အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာပြည်၏ ပို့ကုန်တင်သွင်းမှု တားမြစ်ထားသည့် မြန်မာ့လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ (BFDA) သက်တမ်းကို တနှစ် ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်သည်။
မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီခြေလှမ်းနှင့် လူ့အခွင့်အရေး လိုက်နာဆောင်ရွက်မှု တိုးတက်လာသည်ကို လေးစားသည့် အနေဖြင့် အရေးယူထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပြီဟု ကြေညာပြီး တလအကြာတွင် အဆိုပါ လက်မှတ်ကို သမ္မတ အိုဘားက သြဂုတ် ၁၀ ရက်နေ့က ရေးထိုးလိုက်ခြင်း ဖြစ်သည်။
ဇူလိုင် ၁၁ ရက်နေ့က မြန်မာပြည်အပေါ် အရေးယူထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ခဲ့ပြီး သမ္မတ အိုဘားမားက မြန်မာပြည်၏ ပြုပြင်ပြောင်းလဲမှုများ ထင်ရှားလာပြီ ဖြစ်သောကြောင့် အမေရိကန် ကုမ္ပဏီများ အပါအဝင် အမေရိကန် အခြေစိုက် ကမ္ဘာ့ကုမ္ပဏီ အသီးသီးက မြန်မာနိုင်ငံတွင် သွားရောက်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုသည်ဟု ကြေညာခဲ့သည်။
တချိန်တည်းတွင် အမေရိကန် သမ္မတက မြန်မာပြည်၏ ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး လုပ်ငန်းကြီးများအတွင်း ပွင့်လင်း မြင်သာမှု မရှိခဲ့ခြင်းနှင့် မြန်မာ့စီးပွားရေးကို စစ်ဗိုလ်ချုပ်ကြီးများက ဆက်လက်ချယ်လှယ်မှုများ ရှိနေမည်ကို အမေရိကန်နိုင်ငံ အနေဖြင့် စိုးရိမ်သည်ဟု ပြောဆိုခဲ့သည်။
အမေရိကန်အစိုးရကမြန်မာ့ပို့ကုန်တင်သွင်းမှုကိုနောက်ထပ် ၁ နှစ် ထပ်မံသက်တမ်း တိုးလိုက်ခြင်းကြောင့်မြန်မာ့ပို့ကုန်ကဏ္ဍ တိုးတက်မှုကိုဆုတ်ယုတ်စေပြီးအခြေခံလူထုအပေါ်ထိခိုက်မှုရှိနိုင်ကြောင်းပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် များနှင့်စီးပွားရေးပညာရှင်တို့က သုံးသပ်နေကြသည်။
“ပို့ကုန်ဈေးကွက်မှာဥရောပနဲ့ အမေရိကားကကမ္ဘာ့ဈေးကွက်ကြီးတွေပါ။ ဒီဈေးကွက်တွေကအရည်အသွေးမြင့်တဲ့ပစ္စည်းတွေကိုပဲသုံးတဲ့ဈေးကွက် ဖြစ်တာကြောင့်အရည်အသွေး နိမ့်ကျတဲ့မြန်မာ့ပို့ကုန်တွေကိုအခုလိုအချိန် တနှစ်ထပ်မံကန့်သတ်ရုံနဲ့မြန်မာနိုင်ငံအဖို့ထူးခြားတဲ့ ပြောင်းလဲမှုမရှိနိုင်ဘူးလို့တချို့ကလည်းပြောကြတယ်။ ဒါကိုကျနော်လက်မခံဘူး” ဟုAsia Develop Research Institue (ADSI) မှမြန်မာနိုင်ငံသား စီးပွားရေး သုတေသနပညာရှင် တဦးကပြောသည်။
မြန်မာ့ပို့ကုန်များထဲတွင်အမေရိကန်နိုင်ငံသို့ အများဆုံး တင်ပို့မှုရှိသည့် ပစ္စည်းများမှာအထည်ချုပ်နှင့် ရေထွက်ကုန်များ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများသည်လုပ်သားအင်အား များစွာသုံးရသည့် လုပ်ငန်းများ ဖြစ်သောကြောင့်အခြေခံ လူထုကိုသာထိခိုက်မည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လုပ်ခလစာ တိုးမြှင့်ပေးနိုင်ရန်အတွက်ရောင်းချနိုင်သည့်ဈေးကွက်ကြီးများရှိရန် လိုအပ်ကြောင်း၊ သို့မှသာ အလုပ်သမား၏ လိုအပ်ချက်ကိုဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သူက ရှင်းပြသည်။
“ဒါကြောင့်ကျနော်ကတော့အခြေခံလူထုကိုအကျိုးရှိစေမယ့်ကုန်စည်တွေကိုဖွင့်ပေးပါ။ ဒါကမြန်မာနိုင်ငံအတွက်လည်းချက်ချင်း အကျိုးခံစားရမယ့် လုပ်ငန်းတွေပါ။ ပြီးတော့မြန်မာနိုင်ငံအနေနဲ့ အခုအချိန်ကပို့ကုန်ကဏ္ဍနဲ့ ပတ်သတ်ပြီး ကြီးထွားနိုင်ခြေရှိတဲ့အနေအထားပါ” ဟု ၎င်းကဆက်ပြောသည်။
အမေရိကန် အစိုးရသည် ၁၉၉၈ ခုနှစ်မှ စပြီးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအပေါ်ကန့်သတ်ပိတ်ဆို့ ခဲ့ပြီးကုန်သွယ်မှု ကဏ္ဍနှင့် ပတ်သက်၍ ပို့ကုန်၊ သွင်းကုန် များကို၂၀၀၃ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပြီး နောက်တွင် BFDA ထုတ်ပြန်၍ ကန့်သတ် ပိတ်ပင်ခဲ့သည်။
အမေရိကန် အစိုးရအနေဖြင့်မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုများ မရှိခင်အချိန်က မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန် တဝက်ကျော်ကိုအမေရိကန် ဈေးကွက်သို့ အများဆုံး တင်ပို့ခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင်အမေရိကားက BFDA ထုတ်ပြန်ခဲ့သဖြင့် မြန်မာပြည်၏ အထည်ချုပ် ပို့ကုန်များကိုတောင်ကိုရီးယားနှင့် ဂျပန်ဈေးကွက်သို့အားကိုးခဲ့ရကြောင်း၊ အမေရိကန်အစိုးရ၏ မြန်မာ့ပို့ကုန် တားမြစ် ပိတ်ဆို့မှု အက်ဥပဒေကြောင့်ပြည်တွင်းရှိအထည်ချုပ်စက်ရုံတဝက်နီးပါး ပိတ်ခဲ့ရပြီးလုပ်သားဦးရေငါးသောင်းကျော်အလုပ်လက်မဲ့ ဖြစ်ခဲ့ရကြောင်းမြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌဦးမြင့်စိုးကပြောသည်။
“တောင်ကိုရီးယားနဲ့ ဂျပန် ဈေးကွက်တွေကအမေရိကန် ဈေးကွက်ကိုမမီဘူး။ဒါကြောင့်အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုဟာကျနော်တို့ စက်ရုံတွေမှာရှိတဲ့အောက်ခြေ လူတန်းစား အလုပ်သမားတွေကိုပဲထိခိုက်တာဖြစ်လို့ကန့်သတ်မှုတွေကိုဖြေလျှော့ ပေးစေလိုပါတယ်” ဟု သူက ဆိုသည်။
ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI)ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကမူအမေရိကန် လွှတ်တော်တွင် မြန်မာ့ပို့ကုန်တားမြစ်သည့် ဥပဒေ သက်တမ်း တနှစ် တိုးလိုက်သည့်အတွက်မြန်မာလုပ်ငန်းရှင်များလည်း ထိခိုက်မှုရှိကြောင်း ပြောသည်။
“ပို့ကုန်တားမြစ်တော့ လုပ်ရကိုင်ရတာသိပ်အဆင်မပြေဘူး။ ဒါကြောင့်လည်းပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေထဲမှာတချို့ လုပ်ငန်းအသစ် တိုးချဲ့ချင်တဲ့သူတွေတောင်လုပ်ရမှာနည်းနည်းတန့်သွား ကြတယ်” သူက ဟုဆိုသည်။
ဆက်လက်၍ ၎င်းက အမေရိကန်နိုင်ငံသည် မြန်မာ့ပို့ကုန်များ တားမြစ်ခြင်းကို တဖြည်းဖြည်း ဖြေလျှော့ပေးမည်ဟု ယူဆကြောင်း၊ အမေရိကန် ဈေးကွက်သည်အရည်အသွေးမြင့်သည့် ကုန်စည်များကိုသာဝယ်ယူမည် ဖြစ်သောကြောင့် ယင်းဈေးကွက်ကိုဝင်ရောက် ထိုးဖောက်ရန်အတွက် မြန်မာ လုပ်ငန်းရှင်များဘက်က ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောသည်။
“အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့တုန်းကသူတို့ အနေနဲ့မြန်မာ့ပို့ကုန်တွေထဲကအထည်ချုပ်၊ ရေထွက်ကုန်၊ကျွန်းနဲ့ ပတ်သတ်တဲ့ပရိဘောပတွေ၊ ကျောက်မျက် ရတနာတွေကိုစိတ်ဝင်စားတာ တွေ့ရတယ်။သူတို့ဘက်ကကန့်သတ် ထားတာတွေကိုဖြေလျှော့ ပေးနိုင်မယ်ဆိုရင်ကျနော်တို့ တိုင်းပြည် စီးပွားရေး တိုးတက်မှုအတွက်အလားအလာ ကောင်းလာမှာပါ” ဟု ၎င်းက ဆိုသည်။
မြန်မာ့ပို့ကုန် တားမြစ်ထားသည့် အက်ဥပဒေ သက်တမ်းတိုးရေး ကိစ္စနှင့် ပတ်သက်၍ အမေရိကန် လွှတ်တော်တွင် ဇူလိုင် လကုန်ပိုင်းက နိုင်ငံရေးပါတီ နှစ်ခုအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး သက်တမ်းကုန်ဆုံးမည့် ရက်မတိုင်ခင် ယင်းဥပဒေကို ထပ်မံ သက်တမ်းတိုးခြင်း မပြုနိုင်ခဲ့ပေ။
ယခု ဥပဒေသည် လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က သက်တမ်း ကုန်ဆုံးခဲ့သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေ ပေါ်တွင် အခြေခံထားပြီး သက်တမ်း ၃ နှစ်ရှိသော်လည်း ယခု ပြန်လည် အတည်ပြုရာတွင် အမေရိကန် လွှတ်တော်များက မြန်မာ့အရေး နှစ်စဉ် ပြန်လည် သုံးသပ်နိုင်ရန်နှင့် သမ္မတ၏ လုပ်ပိုင်ခွင့်ဖြင့် ဥပဒေကို ယာယီ ဖယ်ရှား နိုင်သည့် လုပ်ပိုင်ခွင့်များ ပါရှိကြောင်း သိရသည်။
မြန်မာ့ဒီမိုကရေစီအရေး အခိုင်အမာ ထောက်ခံသူ ရီပတ်ပလီကန် ပါတီ ခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ချ် မက္ကောနဲလ်က ယခုဥပဒေကြောင့် အမေရိကန်၏ မြန်မာပြည်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ငွေကြေးဆိုင်ရာ ဒဏ်ခတ် ပိတ်ပင်မှု လျှော့ချရေးတို့ကို ထိခိုက်မည် မဟုတ်ဟု ဆိုသည်။