စီးပွားရေး

မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ ထိုင်း ကူညီမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်လာမည့်  မြန်မာနိုင်ငံအား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွင် စွမ်းရည်မြှင့်တင်ရန်နှင့် အခြေခံ အဆောက်အအုံ တိုးတက်ရေး ထိုင်းနိုင်ငံမှ ကူညီမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည့် ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်၏ နှစ်နိုင်ငံ ပူးတွဲကျေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ လန်ချာဘန်ရှိ ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ကို သွားရောက်လေ့လာခဲ့သည့်အပြင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ၃ ခု ထိုးခဲ့ပြီး ယနေ့တွင်မူ  မြဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။

လန်ချာဘန် ရေနက်ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် ကုန်တင်ကုန်ချ အများဆုံးလုပ်ကိုင်ရသည့် ဆိပ်ကမ်းများတွင် အဆင့် ၂၂ ရှိပြီး ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်တွင် ပါဝင်ကာ ကမ္ဘာကျော် Ford ကားကုမ္ပဏီ အပါအဝင် Samsung ကုမ္ပဏီကြီးများ၏ စက်ရုံများလည်းရှိသည်။

ယမန်နေ့က နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံရာတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး အီတာလျံ-ထိုင်း ကုမ္ပဏီ အပါအဝင် ရပ်ဆိုင်းထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ဆက်လက် ဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။

လာမည့် သြဂုတ်လအတွင်း အစိုးရဝန်ကြီး တဦးစီပါဝင်သည့် ပူးတွဲအလုပ်အဖွဲ့က စီမံကိန်းနှင့် ပတ်သက်သည့် အမြင်သဘောထား ကွဲလွဲမှုများကို ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ထိုင်းအစိုးရ အဖွဲ့ဝင်များနှင့်သာမက ထိုင်းထိပ်တန်း စီးပွားရေးကုမ္ပဏီကြီးများဖြစ်သည့်  စိုက်ပျိုးရေး ထုတ်ကုန်ဆိုင်ရာ ကော်ပိုရေးရှင်း CP, ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် Siam Cement Group (SCG) အပါအဝင် ထိုင်းစွမ်းအင်ကုမ္ပဏီ (PTTE) တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

CP ကုမ္ပဏီက လာမည့် သုံးနှစ်အတွင်း မြန်မာ့ လယ်ယာထွက်ကုန်နှင့် ဆန်စက်များအရည် အသွေးမြှင့်တင်ရန်၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုတိုးတက်စေရန်နှင့် သားငါးထုတ်ကုန်ကဏ္ဍတို့တွင် အမေရိကန်ဒေါ်လာ သန်း ၅၅၀ (ထိုင်း ဘတ်သန်း ၁၆.၅) ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည်။

CP ကော်ပိုရေးရှင်း ဒု ဥက္ကဋ္ဌ အဒိရက် စရီ ပရထပ်က် က “နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို လက်ခံပြီး အစိုးရ တံခါးဖွင့်ဝါဒ ကျင့်သုံးကတည်းက မြန်မာစီးပွားရေးဟာ တိုးတက်နေတယ်။ ဒါကြောင့် စီးပွားရေး အခွင့်အလမ်းတွေကို ဖန်တီးနိုင်မယ်လို့ ယုံကြည်တယ်” ဟု ပြောကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။

၁၉၉၆ ခုနှစ်ကတည်းက မြန်မာလယ်ယာထွက်ကုန် လုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍတွင်  ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့ရာ ယခုဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖြစ်ကြောင်း၊ အနာဂတ်တွင်လည်း ပိုမို ရင်းနှီးမြုပ်နှံမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

SCG ကလည်း ဘိလပ်မြေ ထုတ်လုပ်ရေးကဏ္ဍတွင် ထိုင်းဘတ် ၁၀ သန်း မြုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ လျင်မြန်စွာ တိုးတက်စေရေးနှင့် လွတ်လပ်သောဈေးကွက် ဖြစ်ရေးတို့တွင် ပံ့ပိုးကူညီမည်ဖြစ်သည်။

SCG  ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အရာရှိချုပ် ကန် သရကွန်ဟွန်းက လွန်ခဲ့သည့် နှစ်လခန့်က မြန်မာအစိုးရထံတွင် ရင်းနှီး မြုပ်နှံမှုအတွက် လိုင်စင်လျှောက်ခဲ့ကြောင်း၊ ရှင်းလင်းတိကျသည့် ရင်းနှီးမြုပ်နှံမှု ဥပဒေထွက်ပေါ်လာရန် စောင့်နေကြောင်း၊ ယခုအခါ မြန်မာအစိုးရက လွှတ်တော်တွင် ပြင်ဆင်မှုပြုလုပ်နေကြောင်း၊ ထိုဥပဒေ ထွက်ပေါ်လာလျှင် ရင်းနှီးမြုပ်နှံရန် အသင့်ရှိကြောင်း ဆိုသည်။

ယနေ့တွင် မြန်မာအလုပ်သမားဝန်ကြီး ဦးအောင်ကြည်သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားများအရေးနှင့် ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များကို ပထဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးကြောင်း မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည့် GHRED အဖွဲ့မှ ဦးထူးချစ်က ပြောသည်။

“ပတ်စ်ပို့နဲ့ ခရီးသွားမရတာတွေ၊ ကိုယ်ဝန်ဆောင်တွေကို မြန်မာပြည်ပြန်ပို့မယ့် ကိစ္စတွေကို ဝန်ကြီးနဲ့ပြောဖြစ်တယ်။ ထိုင်းအလုပ် သမားဥပဒေအရ ယာယီနိုင်ငံကူး လက်မှတ်ရှိရင် သွားရတယ်လည်း ဆိုပေမယ့် အခုသွားမရဘူး။ အဲဒီတော့ ထိုင်းတွေက သူတို့ရေးတဲ့ဥပဒေကို သူတို့ ပြန်ချိုးဖောက်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထိုင်းအစိုးရမှ ပြဋ္ဌာန်းမည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကိုယ်ဝန် သုံးလရှိလျှင် မြန်မာနိုင်ငံသို့ ပြန်၍ မီးဖွားရမည်ဆိုသည်မှာ အမျိုးသမီးနှင့် ကလေးအခွင့်အရေးကို ဆန့်ကျင်နေကြောင်းကိုလည်း ဝန်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

ယနေ့ တွေ့ဆုံပွဲကို ချင်းမိုင်အခြေစိုက် MAP အဖွဲ့ ၊ UNDPI, Burmese Association  Thailand (BAT) နှင့် Regional Maekong Migration Network အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading