စီးပွားရေး

ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၂)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စိတ်ဓာတ်တွေပါ ပြောင်းလဲရမယ်

ပြုပြင်ပြောင်းလဲရေးနဲ့ အမီလိုက်ဖို့ ဟောင်းအိုနေတဲ့ အုပ်ချုပ်ရေးယန္တရားထဲက အစိုးရဝန်ထမ်းတွေ ခေတ်ပေါ် အုပ်ချုပ်မှုဆိုင်ရာ ရက်တိုသင်တန်းတွေ ကုန်းရုန်း တက်နေကြရတယ်။ ကုန်သွယ်ရေးဝန်ကြီးဌာနကဆို ဧပြီမှာ နိုင်ငံတကာကုန်သွယ်ရေးအင်စတီကျူ့ အမည်နဲ့ ကိုယ်ပိုင်ကျောင်းတကျောင်း စတင်ဖွင့်လှစ်ခဲ့ပါတယ်။ တလကို ဝန်ထမ်း ၆၀ လောက်ကို လေ့ကျင့်သင်ကြားပေးပါတယ်။ နိုင်ငံတကာကုန်သွယ်ရေးရဲ့ အခြေခံကို သင်ကြားရပါတယ်။

“သမ္မတကြီး ပြောတာ အရမ်းရှင်းပါတယ်။ တိုင်းပြည်ကိုပဲ ပြုပြင်ပြောင်းလဲရမှာမဟုတ်ဘူး၊ ဝန်ကြီးဌာန ဝန်ထမ်းတွေကိုလည်း ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်ဆိုတော့ ကျနော်တို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နေပါတယ်” လို့ ကုန်သွယ်ရေးဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။  စားသုံးသူ ကာကွယ်စောင့်ရှောက်ရေး၊ ကုန်အမှတ်တံဆိပ်ဥပဒေမူကြမ်း ရေးဆွဲတာကနေ နိုင်ငံပေါင်းစုံကုမ္ပဏီတွေကို အကြံဉာဏ်ပေးတာ၊ ကုန်သွယ်ရေးမဟာဗျူဟာ ချမှတ်တာ၊ ဝန်ကြီးဌာနလုပ်ငန်းများ ပြုပြင်တာ စသဖြင့် တပတ်နဲ့တပတ် သူ့အတွက် လုပ်စရာတွေ များများလာတယ်လို့ ဆိုပါတယ်။

သူ့အတွက် အကြီးမားဆုံး စိုးရိမ်ချက်တွေအနက် တခုက အရှေ့တောင် အာရှနိုင်ငံများ အသင်း ၁၀ နိုင်ငံအကြား ၂၀၁၅ ခုနှစ်မှာ စတင်မယ့် ဥရောပသမဂ္ဂပုံစံ လွပ်လပ်စွာ ကုန်သွယ်ရေး အသိုင်းအဝန်းပါ။ လူဦးရေ သန်း ၆၀၀ ကျော်ရှိမယ့် ဒေသဆိုင်ရာ အသိုင်းအဝန်းကြီးပါ။ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်လာမှာပါ။

“အဲဒီအချိန်ရောက်ရင် ဈေးကွက်ကနေပြီး အရင်းအနှီး၊ အလုပ်သမား၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေးအထိ လမ်းပွင့်သွားမှာဖြစ်တယ်” လို့  ဦးတင့်သွင်က ပြောပါတယ်။ “ကျနော်တို့ ပြည်တွင်းစက်မှုလုပ်ငန်းကို ဘယ်လို ကာကွယ်ပေးမှာလဲ။ ကျနော်တို့ ကုန်ပစ္စည်းတွေကို ဘယ်လိုလုပ် ကာကွယ်မှာလဲ၊ ကုန်ပစ္စည်း အရည်အသွေးကလည်း ကောင်းတာမဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့ အဆင်သင့်မဖြစ်သေးဘူး” လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဆိုတာ အရပ်သား ဗျူရိုကရေစီ အုပ်ချုပ်ရေး အားမကောင်းပါဘူး။ စစ်တပ်က အရပ်သား အကြံဉာဏ်ကို လူရာမသွင်းခဲ့ပါဘူး။ ပညာရှင် အနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတော့ အဲဒီလို မလုပ်ခဲ့ပါဘူး။ အင်ဒိုနီးရှားရဲ့ အကြီးအကဲဟောင်း ဆူဟာတိုက သူ့ရဲ့ နှစ်ပေါင်း ၃၀ ကျော် အာဏာရှင်စနစ်ကို “ဘာကလေ မာဖီးယား” လို့ လူသိများတဲ့ အမေရိကန်က နာမည်ကျော်တက္ကသိုလ် ဘာကလေ ကျောင်းထွက် အင်ဒိုနီးရှား စီးပွားရေးပညာရှင်တွေနဲ့ လည်ပတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တယောက်နဲ့ တယောက် အပြန်အလှန် မယုံကြည်မှုတွေက  နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီး ၁၁ ယောက်ပါဝင်တဲ့ နိုင်ငံတော် အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီက ခိုင်မာတဲ့ အရပ်သား အုပ်ချုပ်ရေး ဗျူရိုကရေစီ ယန္တရားကို ခြိမ်းခြောက်မှုလို့ မြင်ခဲ့ပါတယ်။ အဲဒီတော့ အမိန့်နာခံမှုက အလုပ်ကျွမ်းကျင်မှုထက် ပိုအရေးပါသွားတော့တယ်။

ဒါပေမယ့် ချည့်နဲ့နေတဲ့ဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပြန်လည်တောင့်တင်းလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး နောက်အဆင့်မှာ ဝန်ထမ်းတွေအနေနဲ့ အလုပ်မဝင်ခင် အရင်ဆုံး “အရည်အသွေး နှင့် ကျွမ်းကျင်မှု” ကို စစ်ဆေးခံရမှာ ဖြစ်တယ်လို့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မေ ၁၃ အစည်းအဝေးမှာ ဒုသမ္မတက ပြောဆိုတာကို မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကိုပါ ပြောင်းလဲပစ်ရပါမယ်” လို့လည်း သူက ပြောသွားပါတယ်။

အရောင်မှိန်နေတဲ့ သရဖူ

ဘာမှဖြစ်မလာသေးတာတွေက မြန်မာပြည်အတွက် ဖိအားပါ။ ဟောင်းနွမ်းအိုမင်းနေပြီဖြစ်တဲ့ ရန်ကုန်မြို့ကို လမ်းထွက်ကြည့်တာနဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ ဘယ်လောက် ဥပေက္ခာပြု ခံထားရတယ်ဆိုတာ အထင်အရှား မြင်နိုင်ပါတယ်။

တချိန်က ဝင့်ထည်ခဲ့တဲ့ ကိုလိုနီခေတ်အဆောက်အဦတွေ ပျက်ဆီးယိုယွင်းနေတာကို ကြည့်ခြင်းဖြင့် တချိန်က အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး တိုင်းပြည်များအနက် တခုဖြစ်ခဲ့တဲ့ ရွှေရောင် နေ့ရက်တွေကို ပြန်အမှတ်ရစေပါတယ်။ ၂၀ ရာစု အစောပိုင်းနှစ်တွေတုန်းကဆို  ဗြိတိသျှ ကိုလိုနီ ရန်ကုန်မြို့တော်ရဲ့ အများပြည်သူ ဝန်ဆောင်မှုတွေ၊ အခြေခံအဆောက်အဦတွေဟာ လန်ဒန်မြို့နဲ့ အပြိုင်ရှိခဲ့ပါတယ်။

အခုတော့ ကွမ်းတံတွေးတွေ စွန်းထင်းနေတဲ့၊ ပျားပန်းခတ် ကူးလူးသွားလာနေတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်သွားရင်းနဲ့ ၆ သန်းသော ပြည်သူများရဲ့  မြို့ပြဘ၀ အခက်အခဲတွေကို တွေ့နိုင်ပါတယ်။ နိစ္စဓူဝ လျှပ်စစ်မီးမရ၊ မိုးတွင်းမှာ ရေလွှမ်းနေတဲ့ လမ်းမတွေ၊ ကျပ်ညပ် ပြွတ်သိတ်နေတဲ့ ဘတ်စ်ကားတွေပေါ် နာရီများစွာ စီးမျောရတဲ့ ဘဝတွေရဲ့  မွမ်းကျပ်မှုကို မြင်တွေ့ခံစားနိုင်ပါတယ်။

ရန်ကုန်မြို့မှာ အစီအစဉ်တခုရှိဖို့ လိုနေပါပြီ။ ဘာကြောင့်လိုတယ် ဆိုတာကို ဗီယက်နမ်ရဲ့ ပျားပန်းခတ် စီးပွားရေးမြို့တော်က သက်သေပြနေပါတယ်။

၁၉၉၄ ခုနှစ် အမေရိကန်က ပိတ်ဆို့မှုဖယ်ရှားလိုက်တဲ့အချိန်မှာ ဟိုချီမင်းမြို့ လူဦးရေဟာ ၄ . ၇ သန်းပဲ ရှိပါတယ်။ ဒီကနေ့ဆိုရင် လူဦးရေဟာ နှစ်ဆနီးပါး များလာပါပြီ။ အရင်တုန်းက ဆိုင်းဂုံမြို့ရဲ့ သမိုင်းဝင် သစ်ပင်တန်း လမ်းမကျယ်ကြီးတွေဟာ အခုဆိုရင် ဓာတ်ကြိုးတွေ၊ ညစ်ညမ်းမှုတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ ထရပ်ကားတွေ၊ ယာဉ်တိုက်မှုတွေနဲ့ အပြည့်ပါပဲ။

“ဖွံ့ဖြိုးတိုးတက်မှုက မလွှမ်းမိုးသွားခင် အစီအစဉ်ကောင်း တခုအတွက် ပြင်ဆင်ထားမှသာ” ရန်ကုန်ဟာ  အာရှတိုက်ရဲ့ နောက်ထပ် အစီအစဉ်မကျ ရှုပ်ပွနေတဲ့ မြို့တမြို့အဖြစ်မှ ရှောင်လွှဲနိုင်မှာ ဖြစ်တယ်လို့ မြန်မာအစိုးရကို အကြံပြုဖို့ တာဝန်ယူထားတဲ့ ဟားဗက်တက္ကသိုလ် Ash Center မြို့ပြအစီအစဉ်ရေးဆွဲသူတွေ၊ စီးပွားရေးပညာရှင်တွေရဲ့ အစီရင်ခံစာတခုက ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ အများသူငါ ဝယ်သုံးနိုင်တဲ့ အိမ်ယာတွေ တည်ဆောက်ရမယ်။ ရထားနဲ့ ဘတ်စ်ကားစနစ်ကို ချဲ့ထွင်ရမယ်။ အခုလက်ရှိ လူအများစုအတွက် လက်လှမ်းမမီနိုင်သေးပေမယ့် များလာမယ့် မော်တော်ကားတွေအတွက် ပြင်ဆင်ထားရမယ် စသဖြင့် ဆိုထားပါသေးတယ်။

၁၉၀၁ ခုနှစ်မှာ ဖွင့်ပြီး ၁၉၉၅ ခုနှစ်မှာ ပြန်လည်မွမ်းမံခဲ့ပြီး တည ဒေါ်လာ ၃၀၀ တန် စထရင်းဟိုတယ်ဆိုတာ အဆောက်အဦး တော်တော်များများ ရှိသင့်တဲ့ နမူနာတခုပါ။ ကျောက်ပြားခင်းထားတဲ့ ကြမ်းပြင်၊ ညင်သာတဲ့ မျက်နှာကျက်ပန်ကာတွေ၊ သစ်ပုတ်ရောင်ထနေတဲ့ တံခါးရွက်တွေ အပြည့်နဲ့ လက်ရာဟောင်းတွေကို ထိန်းသိမ်းထားပါတယ်။ စထရင်းဟိုတယ်လို အဆောက်အဦ တော်တော်များများဟာ ၂၀၀၅ ခုနှစ်မှာ အစိုးရက နေပြည်တော် ပောင်းရွှေ့သွားတဲ့အခါ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့ပါတယ်။

မြို့ကို ပြန်သဖို့ အစီအစဉ်ကို တာဝန်ယူရတဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးက လေ့ကျင့်ပေးထားတဲ့ စီမံကိန်း၊ ဝန်ထမ်း မရှိ၊ အတွေ့အကြုံ ကျွမ်းကျင်မှု ကလည်း နည်းတော့ စင်ကာပူ ပညာရှင်တွေကို ပုံကြမ်းရေးဆွဲဖို့ အကူအညီတောင်းသင့်ကြောင်း Ash Center အစီရင်ခံစာက အကြံပြုထားပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးဟာ ယခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း ၆ ရာခိုင်နှုန်းလောက် တိုးချဲ့လာနိုင်တယ်လို့ IMF က ခန့်မှန်းထားပါတယ်။ တိုးတက်မှု အများစုက ရန်ကုန်မှာ ဖြစ်တဲ့အတွက် လယ်သမားလူတန်းစားဟာ မြို့ပေါ်မှာ စက်ရုံအလုပ်သမားတွေအဖြစ် စုပြုံရောက်လာနိုင်ပါတယ်။ အဲဒီအတွက် ရန်ကုန်မြို့ ပျံကျလူတန်းစားဦးရေ ထပ်တိုးလာနိုင်ပါတယ်။ ယခုအနေအထားမှာကို ပျံကျလူတန်းစားဦးရေက မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ရှိနေပါပြီ။

လူတော်တော်များများက ဝမ်းစာပြည့်ဖို့တောင် မနည်း ရုန်းကန်နေကြရပါတယ်။

ရန်ကုန်မှာ မီးမလာရင် ရေမလာပါ။ နီးရာ ရေတွင်းက ရေသယ်နေရတဲ့ ခေါက်ဆွဲဆိုင်ရှင် ကိုလေးဖြူက  “အရမ်းပင်ပန်းတယ်ဗျ” လို့ စောကဒတက်ပါတယ်။ သူ့အတွက် အလုပ်သိမ်းချိန် အသားတင် တနေ့ ကျပ် ၄၀၀၀ လောက် ကျန်အောင် ရှာဖွေနေရကြောင်း အသက် ၁၉  နှစ်အရွယ် လေးဖြူက ညည်းနေတုန်း နေ့လည်ခင်း မီးပြတ် သွားတာကြောင့် အနီးက စတိုးဆိုင်တွေမှာ ဒီဇယ်မီးစက်တွေ အပြိုင်ဖွင့်လိုက်တော့ သူ့အသံ ပျောက်လုနီးပါး ဖြစ်သွားပါတယ်။

မိုးနတ်မင်းကြီး မစပါ

အရင်က ရန်ကုန်ကို  မျက်နှာလွဲခဲပစ်လုပ်လို့ ရပါတယ်။ အခုတော့ နှစ်ရှည်လများ ဖိနှိပ်ခံထားရတဲ့ ကျောမွဲပြည်သူတွေဟာ သူတို့ အသံတွေကို ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခွင့်အလမ်း ပိုရှိလာတဲ့အတွက် အရင်လို လွယ်လွယ်ကူကူ မရတော့ပါဘူး။

ရန်ကုန်မြို့နဲ့ တခြားမြို့ကြီး ၂ မြို့မှာ မီးပြတ်လို့  ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ မေလတုန်းက ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှု အစပိုင်းမှာ အစိုးရရဲ့တုန့်ပြန်ချက်တွေက စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ မီးပြတ်တဲ့အကြောင်းမေးတဲ့ သတင်းထောက်တွေကို မန္တလေးမြို့ လျှပ်စစ် အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမင်းက မီးပေးနိုင်ဖို့ ဆည်တွေမှာ ရေရှိဖို့ လိုတာကြောင့် မိုးရွာအောင် မိုးနတ်မင်းကို ဆုတောင်းလို့ ပြောခဲ့ပါတယ်။ သမ္မတအကြံပေးကလည်း မနှစ်က ဂျပန်နိုင်ငံမှာ ဆူနာမီတိုက်အပြီး ဂျပန်လူမျိုးတွေ ဘယ်လိုမျိုး ချွေတာကြတယ်ဆိုတာကို  နမူနာထားပြီး မြန်မာပြည်သူတွေ အတုယူသင့်တယ်လို့ ပြောလိုက်တဲ့အခါမှာ ဆန္ဒပြသူတွေ ပိုဒေါသထွက်ခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အစိုးရက ပိုပြီးအလေးထားတဲ့ပုံ ပြလာပါတယ်။ နိုင်ငံပိုင်မီဒီယာတွေမှာ အရာရှိတွေက လျှပ်စစ်မီး ပိုပေးဖို့ကို ကတိပြုလာကြပါတယ်။ မီးစက်တွေလည်း အရေးပေါ် အစီအစဉ်အဖြစ် ဝင်လာကြပါတယ်။

လွန်ခဲ့တဲ့ နှစ်တရာနီးပါးလောက်က ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူ၊ သစ်မာ၊ ကျောက်မျက်ရတနာ ပေါကြွယ်ဝတဲ့ တိုင်းပြည်ဟာ မကြာခင်မှာ ဖြစ်လာမယ့် ပြုပြင်ပြောင်းလဲမှုရဲ့ ဒုတိယအဆင့်မှာ လောင်းကြေးက ပိုကြီးလာပါလိမ့်မယ်။

၂၀၁၁ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အတွင်း တိုင်းပြည်စီးပွားရေးဟာ ၇.၇ ရာခိုင်နှုန်း နှစ်စဉ်တက်လာမယ်လို့ သမ္မတက ခန့်မှန်းပြောဆိုခဲ့ပါတယ်။ သို့သော် အကယ်၍ ပြုပြင်ပြောင်းလဲမှုတွေက မြန်မြန်ဆန်ဆန်နဲ့  ရလဒ် ကောင်းတွေ သယ်ဆောင်လာရင် ခံစားခွင့်ကလည်း ပိုကောင်းလာစေရမယ်လို့ သမ္မတက ဆိုပါတယ်။ အဲဒီအချိန်က နိုင်ငံပိုင် မီဒီယာတွေမှာ နေ့စဉ်ရက်ဆက် ဖော်ပြခဲ့တဲ့အချက်က ငါးနှစ်အတွင်းမှာ စီးပွားရေး သုံးဆ တိုးလာရမယ်တဲ့။  ဒါပေမယ့် အဲဒီအဆင့်ကို ရောက်ဖို့အတွက် တနှစ်ကို ၂၅ ရာခိုင်နှုန်း တိုးတက်ဖို့လိုပါတယ်။ ဒါ့ကြောင့် လက်တွေ့မကျတဲ့ အချက်လို့ နားလည်နိုင်ပါတယ်။

အခုလက်ရှိမှာတော့ အုပ်ချုပ်ရေးယန္တရားရဲ့ နေရာတိုင်းမှာ ရင်းနှီးမြှုပ်နှံမှု လိုနေပါတယ်။ တချို့ဝန်ကြီးဌာနတွေ နိုင်ငံခြားကနေ ငွေချေးယူဖို့လိုတယ် ဆိုတာလည်း သမ္မတက အသိအမှတ်ပြု လက်ခံထားပါတယ်။

စီမံချက်အမှတ် ၂.ဝ

လောလောဆယ် လျှပ်စစ်မီးမရှိတဲ့ ဒေသတွေအတွက် လျှပ်စစ်မီးပေးဖို့ မြန်မာနိုင်ငံမှာ ဒေါ်လာ ဘီလီယံ ၂၀ လောက် ကုန်ကျစရိတ် လိုပါတယ်လို့ သူကပြောခဲ့ပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နှစ်စဉ် စီးပွားရေး ထုတ်လုပ်မှုရဲ့ ထက်ဝက် နီးပါးရှိပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် စွမ်းအင်မူဝါဒအသစ်တခု ပြဌာန်းဖို့ လိုကြောင်းနဲ့ လာမယ့် ၁၀ နှစ်အတွင်း ဒေါ်လာ ၂ ဘီလီယံ သုံးစွဲဖို့ လျာထားကြောင်းပါ သမ္မတက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အခုလို များပြားတဲ့ငွေတွေရဖို့  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုပါတယ်။ စက်မှုဝန်ကြီး ဦးစိုးသိန်းအပါအဝင်  ဝန်ကြီးဌာနသုံးခုအောက်မှာ တာဝန်ယူနေတဲ့ အရာရှိတွေကို ရိုက်တာက အင်တာဗျူးရာမှာ သူတို့က နိုင်ငံပေါင်းစုံကုမ္ပဏီတွေက ကိုယ်စားလှယ်တွေ တိုင်းပြည်ကို အုံနဲ့ကျင်းနဲ့ လာရောက် လည်ပတ်နေကြပေမယ့်  တချို့ပဲ အကြီးစား ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ကတိပြုထားပြီးဖြစ်ကြောင်း ပြောကြပါတယ်။

သိသာတာကတော့ ကမ္ဘာကျော် ကိုကာကိုလာနဲ့  ဂျန်နရယ် အီလက်ထရွန်းနစ် GE ကုမ္ပဏီ နှစ်ခုစလုံးက ဝါရှင်တန်ဆီကနေ လုပ်ခွင့်ရတာနဲ့ မြန်မာနိုင်ငံမှာ သူတို့လုပ်ငန်းတွေ တည်ထောင်ဖို့ စိုင်းပြင်းနေပါတယ်။ သို့သော် GE ရဲ့ အရှေ့တောင်အာရှ အရာရှိချုပ် စတူးဝပ် ဒီးန်ပြောတာကတော့ မြန်မာနိုင်ငံမှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ နှစ်တွေ အများကြီး လိုသေးတယ်လို့လည်း ပြောပါတယ်။

ဦးစိုးသိန်းနဲ့ တခြားအရာရှိတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်လာဖို့ ပိုကောင်းတဲ့ ဥပဒေတွေ ရှိလာဖို့လည်း သဘောတူပါတယ်။ “အစည်းအဝေးတွေ အများကြီး လုပ်ရအုံးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လိုက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

Standard Chartered ရင်းနှီးမြှုပ်နှံမှုဘဏ်က ဦးဆောင်သူတွေ အပါအဝင် နိုင်ငံခြားအရာရှိကြီး တချို့က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေအပေါ် အထင်ကြီးကြပါတယ်။ ဒါပေမယ့် အပြည့်အဝတော့ ယုံကြည်တာမဟုတ်သေးပါဘူး။ “မြန်မာနိုင်ငံဟာ ချမ်းသာဖို့ အလားအလာရှိတဲ့ တိုင်းပြည်ဆိုတာတော့ သံသယမရှိပါဘူး။ ဒါပေမယ့် အဲဒီဖြစ်နိုင်ချေကို ပြည့်မီစေဖို့ဆိုတာ တခြားကိစ္စတခုဖြစ်သွားပါ တယ်” လို့ မကြာသေးမီက ထုတ်ပြန်တဲ့ Standard Chartered ဘဏ်ရဲ့ အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။

 ရိုက်တာသတင်းထောက် Jason Szep ရေးသားပြီး Michael Williams တည်းဖြတ်သော Breakneck reform pace overloads Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၁)

Did you find apk for android? You can find new Free Android Games and apps.
Loading