ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံများဖြစ်သည့် တရားရုံးချုပ်နှင့် စုပေါင်းတရားရုံးတို့ကို ဟိုတယ်၊ ပြတိုက်နှင့် စားသောက်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ရန် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးလိုက်ခြင်းကို အမြန်ဆုံး ရပ်ဆိုင်းပေးရေးနှင့် ရပ်ဆိုင်းခြင်းမပြုပါက အစိုးရအား တရားစွဲဆိုမည်ဟု ရှေ့နေများကွန်ရက်က ယမန်နေ့က ထုတ်ပြန်လိုက်သည်။
“တရားရုံးကို ရောက်လာတဲ့ အမှုတရားခံတယောက်ကို ဝန်ကြီးချုပ်က ပြန်လွှတ်ပေးတာမျိုး ရှိခဲ့လို့ ကျနော် တရားစွဲခဲ့ဖူးတဲ့ အမှုတွဲ အခုထိရှိသေးတယ်။ အခုကိစ္စမှာလည်း အစိုးရကို နို့တစ်စာပဲ ပို့ချင်ပို့ရပါစေ၊ လမ်းပေါ်ထွက် ဆန္ဒပြချင်ပြရပါစေ လုပ်သွားမယ်။ ရှေးဟောင်းအမွေအနှစ်ကို ရောင်းပစ်တဲ့ကိစ္စကို ကယ်တင်ဖို့ လူထုကိုလည်း တောင်းဆိုပါတယ်” ဟု တရားလွှတ်တော်ရှေ့နေကြီး ဦးသန်းတင်က ပြောသည်။
တရားရုံးချုပ်သည် ပန်းဆိုးတန်းလမ်းမတွင် တည်ရှိပြီး စုပေါင်းတရားရုံးမှာ ကမ်းနားလမ်းတွင် တည်ရှိသည်။
စုပေါင်းတရားရုံး အဆောက်အအုံသည် စတင်တည်ဆောက်စဉ်က Small Causes Court အဖြစ် ဆောက်လုပ်ခဲ့သော အဆောက်အဦဖြစ်ပြီး တရားသူကြီးများစွာ ရုံးထိုင်၍ အမှုများ စီရင်စစ်ဆေးနိုင်ရန် တရားခွင်၊ တရားသူကြီးရုံးခန်း၊ ဘီလစ်ရုံးခန်း၊ အမှုတွဲမှတ်တမ်းများ ထားရှိသည့်အခန်း စသည်ဖြင့် စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောက်လုပ်ထားခြင်းကြောင့် တရားရုံးအဖြစ်သာ ဆက်လက်ထားရှိ အသုံးပြုသင့်ကြောင်း ရှေ့နေများကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ယင်းရှေးဟောင်း အဆောက်အအုံများကို ပြည်ပကုမ္မဏီ တခုနှင့် ပြည်တွင်းလုပ်ငန်းရှင် တဦးတို့အား ဟိုတယ်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းသည် အစိုးရက ပြဋ္ဌာန်းထားသည့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ဖောက်ဖျက်ရာရောက်ကြောင်း ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“ဥပဒေနဲ့ အတိအကျ ပြဋ္ဌာန်းကာကွယ်ထားတဲ့ အဆောက်အုံတွေ၊ လက်ရှိ တရားစီရင်ရေးမှာ အသုံးပြုနေတဲ့ အဆောင်အအုံတွေကို မြို့စွန်မြို့ဖျားကို ပို့ပစ်ပြီး ဒီရုံးတွေကို ဟိုတယ်ဖွင့်တယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ။ လက်ရှိနေရာဟာ အမှုသည်တွေ၊ ရှေ့နေတွေ၊ သက်သေတွေ၊ တရားသူကြီးတွေနဲ့ ရုံးဝန်ထမ်းအားလုံး သွားလာရေး လွယ်ကူတဲ့နေရာမှာ ရှိတဲ့အတွက် တရားရုံးအဖြစ် ဆက်သုံးခွင့် ရချင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ဟိုတယ်အဖြစ် ပြောင်းလဲမည့် ရန်ကုန်တိုင်း တရားရုံးပတ်လည်တွင် ဝင်းထရံများ ကာရံထားသည်ကို တွေ့ရသည်။
ယခင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်တွင် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ၎င်းက နယ်ချဲ့ကိုလိုနီများ ဆောက်ခဲ့သည့် အဆောက်အအုံများ ဖြစ်သည့်အတွက် သူ့ကျွန်ဘ၀ အမွေများအား အထူးထိန်းသိမ်းရန် မလိုကြောင်း သတင်းထောက်များ၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့ဖူးသည်။
ရှေ့နေများကွန်ရက်၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦးက “ဒီအဆောက်အအုံတွေဟာ အင်္ဂလိပ်လက်ထက်က လုပ်ထားတာ ဖြစ်တဲ့အတွက် နယ်ချဲ့အရိပ်အငွေ့အသက်တွေ ပျောက်အောင် လုပ်ရမယ်ဆိုတဲ့ သဘောရှိတယ်။ သမိုင်းဟာ ငြင်းလို့မရဘူး။ ကျုပ်တို့ကျွန် ဖြစ်ခဲ့တာပဲ။ အဲဒီကျွန်ဘဝက လွတ်အောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ ကယ်တင်ခဲ့တာပဲ။ ဒါတွေနဲ့ ပတ်သက်တာက ပြီးခဲ့ပြီ။ ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲဆိုတာ နောင်လာနောက်သားတွေကို ပြောဖို့အတွက် ဒါတွေက မားမားမတ်မတ် ကျန်နေသင့်တယ်” ဟု ပြောသည်။
ရှေ့နေများကွန်ရက်က ယင်းအဆောင်အအုံများအား တရားရုံးများအဖြစ် ဆက်လက်သုံးစွဲခွင့်ရရန် သမ္မတထံသို့ တရားဝင်စာ ရေးသားပေးပို့ခဲ့သော်လည်း ယနေ့အထိ မည်သည့်တုန့်ပြန်မှုမျှ မရရှိသေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်းအဆောက် အအုံအရေအတွက် ၁၈၉ လုံးရှိကြောင်း သိရှိရသည်။