မြန်မာ့ အာမခံ လုပ်ငန်းသို့ လုပ်ငန်း လုပ်ပိုင်ခွင့် လျှောက်ထားခဲ့ကြသည့် ပုဂ္ဂလိကပိုင်ကုမ္ပဏီ ၂၀ အနက် ၁၂ ခု ကို လုပ်ကိုင်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့က ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ ဥက္ကဌ ဦးအေးမင်းသိန်းက ပြောသည်။
လုပ်ကိုင်ခွင့်ရရှိသွားသည့် ပုဂ္ဂလိကုမ္ပဏီ ၁၂ ခုမှာ Apex Insurance International၊ I.K.B.Z Insurance၊ Great Future International Insurance၊ Capital Life Ltd Insurance Application၊ Global Standard Insurance၊ Green Asia Insurance၊ Pillar of Truth Insurance၊ ဧရာမြန်မာအာမခံလုပ်ငန်း၊ မြဝတီအာမခံကုမ္ပဏီလီမိတက်၊ကျောက်စိမ်းဘုရင်နှင့် ဘုရင်မ ဝန်ဆောင်မှုကုမ္ပဏီ လီမိတက်၊ နိုင်ငံသားစီးပွားရေးအာမခံ အများပိုင်လီမိတက်၊မြင့်မိုရ်မင်းအာမခံကုမ္ပဏီတို့ဖြစ်သည်။
“အာမခံကြီးကြပ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် တင်ပြလာတဲ့လျှောက်လွှာတွေကို ဥပဒေနှင့် နည်းဥပဒေတွေအရ ချမှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်း ၈ချက်နှင့်ကိုက်ညီမှုရှိ မရှိ စိစစ်ပြီး တော့ ဒီကုမ္ပဏီ ၁၂ ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြီးတော့ လုပ်ကိုင်ခွင့်ရရှိသွားတဲ့ ကုမ္ပဏီတွေထဲမှာ ကမ္ဘောဇ၊ မက်စ်မြန်မာ ၊အေး ရှားဝေါလ်၊ ဒိုင်းမွန်းစတား၊ ရွှေတောင်အုပ်စု၊ ရေနံပိုက်လိုင်းကုမ္ပဏီ၊ ကားကုမ္ပဏီ စတဲ့ ခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ပါဝင်ပါတယ်။ ဒီ ၁၂ ခုထဲက Capital Life Ltd Insurance Application နှင့် နိုင်ငံသား စီးပွားရေး အာမခံ အများပိုင် လီမိတက်၊ မြင့်မိုရ်မင်း အာမခံကုမ္ပဏီတွေက အသက်အာမခံလုပ်ငန်းကိုဘဲ သီးခြားလုပ်ကိုင်သွားမှာဖြစ်တယ်။ ကျန်တဲ့ ၉ ခု ကတော့ အသက်အာမခံနဲ့ အထွေထွေအာမခံ တွဲပြီး လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းလုပ်ကိုင် ခွင့်ကို ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်ထားတဲ့လုပ်ငန်းစဉ် အဆင့်ဆင့် ပြီးဆုံးပြီးတော့ အာမခံလုပ်ငန်းနှင့် ပတ်သတ် တဲ့ training တွေပြီးဆုံးမယ့် ၆လ သို့မဟုတ် ၁ နှစ် အတွင်းမှာ ဖွင့်လှစ် လုပ်ကိုင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်” ဟု ဥက္ကဌ ဦးအေးမင်းသိန်းက ဆိုသည်။
ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုသည့်အာမခံအမျိုးအစားများမှာ အသက်အာမခံနှင့် အထွေထွေ အာမခံများဖြစ်သည့် မီးအာမခံ၊ မော်တော်ယာဉ် အလုံးစုံ အာမခံ၊ ငွေပို့ငွေသယ် အာမခံ၊ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံတို့ဖြစ်ပြီး လုပ်ငန်း၏ ခိုင်မာမှုနှင့် ယုံကြည်စိတ်ချရမှုအတွက် အသက်အာမခံလုပ်ငန်း လုပ်ကိုင်သူများမှာ Paid-up Capital မတည်ရင်းနှီးငွေ ကျပ်သန်းခြောက်ထောင်၊ အထွေထွေအာမခံအတွက် မတည်ရင်းနှီးငွေ ကျပ်သန်းလေးသောင်း နှင့် လုပ်ငန်း၂ခုပေါင်း လုပ်ကိုင်လိုသူတို့မှာ မတည်ရင်းနှီးငွေ ကျပ် ၄၆ ဘီလီယံ ရှိရမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရွေးချယ်ခြင်းခံရသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ရင်းနှီးမြုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်ကာ သက်ဆိုင်ရာ လုပ်ငန်း အမျိုးအစားအလိုက် မတည် ရင်းနှီးငွေကို မြန်မာ့စီးပွားရေးဘဏ်များတွင် ထည့်သွင်းရမည် ဖြစ်ကြောင်းနှင့် ယင်းကိစ္စရပ်များအား ဆောင်ရွက်ထားရှိခြင်း ရှိ မရှိကိုလည်း ကြီးကြပ်ရေးအဖွဲ့က စစ်ဆေးအတည်ပြုပြီးမှသာ လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဦးအေးမင်းသိန်းက ဆိုသည်။
အာမခံအမျိုးအစား ၄၁ မျိုးရှိသည့်အနက် လတ်တလောတွင် ၆ မျိုးကိုသာ လုပ်ကိုင်ခွင့်ချပေးမည်ဖြစ်သော်လည်း လုပ်ငန်း၏ ခိုင်မာရပ်တည်နိုင်မှုအပေါ် မူတည်ပြီး လာမည့်ကာလများတွင် လုပ်ကိုင်ခွင့်အမျိုးအစားများကို ထပ်မံ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။