အမေရိကန်ဒေါ်လာ ၅ သန်း အနည်းဆုံး ရင်းနှီးရမည်ဆိုသော အချက်ကို ပယ်ဖျက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ဥပဒေမူကြမ်းကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည်။
ယခု ဥပဒေကြမ်းတွင် အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံရမည်ဆိုသည့် ဥပဒေရပ်အစား လုပ်ငန်းအမျိုးအစားအပေါ် မူတည် ပြီး အနည်းဆုံး မည်မျှရင်းနှီးသင့်သည်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် အစိုးရအဖွဲ့က ပူးပေါင်းဆုံးဖြတ်မည် ဖြစ်ကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောသည်။
“လွှတ်တော် နှစ်ရပ်က ကိုယ်စားလှယ်တွေ အားလုံးညှိနှိုင်းပြီး နိုင်ငံခြားရင်းနှီမြှုပ်နှံမှုကို အဟန့်အတားဖြစ်မယ့် အရာတွေ ဖယ်ရှားကြ တယ်”ဟု ၎င်းက ဆိုသည်။
ထိုအပြင် နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်သော လယ်ယာစိုက်ပျိူးရေးနှင့် နှစ်တို၊ နှစ်ရှည် စိုက်ပျိုးရေး လုပ်ငန်းများ၊ မွေးမြူရေး လုပ်ငန်းများနှင့် မြန်မာ့ ပင်လယ်ပြင် ကမ်းလွန် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ခွင်ကိုလည်း တားမြစ် ထားခြင်းမှ ဖြေလျှော့မှုပြုလုပ်ပေးခဲ့သည်ဟု ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
ဤလုပ်ငန်းများ လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အများဆုံးမတည်ရင်းနှီးငွေ ၅၀ ရာခိုင်နှုန်းထည့်ဝင်ရန် အဆိုပြုနိုင်ပြီး တိုးချဲ့ရင်းနှီးလိုပါက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းကာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တိုးနိုင်သည်ဟုလည်း ဆက်ပြောသည်။
သို့သော် တိုင်းရင်းသား လုပ်ငန်းရှင်များ အကျိုးအတွက် မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွင် ကမ်းနီးငါးဖမ်းခြင်း လုပ်ကိုင်ခွင့် ကိုမူ ပြုလုပ်ခွင့်ပေး မထားပေ။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကန့်သတ်ထားသည် တခြားသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စုစုပေါင်းမတည် ရင်းနှီးငွေမှာ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ပါဝင်ရမည် ဆိုသည့် အချက်ကိုမူ ပယ်ဖျက်ပေးခြင်း မရှိကြောင်း သိရသည်။
သြစတြေးလျ နိုင်ငံ Macquarie တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူနှင့် စီးပွားရေး ပညာရှင် ရှောင်တာနဲလ် (Sean Turnell) က မြန်မာနိုင်ငံသည် လယ်ယာပို့ကုန်လုပ်ငန်းတွင် အောင်မြင်နေသည့် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်လျှင် နှစ်ပေါင်း ၅၀ခန့် နောက်ကျနေပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် လုပ်သားအင်အားစုများကို အသုံးချပြီး ထုတ်ကုန် ဖန်တီးနိုင်သည့် နိုင်ငံအဆင့်ကို ရောက်နေပြီဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံအနေဖြင့် ယခင်ကလည်း ပြင်းထန်သည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး လမ်းကြောင်းကို လျှောက်လှမ်းခဲ့ဖူးပြီ ဖြစ်၍ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ချိတ်ဆက်မိရန်လိုကြောင်း ပြောဆို သည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းချက်များ ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုသည်။