နိုင်ငံ့စီးပွားရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Small and Medium Enterprises, SME) ကို အရှိန်ယူ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ဧရာဝတီသို့ ပြောသည်။
အခြေခံ စီးပွားရေး လုပ်ငန်းများနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန် သမ္မတ ဦးသိန်းစိန်ကလည်း ကျပ်ငွေ ၅ ဘီလီယံချပေးထားကြောင်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိဘဏ်မှလည်း ထိုလုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ရန် ချေးငွေများ ချပေးနေကြောင်း သိရသည်။
“ကျနော်တို့အတွက် လတ်တလော Industry မူဝါဒကတော့ SME ပဲ၊ ထွက်ပေါက်ကလည်း SME ပဲ၊ လူတွေအများကြီး အလုပ်ရ မယ်၊ အလုပ်အကိုင် ဖန်တီးမှုပေါ့၊ ကျနော်ထင်တယ် နောက်ထပ် ၃ နှစ်လောက်မှာ မီးတွေ၊ ဘာတွေလည်းရမယ်ဆိုရင်တော့ သံမဏိတွေ၊ ဘာတွေလည်း ထုတ်မှာပေါ့ဗျာ အဲဒီအချိန်ကြရင်တော့” ဟု ဦးစိုးသိန်း က ပြောသည်။
ထိုလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်လာနိုင်ရေးအတွက် ချေးငွေများ ချပေးမည့် နိုင်ငံတကာ အဖွဲ့များထံတွင်လည်း တောင်းခံ ထားပြီး နော်ဝေး၊ အမေရိကန်နှင့် ဂျာမနီနိုင်ငံများ ကလည်း မြန်မာနိင်ငံကို ချေးငွေများ ချပေးသွားရန်ရှိကြောင်းသိရသည်။
ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံနိုင်ရေး အတားအဆီးဖြစ်နေသော အမေရိကန်ဒေါ်လာ ၅ သန်း အနည်းဆုံး ရင်းနှီးရမည်ဆိုသော အချက်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဥပဒေမူကြမ်းတွင် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ ယင်းကိစ္စကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်များကို ဆွေးနွေး ဖြောင်းဖြပေး ခဲ့ကြောင်းလည်း ဝန်ကြီးဦးစိုးသိန်းက ဆိုသည်။
ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထည်ချုပ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်း အပါအဝင် အသေးစား အလတ်စား လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ဦးစိုးသိန်း က ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အများဆုံးမတည်ရင်းနှီးငွေ ၅၀ ရာခိုင်နှုန်းထည့်ဝင်ရန် အဆိုပြုနိုင်ပြီး တိုးချဲ့ရင်းနှီးလိုပါက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းကာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တိုးနိုင်သည်ဟု ဆိုသော်လည်း ဥပဒေသည် မရှင်းလင်းကြောင်း ရင်းနှီးမြှုပ်နှံသူများက ဆိုသည်။
မြန်မာ့စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော SPA Group ၏ ဥက္ကဌ ဆာ့ချ်ပန်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တင်းကြပ်မှုလုပ်ထားသော ကဏ္ဏ ၁၃ ခုကို အဓိပါ္ပယ်ဖွင့်ဆိုမှုမှာ ယေဘုယျဆန်ပြီး ပိုင်ဆိုင်မှု ၅၀ ရာနှုန်းနှင့် အောက်သာ ပေးထားသည်က အစိုးရအနေဖြင့် နိုင်ငံခြားသား အများစု ပိုင်ဆိုင်ခွင့်ကို မလိုလားရာ ပြကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားထားသည်။
၅၀-၅၀ ပိုင်ဆိုင်မှုသည်လည်း ဆုံးဖြတ်ချက်ချရာတွင် အကြပ်ဆိုက်စေကြောင်း ဆာ့ချ်ပန်က ဆိုသည်။