စီးပွားရေး

အထည်ချုပ် စက်ရုံ ၂၀၀ နီးပါး အရှုံးပေါ်

This article has been converted from Zawgyi One to Unicode

ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းမှုနှင့် ဒေါ်လာဈေး မတည်ငြိမ်မှုတို့ကြောင့် မြန်မာနိုင်ငံတွင် ချုပ်လုပ်၍ ပြည်ပ တင်ပို့နေသော အထည်ချုပ် စက်ရုံ ၁၈၀ ကျော်တို့ ယခုနှစ်အတွင်း အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

ထိုစက်ရုံများအနေဖြင့် ထုတ်လုပ်မှု စွမ်းအား ကျဆင်းသဖြင့် တလလျှင် စက်ရုံအလုပ်သမား တဦး၏ ပျမ်းမျှနှုန်းထား ကျပ် ၂၀၀၀ မှ ၃၀၀၀ အတွင်း လုပ်အားခများ ဆုံးရှုံးနေပြီး ဒေါ်လာဈေး တည်ငြိမ်မှု မရှိခြင်းကြောင့်လည်း ထိခိုက်နစ်နာမှု ရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“ဒေါ်လာဈေး မငြိမ်တာရယ်၊ ထုတ်လုပ်အားကျတာရယ်၊ ချုပ်ခဈေး မရတာရယ်၊ Export စက်ရုံတွေ အကုန်လုံးက အရှုံးပေါ် နေကြတယ်” ဟု ဦးမြင့်စိုးက ပြောသည်။ ထိုစက်ရုံ ၁၈၀ ကျော်တွင် အလုပ်သမား ဦးရေ ၁ သိန်းကျော် အသုံးပြုထား သည်ဟု သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ကုမ္ပဏီ အုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေခြင်းဖြစ်၍ ချုပ်လုပ်ပြီး အထည်များကို တောင်ကိုးရီးယား၊ ဂျပန် နှင့် လက်တင် အမေရိက နိုင်ငံများသို့ တင်ပို့ခဲ့ရသည်။

မြန်မာ အစိုးရအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသော်လည်း ယခုနှစ်အတွင်း ထိုင်း၊ တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံတို့မှ လာရောက် လုပ်ကိုင်မည့် အထည်ချုပ်စက်ရုံ ၅ ခုခန့်သာ ရှိသေးကြောင်း၊ ဥရောပ အခြေစိုက် ကုမ္ပဏီများ အနေဖြင့် လာရောက်မေးမြန်း မှုသာရှိပြီး အကောင်ထည်ဖော်ရန် ညှိနှိုင်း ပြောဆိုမှု မရှိသေးကြောင်း ဦးမြင့်စိုးက ပြောသည်။

“အထည်ချုပ်လုပ်ငန်း ဦးမော့လာဖို့ ဆိုရင် ဈေးကွက်ကောင်းဖို့ လိုတယ်၊ ငွေဈေးကလည်း ထိုက်သင့်တဲ့ လဲလှယ်မှုနှုန်း ရောက်ဖို့ လိုတယ်၊ အလုပ်သမား တွေကလည်း လုပ်ခလစာ ပိုတောင်း၊ ပိုရပြီးရင် ကြိုးစားပြီး လုပ်ကြဖို့လိုတယ်” ဟု သူက ရှင်းပြသည်။

ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် ၂၀၀၉ နှစ်လယ်ပိုင်းက မြန်မာနိုင်ငံတဝန်း စက်ရုံ ၁၂၀ သာ လည်ပတ် နိုင်ခဲ့ရာက ၂၀၁၀ ဇွန်လမှ စ၍ အထည်အမှာများ တက်လာသဖြင့် အထည်ချုပ် လုပ်ငန်းထဲသို့ လုပ်ငန်းရှင်များ ပိုဝင်လာခဲ့ကြကြောင်း၊ ၂၀၁၂ ခုနှစ်ထဲတွင် ထုတ်လုပ်မှု ကျဆင်းခြင်း၊ ဒေါ်လာဈေး မတည်ငြိမ်ခြင်းတို့ကြောင့် စက်ရုံတချို့ ရပ်ဆိုင်းခဲ့ရကြောင်း သူကဆိုသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်း အခြေစိုက် အထည်ချုပ်စက်ရုံများတွင် အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားများ အပေါ် တင်းကျပ် ဖိနှိပ်ထားသော စည်းမျဉ်းစည်းကမ်းများကို ပြုပြင်ပေးရန် စက်ရုံပေါင်း ၅၀ ကျော်ရှိ အလုပ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ယခုအခါ မြန်မာနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားများ၏ အခြေခံလုပ်ခလစာကို နိုင်ငံတကာ စံနှုန်းအတိုင်း တလ ကျပ် ၅၇၀၀၀ သတ်မှတ်ပေးရန် အတည်ပြုလိုက်ပြီ ဖြစ်သည်။

၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှ ၂၀၀၉ ခုနှစ် နှစ်လယ်အထိ အထည်ချုပ်စက်ရုံ ၁၇၁ ရုံရှိခဲ့ပြီး ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်လာပြီးနောက် စက်ရုံ ၁၂၀ အထိ လျော့ကျ သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့် အမြတ်ရရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

စစ်တပ်မှ အရပ်ဝတ်သို့ ပြောင်းလဲခဲ့သည့် ခေါင်းဆောင် တချို့က အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းများသာ မက၊ အထည်ချုပ်လုပ်သားများပါ ထိခိုက်နစ်နာရသည်ဟု ပြောဆိုမှုများလည်း ရှိသည်။

မြန်မာပြည်မှ သွင်းကုန်များ အပေါ် အမေရိကန်နိုင်ငံက ပိတ်ပင်ထားမှုကို ရုပ်သိမ်းရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) အဖွဲ့ဝင် လုပ်ငန်းရှင်ကြီး များက လိုလားနေပြီး အထူးသဖြင့် အထည်ချုပ် လုပ်ငန်းမှ ထွက်ကုန်များ တင်ပို့ခွင့် ပိတ်ပင်ထားမှုကို ဖွင့်ပေးစေချင်ကြောင်း၊ ၎င်းလုပ်ငန်းသည် မြန်မာအမျိုးသမီး များ၏ စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတခုဖြစ်ကြောင်း၊ ပြည်ပပို့ကုန် လုပ်ငန်းများ တိုးတက် ဖွံ့ဖြိုးမှသာလျှင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမည် ဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောခဲ့သည်။

ယခုလက်ရှိ အနေအထားအရ အမေရိကန် အစိုးရသည် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားပြီး မြန်မာ့ပို့ကုန်များကို ပြန်လည် လက်ခံမည့် အနေအထား ရှိနေပြီ ဖြစ်သောကြောင့် မကြာတော့မည့် ကာလအတွင်း အထည်ချုပ် လုပ်ငန်းရှင်များသာမက အထည်ချုပ် လုပ်သားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ များပြားပွင့်လန်း လာနိုင်ကြောင်း မြန်မာ့ စီးပွားရေး သတင်းရပ်ကွက်က သုံးသပ်သည်။

Loading