“ရိုးသားမှု၊ ကျင့်ဝတ္တရားနှင့် လူအများအား လေးစားမှုတို့အပေါ်တွင် ကျွနု်ပ်တို့ထားရှိသည့် တန်ဖိုးအနှစ်သာရများအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်သော်လည်းကောင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာတို့တွင် မြင့်မားသည့် စံချိန်စံညွှန်းများကို ကျွန်ုပ်တို့ ချမှတ်ထားသည့်အပြင် ထိုအရာများအတိုင်း နိုင်ငံတကာတွင် လုပ်ငန်းလည်ပတ်လျှက်ရှိပါသည်” တဲ့။
ဒီလို စကားလုံးမျိုးတွေက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို တကယ် တုန်လှုပ်ချောက်ချားစေ နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လုပ်ငန်းပိုင်းမှာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လမ်းပွင့်လာနိုင်ဖို့ဆိုတဲ့ အနောက်နိုင်ငံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတချို့ရဲ့ ဖိအားတွေနဲ့ MOGE က နပန်းလုံးနေရတာကိုး။
အဲ့ဒီစာသားတွေဟာ ရှဲလ် (Shell) ကုမ္ပဏီရဲ့ စီးပွားရေး စံချိန်စံညွှန်းဆိုင်ရာ ကြေငြာစာတမ်းထဲက အရာတွေဖြစ်ပြီး ဘာ့ကြောင့် မြန်မာ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက လုပ်ကွက်တွေ ချထားပေးမယ့် ဒါဇင်နဲ့ချီတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေးလိုင်စင်တွေ မကြာသေးခင်က ပြန်ရုတ်သိမ်းလိုက်ရသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သာစေပါတယ်။
မြန်မာ့ကမ်းလွန်ရေပိုင်နက်နဲ့ ကုန်းတွင်းပိုင်းက အကျိုးအမြတ် များနိုင်တဲ့ လုပ်ကွက်နေရာ ၄၀ ကျော်ကို ဒီလအစော ပိုင်း ရန်ကုန်မှာကျင်းပတဲ့ မြန်မာ့ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် (Myanmar Oil, Gas and Power) ဖိုရမ်မှာ ကြေငြာလိမ့်မယ်လို့ ယူဆထားခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် MOGE ထဲမှာလည်း အပြောင်းအလဲတွေလုပ်ဖို့ အနောက်နိုင်ငံကုမ္ပဏီတွေက တောင်း ဆိုကြပြီးတဲ့နောက် လုပ်ကွက်လေလံပစ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ကြေငြာ လိုက်လို့ပါ။
ရှဲလ်လို ကုမ္ပဏီတွေကလည်း လေလံပစ်မယ့် လုပ်ငန်းစဉ်အပါအဝင် MOGE မှာ ဘယ်သူတွေ ပါဝင်ဆောင်ရွက်မယ် ဆိုတာနဲ့ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ငန်းလည်ပတ်မယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်းနဲ့ ပွင့်ပွင့်လင်း လင်း ရှင်းပြဖို့ တောင်းဆိုခဲ့ကြပါတယ်။
အရင် စစ်အစိုးရနေရာမှာ အစိုးရသစ် တက်လာပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စတင်ချိန်အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းလိုင်စင်နဲ့ အပေးအယူ ကိစ္စအားလုံးကို စစ်တပ်ပိုင်လို့ လူသိများတဲ့ MOGE ကတဆင့် ဆောင်ရွက်ရတာပါ။ အမေရိကန်အစိုးရနဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ပြစ်တင်ဝေဖန်ခဲ့ကြပေမယ့် MOGE ကတော့ လုပ်ငန်းကို ထဲထဲဝင်ဝင် ချုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွေကို စံချိန်စံညွှန်းတွေနဲ့အညီ ပြန်လည် မွမ်းမံပြီး ဒီနှစ်အကုန်ပိုင်းမှာ ကမ်းလွန်နဲ့ ကုန်းတွင်းပိုင်း ရှာဖွေရေးလုပ်ကွက်လိုင်စင်သစ်တွေ ထုတ်ပေးနိုင်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ခြစားမှု တိုက်ဖျက်ရေးနဲ့ ပိုမို ပွင့်လင်းမြင်သာမှု ရှိရေး နိုင်ငံတကာ စာချုပ် Extractive Industries Transparency Initiative (EITI) ကို လက်မှတ်ထိုးဖို့ စိတ်ဆုံးဖြတ်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်းကလည်း The Wall Street Journal သတင်းစာကို ပြောထားပါတယ်။ နော်ဝေမှာ ရုံးထိုင်တဲ့ EITI ရဲ့ အကြီးအကဲ မစ္စတာ ဂျဲနပ်စ် မိုဘာ့ဂ်နဲ့ အဖွဲ့ မကြာခင်က မြန်မာပြည်သွားခဲ့ပြီး နေပြည်တော် အာဏာပိုင်တွေနဲ့ တွေ့ခဲ့ပါတယ်။
ဒါပေမယ့် လုပ်ငန်းဆန်းစစ်သူတွေ၊ မြန်မာ့အရေး လေ့လာသူတွေကတော့ အဲ့ဒီလို ပြန်လည်မွမ်းမံတဲ့ကိစ္စတွေကို အစီ အစဉ်တကျ သပ်သပ်ရပ်ရပ်နဲ့ ၂၀၁၃မှာ ပြီးနိုင်တယ်လို့ မျှော်လင့်မယ်ဆိုရင်တောင် အကောင်းမြင်လွန်းရာကျတယ်လို့ ထင်ကြပါတယ်။
“MOGE ထဲမှာ တကယ်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အလျှင်အမြန် လုပ်ရပါလိမ့်မယ်၊ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ကမ်းလွန်လုပ်ကွက်တွေနဲ့ပတ်သက်တဲ့ လုပ်ငန်းအစီအစဉ် အသေးစိတ်ကို အချိန်အတိုအတွင်း ရေးဆွဲနိုင်လိမ့်မယ်လို့ ကျနော်မမြင်ပါဘူး” လို့ ဟောင်ကောင်အခြေစိုက် စွမ်းအင်ဆန်းစစ်သူ ဂျက်ဖ် မိဒ် (Jeff Mead) က ပြောပါတယ်။
အခြားသူတွေက အခုလို လုပ်ငန်းလုပ်ကွက်တွေပေးဖို့ကြာနေတာဟာ ရေရှည်မြန်မာ့စီးပွားရေးအတွက် အမြော်အမြင်ရှိတဲ့ ဆောင်ရွက်မှုလို့ ယူဆကြပါတယ်။
“ဒီစီမံကိန်းတွေဟာ အမျိုးသား အကျိုးစီးပွားအတွက် ဖြစ်စေဖို့နဲ့ နိုင်ငံအနေနဲ့လည်း အဲ့ဒီစီမံကိန်းတွေကနေ ဖြစ်နိုင်သမျှ အကျိုးအမြတ် အများဆုံးရနိုင်အောင် သေသေချာချာ ဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရကို အချိန်ပေးရမယ်၊ ဒါကြောင့် အခုလို လုပ်ကွက်သစ် လိုင်စင်တွေထုတ်ပေးတဲ့အပေါ် အချိန်ဆွဲထားတာမျိုး ရှိသင့်တယ်လို့ တချို့က အကြံပေးနေကြပါတယ်” လို့ မြန်မာ့စီးပွားရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး (Burma Economic Watch) စာစောင်ရဲ့ တွဲဖက်အယ်ဒီတာဖြစ်တဲ့ သြစတြေလျနိုင်ငံ မက်ကွိုင်ယားတက္ကသိုလ် (Macquaire University) က စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ဆိုပါတယ်။
“အထူးသဖြင့် ဒီစီမံကိန်းတွေကရမယ့် ဝင်ငွေတွေက မြန်မာပြည် ဘဏ္ဍာရေး အနာဂတ်အတွက် အခြေခံတွေဖြစ်လာမှာ မို့ ဘာကိုမှ အလျင်စလို လုပ်စရာ မလိုပါဘူး။ ရလာမယ့်ငွေတွေကို အခြေခံအဆောက်အအုံတွေ အဆင့်အတန်းမြှင့်ဖို့၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍာတွေ တိုးတက်လာအောင်လုပ်ဖို့နဲ့ နိုင်ငံကိုယ်၌က လိုအပ်နေတဲ့ စွမ်းအင်တွေဖြည့်ဆည်းဖို့ သုံးရမှာ” လို့ သူက ပြောပါတယ်။
“အရင်အစိုးရကတော့ ငွေများများရဖို့ သဘာဝဓာတ်ငွေ့ကို မြန်နိုင်သမျှ အမြန်ဆုံး ထုတ်ရောင်းချင်ခဲ့တာ။ အခုအစိုးရ သစ်မှာတော့ အဲ့ဒီထက် ပိုအရေးကြီးတဲ့ အစီအစဉ်တွေရှိတယ်” လို့လည်း သူက ဆိုပါသေးတယ်။
ပြီးခဲတဲ့ ရန်ကုန်ဖိုရမ်မှာ မေးမြန်းခဲ့ကြတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာ မေးခွန်းတချို့ကို စက်တင်ဘာ ၇ ရက်နေ့တုန်းက လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ ပြင်ဆင်ချက် အတော်များများပါ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဥပဒေက ရှင်းမပြနိုင်သေးသလို အခြားကိစ္စ အများအပြားအတွက်လည်း အဖြေမရှိဘဲ ဖြစ်နေဆဲပါ။
အဲ့ဒီဖိုရမ်ကို တက်ရောက်ခဲ့တဲ့ အနောက်နိုင်ငံကုမ္ပဏီတွေအနေနဲ့လည်း ကမ်းလွန်လုပ်ကွက်တွေနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ သိရလိမ့်မယ်လို့ မျှော်လင့်ထားကြပေမယ့် ဘာအချက်အလက်မှ မရှိတဲ့အပေါ် စိတ်ပျက်လက် ပျက် ဖြစ်ကုန်ကြတယ်လို့ သိရပါတယ်။ MOGE အနေနဲ့ မေးတဲ့မေးခွန်းတွေကို မဖြေချင်တာလည်း ဖြစ်နိုင်သလို မဖြေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
“အခြေအနေက ကိုယ်ဖြစ်ချင်သလိုမျိုး ဖြစ်လို့မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်၊ ဘာဖြစ်လို့လဲဆိုတဲ့ မြန်မာအစိုးရက လိုအပ်တဲ့ ရှာဖွေရေးနဲ့ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံ ရေနံကုမ္ပဏီကြီးတွေကို ရင်းနှီးမြှပ်နံှစေချင်တယ် ဒါမှမဟုတ်လည်း အစိုးရအနေနဲ့ အဲ့ဒီကုမ္ပဏီကြီးတွေရဲ့ ရင်းနှီးမြှုပ်နံှမှုလိုအပ်တယ်၊ ကုမ္ပဏီကြီးတွေကလည်း မြန်မာ ပြည်ထဲမှာ သွားလုပ်ချင်တယ်၊ ဒါပေမယ့် အဲ့ဒါတွေအကုန်လုံး မဖြစ်နိုင်သေးဘူး” လို့ ဂျက်ဖ်မိဒ် က ပြောပါ တယ်။ “အဲ့ဒီကုမ္ပဏီတွေအနေနဲ့ စစ်အစိုးရလက်ထက်မှာ အမေရိကန်အစိုးက ချမှတ်ထားခဲ့တဲ့ တည်ရှိဆဲ စည်းကမ်း တင်းကျပ်မှုတွေကို ချိုးဖောက်ပြီး လုပ်ငန်းလည်ပတ်ဖို့ ဆန္ဒမရှိတဲ့အပြင် ဘာ စည်းမျဉ်းစည်းကမ်းမှ မရှိဘဲနဲ့လည်း ဗလာချည်း ရင်းနှီးမြှုပ်နှံချင်ကြတာ မဟုတ်ဘူး” လို့လည်း သူက ဆိုပါတယ်။
မြန်မာ့ရေပိုင်နက်ထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၁၁ ထရီလီယံနဲ့ ၂၂ ထရီလီယံကုဗပေ အကြားရှိတယ်လို့ MOGE က အခိုင်အမာဆိုနေပေမယ့် ဒီကိန်းဂဏန်းတွေက စစ်ဆေးအတည်ပြုလို့မရသေးပါဘူး။
ဘယ်လိုပဲဖြစ်နေနေ ဇီဇာမကြောင်ဘဲ MOGE နဲ့ ဆက်စပ်ဆောင်ရွက်လိုတဲ့ နိုင်ငံတကာရေနံကုမ္ပဏီကြီးတွေလည်း ရှိပါ တယ်။ ပြီးခဲ့တဲ့လတွေထဲမှာ အစိုးရရေနံကုမ္ပဏီတွေဖြစ်တဲ့ မလေးရှားနိုင်ငံက ပက်ထရိုနပ်စ် (Petronas) နဲ့ ထိုင်းနိုင်ငံ က PTTEP ကုမ္ပဏီတွေဟာ ရှာဖွေရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပြီး ပြင်သစ်နိုင်ငံက တိုတယ်လ် (Total) နဲ့ ဂျပန်နိုင် ငံက နစ်ပွန်အွိုင် (Nippon Oil) ကုမ္ပဏီတွေကလည်း မုတ္တမပင်လင်ကွေ့ကနေ အများအပြားထုတ်မယ့် PTTEP ရဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ ရှယ်ယာတွေကိုဝယ်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါ့ပြင် တရုတ် အမျိုးသား ကမ်းလွန်ရေနံ ကော်ပိုရေးရှင်း (China National Offshore Oil Corporation – CNOOC) နဲ့ တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation – CNPC) လိုမျိုး တရုတ်အစိုးရ ကုမ္ပဏီကြီးတွေကလည်း MOGE နဲ့ အနီးကပ် လုပ်ကိုင်ဆောင်ရွက်နေကြပါသေးတယ်။
လူ့အခွင့်အရေးဆိုင်ရာ အဲန်ဂျီအိုတွေကတော့ အလုပ်သမားတွေနဲ့ မြေကွက် အသေးစား ပိုင်ရှင်တွေအပေါ်ထားရှိတဲ့ CNPC ရဲ့ ကျင့်ဝတ်စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးနေကြဆဲပါ။ ဘာဖြစ်လို့လဲဆိုတော့ CNPC က ကီလိုမီတာ ၉၀၀ ရှည်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်တွေ မြန်မာပြည်ကို ဖြတ်ပြီး ဖောက်နေတာကိုး။
“အနောက်နိုင်ငံကုမ္ပဏီတွေက MOGE အပေါ် တကယ်ဂရုစိုက်တယ်လို့ ကျနော်ထင်ပါတယ်၊ ဒါပေမယ့် သူတို့က နွေးထွေး ကြင်နာတတ်လို့ အဲ့ဒီလို ဂရုစိုက်တာမျိုး ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ရိုးရိုးလေးပြောရရင် သူတို့က သူတို့နိုင် ငံဥပဒေနဲ့ လုပ်ငန်းဆောင်ရွက်မှုဘောင်ထဲမှာ ရပ်တည်ရတာမို့ ဂရုစိုက်တာပါ” လို့ ရှောင်တာနယ်က ပြောပါတယ်။ “သူတို့တွေက လုပ်ငန်းလည်ပတ်တဲ့နေရာမှာ စောင့်ကြည့်ခံရတာမျိုး မရှိနိုင်တဲ့ နည်းလမ်းတွေနဲ့ လည်ပတ်ကြတာပါ၊ ဒါပေမယ့် မြန်မာပြည်မှာတော့ အခြားနေရာတွေမှာ လုပ်ငန်းလည်ပတ်သလိုမျိုး လည်ပတ်လို့မရနိုင်တဲ့ ကိစ္စတွေ ရှိနေ ပါတယ်” လို့လည်း သူက ဆိုပါတယ်။
စီးပွားရေးလုပ်ငန်း စိန်ခေါ်မှုဆိုင်ရာ အကဲဖြတ်ကုမ္ပဏီတွေကလည်း MOGE နဲ့ ဆက်စပ်ဆောင်ရွက်မယ့် ကိစ္စတွေပေါ် သတိပေးခဲ့ကြဖူးပါတယ်။
ဂျာမဏီနိုင်ငံအခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ဆိုရင် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ ခြစားမှု အများဆုံး နိုင်ငံတခုလို့ အခုထိ သတ်မှတ်ထားဆဲပါ။ ဗြိတိန်အခြေစိုက် မေပယ်ခရော့ဖ်တ် (Maplecroft) အဖွဲ့ကတော့ မြန်မာပြည်မှာ အင်စတီကျူးရှင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ အားနည်းနေသေး တာကို မေလတုန်းက သတိပေးခဲ့ပါတယ်။
စီးပွားရေးသုတသနဆိုင်ရာ အရှေ့အာရှဗျူရို (East Asian Bureau of Economic Research) ရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့ အရှေ့အာရှဖိုရမ် (East Asian Forum) အင်တာနက်စာမျက်နှာမှာလည်း မြန်မာပြည်ပြုပြင်ပြောင်းလဲမှုတွေ ဟာ “နုနယ်လွန်းတဲ့အတွက် အလွယ်တကူပျက်စီးသွားနိုင်တဲ့အပြင် ပြုပြင်ပြောင်းလဲမှုတွေက အဓိက လူပုဂ္ဂိုလ် အနည်းငယ်အပေါ် မူတည်နေတယ်” လို့ သတိပေးထားတဲ့ ရှောင်တာနယ်ရဲ့ ဆောင်းပါးတပုဒ်ကို စက်တင်ဘာလ ၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အဲ့ဒီဆောင်းပါးမှာ သူက “ပြုပြင်ပြောင်းလဲမှုတွေက ဆယ်စုနှစ် ၅ ခုကြာ တိုင်းပြည်ကို ဖရိုဖရဲ အုပ်ချုပ်ခဲ့တာတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေ အားလုံးကို ခံနေရတာပါ။ အဲ့ဒါတွေကတော့ အဆင့်အတန်းမမှီတော့တဲ့ အခြေခံအဆောက်အအုံ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ခြစားမှုနဲ့ ခရိုနီဝါဒ၊ အစိုးရနဲ့ မူဝါဒချ မှတ်တဲ့ အဖွဲ့တွေမှာ စွမ်းရည် ဆိုးဆိုးဝါးဝါး ချို့တဲ့နေတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်းရင်းသားပဋိပက္ခ၊ အလုပ်မဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍနဲ့ အသွင်ကူးပြောင်းမှုကို ချောချောမွေ့မွေ့မဖြစ်အောင် တားဆီးနေတဲ့ အခြား ဆူး ညောင့်ခလုတ် ဒုနဲ့ဒေးပါပဲ” လို့ သူက ရေးထားပါတယ်။
William Boot ၏ Ethnics of MOGE and Gas Money ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။