ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ တချို့ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
သြဂုတ်လ ၂၅ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) တွင် ကျင်းပသည့် မီဒီယာများ တွေ့ဆုံပွဲ၌ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက “ကုန်ထုတ်စွမ်းအားက ထင်သလောက် တိုးလာတာမျိုး မရှိပေမယ့် လုပ်ငန်းလိုအပ်ချက်အရ ကျနော်တို့ အလုပ်သမားများရဲ့ လုပ်ခလစာများကို တိုးမြင့်ပေးခဲ့ရပါတယ်။ ဒီလို တိုးမြင့်ပေးပြီးတဲ့နောက် ကျနော်တို့ အလုပ်ရှင်များဟာ အလုပ်သမားများကို ရင်ဝယ်ပိုက်ပြီးတော့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ခုချိန်မှာ ကြိုးပမ်းဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ကာလများအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးမှ အထည်ချုပ် အလုပ်သမားများ၏ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လုပ်ခ၊ လစာနှင့် တခြားအလုပ်သမား အခွင့်အရေးများကို လုပ်ငန်းရှင်များဘက်မှ လိုက်လျောခဲ့ရသည်။
မြန်မာနိုင်ငံ၏ ပွင့်လင်းလာသော အခြေအနေနှင့် ရရှိလာနိုင်သော အထည်အော်ဒါများအတွက် ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေး အချိန်တိုးမြှင့်လုပ်ခွင့်ကို တပတ်လျှင် ၂၈ နာရီရရှိရန် အလုပ်သမား ဝန်ကြီးဌာနသို့ အသနားခံစာ တင်ပြခဲ့သော်လည်း အလုပ်သမားဝန်ကြီးဌာနက ဥပဒေနှင့် မညီသည့်အတွက် ခွင့်ပြုရန် အခွင့်အာဏာမရှိဟု ပြန်ကြားခဲ့ကြောင်း သိရသည်။
“လက်ရှိအခြေအနေအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့မှာ လုပ်အားထက် ထွက်နှုန်းပိုများနေတဲ့အတွက် အလုပ်ချိန်အပေါ်မှာ တိုးလုပ်နေရပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။
၂၀၀၃ ခုနှစ် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးအရ ပိတ်ဆို့မှုကြောင့် အထည်ချုပ်စက်ရုံ ထက်ဝက်ကျော် ပိတ်သိမ်းခဲ့ရပြီး အထည်ချုပ်အလုပ်သမား သိန်းနှင့်ချီ၍ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း၊ ဈေးကွက် ပိတ်သွားခြင်းကြောင့် ဈေးကွက်တည်ရှိရာ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများရှိ အထည်ချုပ်စက်ရုံများသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့သွားကြပြီး မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သည့် လုပ်သားအများစုမှာ မကျွမ်းကျင်သူများဖြစ်ကြောင်း သိရသည်။
အလုပ်သမားသစ်များ ခေါ်ယူသင်ပေးသော်လည်း သင်ယူပြီးပါက အလုပ်ထွက်သူက များနေခြင်း၊ ကျွမ်းကျင်သူများ မဟုတ်ခြင်းကြောင့် အမှားအယွင်း များခြင်း၊ ချုပ်ထည်များ၏ အရည်အသွေး ကျဆင်းခြင်း၊ ငွေလဲလှယ်နှုန်း ကျဆင်းခြင်း၊ မီတာခ ၁ ဆခွဲခန့် တက်သွားခြင်း၊ တင်ပို့သော နိုင်ငံများ၏ အခွန်ကင်းလွတ်ခွင့် မရရှိခြင်း အစရှိသည့် စရိတ်များကြောင့် အထည်ချုပ်လုပ်ငန်းရှင်များသည် အလုပ်သမားများအတွက် လုပ်ခ၊ လစာရှင်းပေးရန်ပင် အခက်အခဲ တွေ့ကြုံနေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“ကျမတို့ အနေအထားက ဒီလကုန် လခပေးဖို့ ပိုက်ဆံရှိပါ့မလား၊ လောက်ပါ့မလားဆိုတဲ့ အတွေးအပြင် ဘာထပ်တိုးလာသလဲဆိုတော့ လကုန်ရင် ငါတို့ဆီက ကလေးတွေ ဘယ်များထွက်ကုန်ကြမလဲ၊ ကိုယ်ပေးတဲ့ လခက နည်းတယ်ဆိုပြီး ဆန္ဒဖော်ထုတ်တာများ လုပ်နေကြမလား ဆိုပြီး ကျမတို့ လတိုင်းလတိုင်း တွေးကြောက်နေရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှု ရှိလာသော အခြေအနေများကြောင့် ဥရောပနှင့် အမေရိကသို့ အထည်တင်ပို့ရမည်ဆိုပါက လူ့စွမ်းအားအရင်းအမြစ် ပြဿနာကြောင့်ပင် အခက်အခဲများစွာ ကြုံတွေ့နိုင်ရမည်ကို အထည်ချုပ်လုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကို ၂၀၀၃ ခုနှစ်မှစတင် ကျင့်သုံးခဲ့သည်။ စီးပွားရေး ပိတ်ဆို့မှု မတိုင်မီက မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာသန်း ၈၀၀ ကျော်အထိ ရရှိခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့ပြီးနောက် အထည်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့်သာ ရှိတော့ပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ် ပို့ကုန်ဈေးကွက်မှာ လက်ရှိကာလတွင် ဂျပန်နိုင်ငံသို့ ၃၀ ရာခိုင်နှုန်း၊ ဂျာမနီနှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ ၂၀ရာခိုင်နှုန်း၊ စပိန်၊ ယူကေနိုင်ငံနှင့် တခြားနိုင်ငံများသို့ ၁၀ ရာခိုင်နှုန်း တင်ပို့မှုရှိနေကြောင်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အထည်ချုပ်လုပ်ငန်းတွင် အတင်းအဓမ္မ အလုပ်ခိုင်းစေမှုများ၊ ကလေးအလုပ်သမား ခိုင်းစေမှုများ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်သည်ဟု စွဲချက်တင် အရေးယူမှုတချို့ကို ၂၀၁၂ ဇွန်လအတွင်းက ဖြေလျှော့ပေးခဲ့သည်။