အလုပ်သမားအသင်းအဖွဲ့ ပေါ်ပေါက်ရေးအတွက် အလုပ်ချိန်ပြင်ပတွင် လွတ်လပ်စွာ ဟောပြောစည်းရုံးခြင်းကို မည်သည့် အာဏာပိုင် အဖွဲ့အစည်း ကသော်လည်းကောင်း၊ အလုပ်ရှင်ကသော်လည်းကောင်း တားမြစ်ခြိမ်းခြောက်ပိုင်ခွင့် မရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးသက်နိုင်ဦးက သတိပေး ပြောကြားလိုက်သည်။

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၅၄ အရ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်ရင် မိမိယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လက်နက်မပါဘဲ စီတန်းလှည့်လှယ်ခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိတယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်” ဟု ဦးသက်နိုင်ဦးက ယခုလ၂၀ ရက်နေ့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ်ရုံး၌ ပြုလုပ်ခဲ့သည့် အလုပ်သမား၊ အလုပ်ရှင် အသင်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှစ၍ အလုပ်သမား အဖွဲ့အစည်းဥပဒေ မူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် နည်းဥပဒေကို ထုတ်ပြန်ခဲ့ရာ မတ်လ ၉ ရက်နေ့တွင် အဆိုပါ ဥပဒေနှင့် နည်းဥပဒေမှာ စတင်သက်ဝင်လာပြီ ဖြစ်သည့်အတွက် အလုပ်သမား အသင်းအဖွဲ့များလည်း စတင်ဖွဲ့စည်းခွင့်ရရှိပြီ ဖြစ်သည်။
“ကျနော်တို့နိုင်ငံမှာ ဒီဥပဒေ ထွက်ရှိလာတဲ့အချိန်က ကာလအားဖြင့် သက်တမ်းတိုနေသေးတဲ့အပြင် အသိပညာပေးမှု ကဏ္ဍမှာလည်း အားနည်းမှုရှိတာကြောင့် အလုပ်သမား အသင်းအဖွဲ့တွေနဲ့အတူ အလုပ်ရှင်အသင်း အဖွဲ့တွေကလည်း အခြားနိုင်ငံတွေမှာလို များစွာမရှိသေးတာဖြစ်လို့ အသင်းအဖွဲ့တွေ အပြိုင်အဆိုင် ပေါ်ပေါက်လာဖို့ လိုပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားများ အလုပ်ချိန်ပြင်ပမှာ ပြောဆိုစည်းရုံးတာကို တားမြစ်ခြိမ်းခြောက်မယ်ဆိုရင် ဒီဥပဒေအရ အရေးယူခံရမှာဖြစ်လို့ မတားဆီးကြပါနဲ့လို့ ပြောချင်ပါတယ်။ အလားတူ အလုပ်ရှင်များကလည်း မိမိတို့အနေဖြင့် အလုပ်ရှင်အဖွဲ့အစည်းတွေကို အပြိုင်အဆိုင် ဖွဲ့စည်းစေလိုပါတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။
အလုပ်သမားအသင်း အဖွဲ့သားများအဖြစ် မိမိတို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအားတို့ဖြင့် အလုပ်လုပ်ကိုင်၍ရသည့် လုပ်ခအပေါ်တွင် အသက်မွေးဝမ်းကျောင်း ပြုနေသည့် မည်သူမဆို ပါဝင်နိုင်သော်လည်း ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားများနှင့် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းဝင်များ ပါဝင်ခွင့်မရှိကြောင်း သိရသည်။
“အလုပ်ချိန်ပြင်ပ ထမင်းစားချိန်မှာ အဖွဲ့ဝင်မလားဆိုပြီး ဆန္ဒရှိသူတိုင်းကို လွတ်လပ်စွာ စည်းရုံးနိုင်တယ်။ ဝင်မယ်ဆိုရင် လက်မှတ်ထိုး၊ လူဦးရေ ၃၀ အထက် ကြိုက်သလောက် ကျော်လို့ရတယ်။ ဒါပေမယ့် လူ ၃၀ မပြည့်ရင်တော့ ဖွဲ့လို့မရဘူး။ ပြီးတော့ နောက်တချက်က စုစုပေါင်းအင်အားရဲ့၁၀ ရာခိုင်နှုန်းက ထောက်ခံဖို့တော့ လိုတယ်။ ဒါကိုလည်း ဥပဒေအရ တားဆီးပိုင်ခွင့် မရှိတာကြောင့် အလုပ်ရှင်တွေအနေနဲ့ ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်” ဟု ဦးသက်နိုင်ဦးက ပြောသည်။
အခြေခံ အလုပ်သမား အသင်းအဖွဲ့များမှတဆင့် မြို့နယ်၊ ပြည်နယ်နှင့်တိုင်း၊ အဖွဲ့ချုပ် (ဗဟို) အထိ အဆင့်ဆင့်ဖွဲ့စည်းသွားရန်နှင့် အဖွဲ့ချုပ် (ဗဟို) မှ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း၊ အကူအညီများ ရယူခြင်းတို့ ပြုလုပ်နိုင်မည်ဟု သိရသည်။
ဥပဒေအရ အလုပ်သမားများ၏ ဆန္ဒပြမှုတွင် အလုပ်သမား အမှုဆောင်ကိုယ်စားလှယ် ၂ ဦးနှင့် အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးထားခြင်း၊ ဆွေးနွေးမှု မအောင်မြင်လျှင် မြို့နယ်အဆင့်တွင် ဖြန်ဖြေခြင်း၊ နောက်ဆုံးအဆင့် ပြည်နယ်နှင့်တိုင်းတွင် အငြင်းပွားမှုကို အဆုံးအဖြတ် ခံယူခြင်းဟူသည့် အချက် ၃ ချက် လုပ်ဆောင်ပြီးမှ ဆန္ဒပြခွင့်ရှိကြောင်း၊ ဆန္ဒပြရန် ခွင့်ပြုမိန့်ကို အများပြည်သူနှင့် သက်ဆိုင်သော လုပ်ငန်းများက ၁၄ ရက်၊ အများပြည်သူနှင့် မသက်ဆိုင်သော လုပ်ငန်းများက ၃ ရက် ကြိုတောင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
“ဒါကြောင့် ဒီဥပဒေအရ ကျနော်တို့နိုင်ငံမှာ ထစ်ခနဲဆို ဆန္ဒပြလို့ မရတော့ပါဘူး။ ဒါကို အလုပ်သမားများ သိရှိဖို့လိုပါတယ်။ ယခုထုတ်ပြန်ထားတဲ့ တည်ဆဲအလုပ်သမား အဖွဲ့အစည်းဥပဒေက နိုင်ငံတကာစံနဲ့အညီ ဖွဲ့စည်းထားတဲ့ ဥပဒေဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းက ဥပဒေပညာရှင်တွေနဲ့ ၅ ကြိမ်ညှိနှိုင်းထားပြီးတော့ ပြည်တွင်းမှာရှိတဲ့ ဥပဒေပညာရှင်တွေနဲ့လလည်း ၁၀ ကြိမ် ညှိနှိုင်းထားပြီးတော့မှ ပြဌာန်းတာ ဖြစ်ပါတယ်” ဟု ဦးသက်နိုင်ဦးက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း အလုပ်သမား ဆန္ဒပြမှုများမှာ အထည်ချုပ်စက်ရုံများတွင် အများဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့သည့် မေနှင့် ဇွန် ၂ လအတွင်း အလုပ်သမား ဆန္ဒပြမှု ၈၁ မှု ရှိခဲ့သည့်အနက် ၇၈ မှုမှာ မြို့နယ်အဆင့် ဖြန်ဖြေရေးတွင် ပြီးဆုံးကြောင်း၊ ပြည်နယ်၊ တိုင်း ခုံသမာဓိအဆင့်အထိ တက်ခဲ့သည့် အမှုမှာ ၃ မှု ရှိခဲ့ပြီး နောက်ဆုံး ၁ မှုတည်းသာ ဗဟိုအဆင့်အထိ တက်ခဲ့ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ အလုံးအရင်းနှင့် ဝင်ရောက်လာမည် ဖြစ်သည့်အတွက် အလုပ်သမားနှင့် အလုပ်ရှင် ဆက်ဆံရေးမှာ အဓိကအရေးပါကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
Asia Develop Research Institute မှ စီးပွားရေးပညာရှင် တဦးက “ဂျာမနီ၊ ဂျပန်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမား အကြားမှာ ဘာပြဿနာမှ မရှိဘူး။ ဘာလို့လဲဆိုတော့ ဥပဒေအရလည်း ခိုင်မာမှု ရှိနေတဲ့အပြင် အလုပ်ရှင်၊ အလုပ်သမား အသင်းအဖွဲ့ဆိုတာကလည်း မြောက်များစွာရှိပါတယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တည်ငြိမ်စွာ လုပ်ကိုင်နိုင်တာဖြစ်လို့ Industrial Relationship က အဓိကဖြစ်တယ်။ ဆန္ဒပြတာက အဓိက မဟုတ်ဘူး။ ဒါပေမယ့် ဆန္ဒပြခွင့်ရှိတာမှန်သော်လည်း ဒါက နောက်ဆုံး ထုတ်သုံးရမယ့် လက်နက်ပါ” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး၏အကြံပေး ဒေါက်တာမောင်အောင်ကလည်း “အလုပ်ရှင်နဲ့ အလုပ်သမားအကြားမှာ တည်ငြိမ်စွာနဲ့ Social Dialogue ပြောတဲ့ အဆင့်မျိုးရောက်ဖို့ ကျနော်တို့ မျှော်မှန်းပါတယ်။ ဘာလို့လဲဆိုတော့ နောက်လာမယ့် ၆ လ၊ ၁ နှစ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဝင်လာပါတော့မယ်။လာတဲ့အခါမှာလည်း အလုပ်သမားနဲ့ အလုပ်ရှင်အကြား ဆက်ဆံရေး တည်ငြိမ်မှုအပေါ်မှာ အားယူပြီးတော့ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်လာမှာဖြစ်လို့ လုပ်ငန်းတွေလည်း တိုးချဲ့လာပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုက အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမှာဖြစ်လို့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးလည်း ပိုမို ပြေလည်လာပါလိမ့်မယ်” ဟု ဆိုသည်။