မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဖျက်သိမ်းတော့မည်ဖြစ်ပြီး ယင်းနေရာတွင် ဆက်သွယ်ရေး ကော်ပိုရေးရှင်း ဟူသောအမည်ဖြင့် ပြောင်းလဲ ဖွဲ့စည်းထားပြီ ဖြစ်သည်။
အသစ် ပေါ်ထွက်လာမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ လက်အောက်တွင် အော်ပရေတာ ဆက်သွယ်ရေး ကုမ္ပဏီလေးခုကို ထားရှိသွားမည် ဖြစ်ပြီး ယင်းတို့မှာ မြန်မာ တယ်လီကွန်း ကုမ္ပဏီ၊ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီနှင့် အခြား နိုင်ငံခြားကုမ္ပဏီ နှစ်ခုတို့ဖြစ်ကြသည်။
ပြောင်းလဲ ဖွဲ့စည်းမည့် ဆက်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ၎င်း၏ လက်အောက်ရှိ ပုဂ္ဂလိက အော်ပရေတာ လေးခုကို အစိုးရ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများနှင့် အညီ ကွပ်ကဲမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ပြောင်းလဲမှုသည် ပုဂ္ဂလိကပိုင်စနစ်သို့ တိုက်ရိုက်သွားသည့် ပုံစံမဟုတ် ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် မြန်မာ တယ်လီကွန်း ကုမ္ပဏီ ပါဝင်နေခြင်းနှင့် အစိုးရဌာန ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီတို့ပါဝင်နေခြင်းက ဆက်သွယ်ရေးကဏ္ဍကို ယခင်အတိုင်း ဆက်လက် ချုပ်ကိုင်လွှမ်းမိုးမှု ရှိနေဦးမည် ဆိုခြင်းကို ပြသနေကြောင်း ပြည်တွင်း ဆက်သွယ်ရေး လုပ်ငန်းများကို စောင့်ကြည့် လေ့လာနေသူများက ရှုမြင်သုံးသပ်ကြသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယ ညွန်ကြားရေးမှူး ဦးသန်းထွန်းအောင်၏ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံတကာ ဘဏ္ဍာရေးဥပဒေ သုံးသပ်ချက် (International Financial Law Review – IFLR) အွန်လိုင်း သတင်းက မတ်လတွင် ရေးသားဖော်ပြရာ နိုင်ငံခြားကုမ္ပဏီ နှစ်ခုကိုလည်း အော်ပရေတာ လုပ်ငန်းအတွက် လိုင်စင်ထုတ်ပေးရန်ရှိသော်လည်း ဆက်သွယ်ရေးလုပ်ငန်းဥပဒေသစ် ရေးဆွဲပြဌာန်းပြီးမှ ဖြစ်နိုင်ကြောင်း သိရသည်။
လိုင်စင်ထုတ်ပေးရာတွင် မိုဘိုင်းဆက်သွယ်ရေးစနစ်နှင့် ဝန်ဆောင်မှု အရည်အသွေး၊ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတို့အပေါ် မူတည်ကြောင်း ဦးသန်းထွန်းအောင်က ဆိုသည်။
ဆက်စပ်သတင်း