန်စက်များနှင့် ကြိတ်ခွဲမှသာ ဆန်အထွက်နှုန်း ကောင်းမွန်မည် ဖြစ်ပြီး ဆန် အရည်အသွေး ကောင်းမွန် ကာ ဈေးကွက်လည်း ဝင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၅ တန် အထက် ကြိတ်ခွဲနိုင်သည့် ဆန်စက်ကြီး ၁၂၀၀ ကျော်ခန့်ရှိပြီး ၂၅ မတ်တန် အထက် ကြိတ်ခွဲနိုင်သည့်ဆန်စက်၂၉၆ ခုရှိကြောင်း၊ စူပါ ၅ နှင့် စူပါ ၁၀၀ ကြိတ်ခွဲနိုင်သည့် စက် ၅၈ လုံးရှိပြီး ခေတ်မီ ဆန်စက်များ တိုးချဲ့ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က “လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ ဆန်က အရည်အသွေး မကောင်းတဲ့အပြင် ဆန်စပါး စိုက်ပျိုးတဲ့ နိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတွေထက် စိုက်ပျိုး ကုန်ကျစရိတ် တွေက ပိုများနေတယ်။ ဒီလို ပိုများနေခြင်း ဟာလည်း ဧက အထွက်နှုန်း နည်းတဲ့ အတွက်ကြောင့် ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဆန် အရည်အသွေး အလွန် အားနည်းနေသောကြောင့် ပြည်ပရောင်းဈေးသည် တခြားနိုင်ငံများထက်
ရာခိုင်နှုန်း ၃၀ မှ ၁၀၀ အတွင်း လျော့နည်း သည်ကိုတွေ့ရကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံမှ ဆန်စပါးကို ဦးစားပေး ဝယ်ယူခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

၂၀၀၇-၂၀၀၈ ခုနှစ်တွင် ဆန်တန်ချိန် ၃ ဒဿမ ၃၈၅ သိန်း၊ ၂၀၀၈ -၂၀၀၉ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်းခန့်၊ ၂၀၀၉ –
၂၀၁၀ တွင် ဆန်တန်ချိန် ၈ ဒဿမ ၉ သိန်းခန့်၊ ၂၀၁၀ – ၂၀၁၁ တွင် ဆန်တန်ချိန် ၅ ဒဿမ ၃ သိန်းခန့်၊၂၀၁၁ – ၂၀၁၂ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒဿမ ၉ သိန်းကျော် ပြည်ပသို့ တင်ပိုခဲ့ရာ အရည်အသွေး အသားပေးသည့် ဆန်စပါး ဈေးကွက်ကို အခြေခံပြီး တင်ပို့နေသည့် နိုင်ငံများကဲ့သို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောသည်။

ယခုနှစ် ဧပြီလကုန်မှ ဇွန်လအထိ တရုတ် – မြန်မာ နယ်စပ်မှတဆင့် ဆန်တန်ချိန် ၉၇၇၉၄ နှင့် ဆန်ကွဲတန်ချိန် ၁၅၆၆ ပို့ခဲ့ကြောင်း စီးပွားကူးသန်း စာရင်းများအရ သိရသည်။

ယခုလက်ရှိ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ ထိုင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ထိုင်းနိုင်ငံ ဆန်စပါး ထုတ်လုပ်သူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာ့ဆန်ကိုသာမက မြန်မာပြည်မှ အသားတင်ပို့မှုကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading