စီးပွားရေး

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တချိန်က နိုင်ငံတကာကို ဆန်အများဆုံးတင်ပို့ပြီး ကမ္ဘာ့စပါးကျီဖြစ်ခဲ့တဲ့ အနေအထားကို ပြန်ရအောင်ကြိုးစားဖို့ မြန်မာပြည်မှာ ရည်မှန်းချက်ရှိနေပါတယ်။

ဂျပန်လက်အောက် နိုင်ငံ့စီးပွားရေး ပျက်စီးစေခဲ့တဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ၁၉၃၀ ခုနှစ်တွေမှာ မြန်မာနိုင်ငံက နှစ်စဉ် ဆန်တန်ချိန် မက်ထရစ်တန်ပေါင်း ၇ သန်း နိုင်ငံခြားကို တင်ပို့ခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှာတော့ ဆန်တန်ချိန် ၇၇၈၀၀၀ ပဲ တင်ပို့နိုင်ပါတော့တယ်။

အခုဆိုရင် ထိုင်းနိုင်ငံဟာ နှစ်စဉ် မက်ထရစ်တန် ၁၀ သန်း တင်ပို့ပြီး ကမ္ဘာပေါ်မှာ နိုင်ငံတကာကို ဆန်အများဆုံး တင်ပို့တဲ့ သရဖူဆောင်းနေပါပြီ။

ဒါပေမယ့် မြန်မာပြည်မှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တာမို့ ထိုင်းနိုင်ငံက ဆန်စပါး ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ အနောက်ဖက်အိမ်နီးချင်းတွေ စင်ပေါ်ပြန်ရောက်လာနိုင်တဲ့ ဖြစ်နိုင်ချေကို စိုးရိမ်တကြီး ဆန်းစစ်နေကြပါတယ်။

ဆန်စပါးရေးရာ ကျွမ်းကျင်သူတွေကတော့ မြန်မာနိုင်ငံဟာ နှစ်အနည်းငယ်အတွင်းမှာ အဲ့ဒီလိုအနေအထားကို ပြန် ရောက်နိုင်မှာ မဟုတ်သေးဘူးလို့ ယူဆကြပါတယ်။ စပါးဈေးကျတဲ့အတွက် နိုင်ငံထဲက လယ်သမား အတော်များများဟာ အကြွေးတွေနဲ့ပိနေတယ်လို့လည်း သြဂုတ်လ ၉ ရက်နေ့ Reuters သတင်းတပုဒ်မှာ ဆိုထားပါတယ်။

“အပြောင်းအလဲက နိုင်ငံသားတွေ အများစုနေထိုင်ရာ လယ်ယာစိုက်ပျိုးတဲ့ ဒေသကို ရောက်တာ နှေးလွန်းနေတယ် ဒါမှမဟုတ်လည်း ပြောင်းတဲ့ပုံစံတွေက အမှားမှား အယွင်းယွင်း ဖြစ်နေတယ်။ ဒီဒေသဟာ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက် ရာစုနှစ်ထက်ဝက်ကြာ မကျရောက်ခင် တချိန်က ကမ္ဘာ့ဆန်တင်ပို့မှုကို ဦးဆောင်ခဲ့တဲ့ ဒေသဖြစ်တယ်” လို့လည်း အဲဒီသတင်းမှာ ရေးထားပါသေးတယ်။ စစ်အစိုးရ ဇာတ်သိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လိုအခြေအနေရှိသလဲဆိုတာကို အထူးအကဲဖြတ်လေ့လာပြီး Reuters က အခုလို ရေးသားတင်ပြခဲ့တာပါ။

ရာစုနှစ်တခုအတွင်းမှာ အပြောင်းအလဲဖြစ်တယ် ဆိုရုံသာရှိတဲ့ ကျေးလက်ဒေသ အခင်းအကျင်းကိုလည်း အဲ့ဒီသတင်းထဲမှာ မီးမောင်းထိုးပြထားပါသေးတယ်။ စက်ယန္တရားမရှိဘဲ လူလုပ်အားကို အားကိုးပြီး စပါးရိတ်ရာမှာလည်း လက်လုပ် တံစဉ်ကိုသာ အဓိက ကိရိယာအဖြစ် ဆက်လက်အသုံးပြုနေသေးတဲ့ အဲ့ဒီဒေသတွေမှာ နွားတွေက လုပ်ငန်းအတွက် အရေးပါတဲ့ မောင်းနှင်အားအဖြစ် ရှိနေသေးတယ်လို့ ဆိုပါတယ်။

စပါးထုတ်လုပ်မှုနဲ့ ဆန်ပိုမိုတင်ပို့နိုင်မှုတွေကို တားဆီးပိတ်ပင်ထားတဲ့ အရင်းခံပြဿနာတွေထဲက ကဏ္ဍ ၂ရပ်က ဘိုးတော်ဘုရားလက်ထက်က လုပ်နည်းကိုင်နည်းတွေနဲ့ အရည်အသွေးညံ့ဖျင်းတဲ့ မျိုးစေ့တွေ ဖြစ်ပါတယ်။ ဒါ့ပြင် လုံလောက်မှုမရှိဘဲ နွေးကွေးလှတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ၁၉ ရာစုက ရေနွေးငွေ့သုံးအင်ဂျင်နဲ့ လည်ပတ်တဲ့ နှစ်ချို့ ဆန်စက်တွေကလည်း တိုးတက်မှုကို နှောင့်နှေးစေတာပါ။

ဆန်စပါးကို အဓိကထွက်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကဒေသကနေ အကြမ်းဖျဉ်း မိုင် ၁၂၀ လောက်သာဝေးတဲ့ ရန်ကုန်ထိရောက်အောင် သယ်ယူရတာဟာ ရန်ကုန်ကနေ စင်ကာပူရောက်အောင် သင်္ဘောနဲ့ပို့တာထက် ငွေကုန်ကြေး ကျပိုများတယ်လို့ မြန်မာဆန်လုပ်ငန်းအသင်း (MRIA) အတွင်းရေးမှူးချုပ် ဦးရဲမင်းအောင်က Reuters သတင်းဌာနကို ပြောပါတယ်။

ဆိုတော့ ဒီအခြေအနေတွေအောက်မှာ မြန်မာ့ဆန်လုပ်ငန်း အရင်လို ပြန်လည်ပတ်နိုင်အောင် ဘာတွေလုပ်ရမလဲလို့ မေးစရာဖြစ်လာပါပြီ။

“အစိုးရက ဆယ်စုနှစ်နဲ့ချီပြီး ကျယ်ကျယ်ပြန်ပြန့် ထိန်းချုပ်ထားခဲ့တာမို့ ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာ့ ဆန်စပါးကဏ္ဍ အနေနဲ့ ချေးငွေ၊ ကုန်ကြမ်းနဲ့ သိုလှောင်မှုဆိုင်ရာတွေမှာ တိုးတက်မှုရှိလာအောင် ပိုမိုအားထုတ်ဖို့လိုပါတယ်” လို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် နိုင်ငံတကာ ဆန်စပါး သုတေသန အင်စတီကျု (International Rice Research Institute – IRRI) ရဲ့ လူမှုရေးသိပ္ပံအကြီးအကဲဖြစ်သူ စီးပွားရေးပညာရှင် ဆာမာရန်ဒူ မိုဟန်တီ (Samarendu Mohanty) က ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဆန်စပါးဈေးကွက်မှာ အရင်လို ဂုဏ်သတင်းမွှေးခဲ့တဲ့ အနေအထားအတိုင်း ပြန်ရောက်ဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ နှစ်နဲ့ချီတဲ့ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေကြောင့် လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေတဲ့ ဆိပ်ကမ်းအဆောက်အအုံတွေနဲ့ ငွေကြေးစနစ်တွေကိုလည်း ပိုမိုကောင်းမွန်အောင် အဓိကထားဆောင်ရွက်ဖို့ လိုပါသေးတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

ဒါ့ပြင် “တကယ်လို့ မြန်မာနဲ့ ကမ္ဘောဒီးယားပေါင်းပြီး သူတို့ဆန်စပါးကဏ္ဍကို ခေတ်မီအောင်လုပ်မယ်၊ မူဝါဒတွေ ပြောင်းမယ် ဆိုရင် ထိုင်းနိုင်ငံရဲ့ ထိပ်ဆုံးမှာ ရောက်နေတဲ့အနေအထားက ကာလတိုလေးပဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီနိုင်ငံ ၂ ခုစလုံးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေနဲ့ ပြည့်နှက်နေတဲ့အပြင် ဆန်စပါးစိုက်ပျိုးဖို့ သင့်တင့် လျောက်ပတ်တဲ့ သဘာဝပတ်ဝန်းကျင်လည်း ရှိတာမို့ သူတို့အနေနဲ့ ဆန်စပါးထုတ်လုပ်မှုကို တိုးချဲ့နိုင်ပြီး ဈေးကွက် ရှယ်ယာတွေကို ထိုင်းနိုင်ငံလက်ထဲကနေ ပြန်ဆွဲယူလိုက်နိုင်ပါတယ်” လို့လည်း ဆာမာရန်ဒူ မိုဟန်တီက အရှေ့ တောင်အာရှ ဈေးကွက်အလားအလာနဲ့ပတ်သက်တဲ့ လေ့လာမှုတခုထဲမှာ အကြံပြု ပြောကြားထားပါသေးတယ်။

မြန်မာနိုင်ငံမှာ ဆန်စပါးထုတ်လုပ်သူ၊ ဆန်စပါးကုန်သယ်နဲ့ ဆန်စက်လုပ်ငန်းရှင်အသင်းတွေကိုပေါင်းပြီး အစိုးရက ၂၀၁၀ ခုနှစ်မှာ MRIA ဖွဲ့စည်းတည်ထောင်ခဲ့တဲ့အပေါ် ဆာမာရန်ဒူ မိုဟန်တီက ချီးမွမ်းပါတယ်။ MRIA ဟာ ရင်းနှီးမြှုပ် နှံသူတွေ၊ လယ်သမားတွေနဲ့ ဆန်စက်ရှင်တွေကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ဆောင်ရွက်တဲ့အပြင် အစိုးရရဲ့ ပါဝင်ပတ်သက်မှု ဒါမှမဟုတ် ဝင်ရောက်စွက်ဖက်မှုမရှိပဲ ဆန်တင်ပို့နိုင်တဲ့အသင်းအဖွဲ့လည်း ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာ့ဆန်စပါးလုပ်ငန်းကို အရင်လိုဖြစ်လာအောင် အခြေခံအဆောက်အုံသစ်တွေဖန်တီးဖို့ ရင်နှီးမြှုပ်နံှမှု ပမာဏ အတော်များများ လိုအပ်ပါလိမ့်မယ်။ ဆန်စက်အသစ်တွေတည်ဆောက်ဖို့ ဒါမှမဟုတ်လည်း ရှိပြီးသားတွေ ပြန်လည်မွမ်းမံဖို့ကိုတောင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကုန်နိုင်တယ်လို့ ဦးရဲမင်းအောင်က ခန့်မှန်းပါတယ်။

ပြီးတော့ အဲ့ဒီငွေတွေ ဘယ်ကလာမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်းမရှိပါဘူး။ IRRI ရဲ့ ဇူလိုင်လထုတ် လေ့လာ ရေး အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားက ဥရုဂွေးနိုင်ငံမှာသုံးခဲ့တဲ့ စနစ်အတိုင်းသုံးရင် အကျိုးရှိကောင်းရှိနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ အဲဒီနိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှမတူတဲ့စနစ်ကိုသုံးပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တဟက်တာကို စပါး ၈ တန်ထွက်တာမို့ ကမ္ဘာပေါ်မှာ ဆန်ထွက်နှုန်း တတိယအများဆုံး အဆင့်ကို ရောက်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

“ဥရုဂွေးဆန်စပါးကဏ္ဍရဲ့ အဓိက အင်္ဂါရပ်တွေကတော့ ဒေါင်လိုက် ပေါင်းစပ်ဆောင်ရွက်မှုနဲ့ လယ်သမား တွေ၊ ဆန်စက်ရှင်တွေ၊ ဆန်သုတေသီတွေနဲ့ အစိုးရကြားက လုပ်ငန်းပွင့်လင်းမြင်သာမှုတွေဖြစ်ပါတယ်” လို့ IRRI က ပြောပါတယ်။

“ဆန်စက်ရှင်တွေက စက်ပစ္စည်းနဲ့ တခြားကုန်ကြမ်းတွေအတွက် ရင်းနှီးဖို့ လယ်သမားတွေလိုတဲ့ ငွေရဲ့ ၇၀ ရာခိုင်နှုန်း အထိ ချေးပေးကြတယ်၊ ပြီးတော့ သီးနှံဆုံးရှုံးမှုမရှိအောင် ကာကွယ်နိုင်ဖို့ အာမခံအစီအစဉ်တွေကို လယ်သမားတွေနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြတယ်” လို့လည်း IRRI က ဆိုပါတယ်။

ဥရုဂွေးစနစ်ရဲ့ တခြားအင်္ဂါရပ်တွေထဲမှာ ဆန်စက်ရှင်နဲ့ နိုင်ငံရပ်ခြားကုန်သွယ်တွေကြားက အဆက်အသွယ်၊ ဆန်စက် ရှင်၊ လယ်သမားနဲ့ နိုင်ငံဆန်စပါးသုတေသနဌာနက အပင်မျိုးဖေါက်တဲ့ သိပ္ပံပညာရှင်တွေအကြား ဆက်သွယ်ဆောင် ရွက်မှုနဲ့ မျိုးစေ့သစ်သုတေသနအတွက် ဆန်စပါးရောင်းချမှုကနေ ရံပုံငွေတရပ်ထူထောင်ထားတာတွေ ပါဝင်ပါတယ်။

“အာရှမှာ ဆန်အများစုကို သိပ်ဆင်းရဲတဲ့သူတွေ စားသုံးနေကြချိန်မှာ စူပါမားကက်တွေကနေ အရည်အသွေးမြင့်တဲ့ တံဆိပ်နဲ့ဆန်တွေကို ဝယ်ယူတဲ့ လူလတ်တန်းစားတရပ် ဥရုဂွေးနိုင်ငံမှာ ရုတ်ခြည်းတိုးပွားလာနေပါတယ်” လို့ IRRI အတွက် ဥရုဂွေးနိုင်ငံအကြောင်းလေ့လာခဲ့တဲ့ ဘက်စ်ဘောင်မင် (Bas Bouman) က ပြောပါတယ်။ သူဟာ ကမ္ဘာလုံး ဆိုင်ရာ ဆန်စပါးသိပ္ပံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Global Rice Science Partnership) မှာ တာဝန်ထမ်း ဆောင်နေ သူပါ။

“မြန်မာ့ဆန်စပါးထုတ်လုပ်မှုဟာ ဥရုဂွေးနိုင်ငံအတွေ့အကြုံကနေ အကျိုးအမြတ် ရနိုင်ချေရှိပါတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံကို မြေလွတ်မြေရိုင်းနယ်မြေ (Virgin Territory) တခုအဖြစ်သတ်မှတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိ ရှိနေတဲ့စနစ်က အတော်လေး မဖွံ့ဖြိုးတဲ့အပြင် ဘာဝန်ထုပ်ဝန်ပိုးမှလည်း မရှိတာကြောင့်ဖြစ်ပါတယ်။ တကယ် လို့သာ ဒီနိုင်ငံက ဆက်ပြီးလမ်းဖွင့်သွားမယ်ဆိုရင် ဥရုဂွေးပုံစံ ဆန်စပါးစနစ်ကို အခြေခံကနေ စတင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းကြီးတရပ် ဖြစ်နိုင်ပါတယ်” လို့လည်း သူက ဆိုပါသေးတယ်။

ဒါပေမယ့် ဒီစနစ်ကို မြန်မာပြည်မှာ မကျင့်သုံးနိုင်ခင် အရင်ရှင်းရမယ့် သိပ်အခြေခံကျတဲ့ ပြဿနာတရပ်ရှိနေပါတယ်။ လယ်ယာစိုက်ပျိုးမှုကို ခြိမ်းခြောက်နေတဲ့ ပြဿနာပါ။ အဲ့ဒါကတော့ မြေယာအခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာပဲဖြစ်ပါ တယ်။

မြန်မာအစိုးရက တွန်းတွန်းတိုက်တိုက်ဆောင်ရွက်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဟာ မြေယာသိမ်းမှုတွေ ပိုပြီးဖြစ် လာအောင် တွန်းအားပေးသလိုဖြစ်လိမ့်မယ်လို့ လယ်သမားအများအပြားက စိုးရိမ်ကြောင့်ကြနေကြတယ်၊ ဘာကြောင့် လဲဆိုရင် စီးပွားရေးလုပ်ငန်းကြီးတွေက ရင်းနှီးမြှုပ်နှံမှု အလားအလာသစ်တွေအပေါ် အသုံးချဖို့ နည်းလမ်းရှာဖွေနေကြ လို့ဖြစ်တယ်လို့ Reuters က ရေးပါတယ်။

“ဥပဒေမူကြမ်း ၂ ခုဖြစ်တဲ့ လယ်ယာမြေဥပဒေမူကြမ်းနဲ့ မြေလွတ်မြေရိုင်း ဥပဒေမူကြမ်းတွေဟာ အစိုးရက မြေယာ သိမ်းနိုင်တဲ့ အခွင့်အလမ်းတွေကို ပိုဖန်တီးပေးတဲ့အတွက် အခုဆိုရင် လယ်သမားအရေး လှုပ်ရှားနေသူတွေရဲ့ ဝေဖန် မှုနဲ့ ကြုံနေရပါပြီ” လို့လည်း ရိုက်တာသတင်းထဲမှာ ဖော်ပြထားပါသေးတယ်။

မြန်မာပြည်မှာ စီးပွားရေး ပြန်လည်နိုးထလာချိန်က ကံဆိုးချင်တော့ ကမ္ဘာပေါ်မှာ ဆန်တင်ပို့တဲ့ နိုင်ငံတွေပိုများလာပြီး ဆန်ဈေးကျတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာမို့ မြန်မာ့ဆန်စပါးပြန်လည်ဆန်းသစ်နိုင်ဖို့ အခွင့်အလမ်းတွေကို ပိုဆိုးဝါးသွား စေပါတယ်။

ဆန်အများဆုံးတင်ပို့တဲ့ ထိုင်းနိုင်ငံတောင်မှပဲ ၄၅ ရာခိုင်နှုန်းလျော့ကျသွားပြီး ဒီနှစ် ပထမ ၆ လမှာ မက်ထရစ်တန် ၃.၄၅  သန်းပဲ တင်ပို့နိုင်ခဲ့တာပါ။ ဒီလိုဖြစ်ရတဲ့ တစိတ်တပိုင်းကတော့ ပြိုင်ဘက်တွေဖြစ်တဲ့ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံ တွေက ဈေးကွက်ထဲမှာ အားကောင်းမောင်းသန်နဲ့ အပြိုင်အဆိုင်လုပ်လို့ပါပဲ။

၂၀၃၅ ခုနှစ်ရောက်ရင် တကမ္ဘာလုံးမှာ ဆန်ဝယ်ယူလိုမှု နှစ်စဉ် မက်ထရစ်တန် ၁၁၆ သန်းအထိ မြင့်တက်လာဖို့ မျှော် လင့်ထားတာမို့ ဒီလိုအဟန့်အတားမျိုး ရေတိုနဲ့ အလယ်အလတ်ကာလအပိုင်းအခြားတွေမှာ ကြုံရဖို့ရှိတယ်လို့ IRRI က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာပေါ်က ဆန်အများဆုံးတင်ပို့တဲ့ ၅ နိုင်ငံစာရင်းမှာ တခါပြန်ပါနိုင်ဖို့အတွက် ခရီးရှည်လှမ်း တက်ဖို့ လိုကောင်းလိုနေသေးပေမယ့် ကမ္ဘာပေါ်က ဆန်အများဆုံးစားတဲ့ နိုင်ငံတွေထဲမှာတော့ လောလောဆယ် နံပါတ် ၅ နေရာမှာ ရောက်နေပါပြီ။

ဆန်ဟာ မြန်မာတွေအတွက် အရေးပါတဲ့ အဓိကအစားအစာဖြစ်ပြီး လူတယောက်ရဲ့ တနှစ်စားသုံးမှုက ပျမ်းမျှ ၁၅၇ ကီလိုကရမ်ရှိပါတယ်။ ဒီစားနှုန်းက အရှေ့တောင်အာရှမှာရှိတဲ့ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေ ထက် ပိုမြင့်ပါတယ်။

William Boot ၏ Can Burma Become World Rice Bowl Again? ကို ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading