အသေးစား၊ အလတ်စား (SME) စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ်တိုး သက်သာစွာ ငွေချေးနိုင်ရန် နိုင်ငံပိုင်ဘဏ်တခု ထူထောင်သွားမည် ဖြစ်ကြောင်း သိရသည်။
“SME အတွက် အတိုးနှုန်း သက်သာမှ SME ဖွံ့ဖြိုးမယ်။ ဒီဘက်ကို နိုင်ငံပိုင်ဘဏ် အဖြစ် ထားဖို့ စဉ်းစားနေတယ်။ Policy Bank တခုအနေနဲ့ SME တွေအတွက် ရပ်တည်ဖို့၊ အတိုးနှုန်း သက်သက်သာသာနဲ့ ငွေချေးနိုင်မယ့် ဘဏ်မျိုးပေါ့” ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောသည်။
ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်များ၌ ငွေအပ်ကာ အတိုးနှုန်းဖြင့် စားသောက်နေသည့် ပြည်သူများ၏ မျက်နှာ များကြောင့် ချက်ချင်း ပြင်ဆင်ရန် မလွယ်သေးသော်လည်း နိုင်ငံတကာ အကူအညီများဖြင့် နိုင်ငံပိုင်ဘဏ်ကို ပံ့ပိုးပေးနိုင်ရန် ညှိနှိုင်းနေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ နိုင်ငံပိုင်ဘဏ် ထူထောင်ရန်အတွက် တောင်ကိုးရီးယား၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် အီးယူ နိုင်ငံများမှ ပါဝင်ထောက်ပံ့ပေးနေသည့် အသေးစား၊ အလတ်စား ဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့တခု ဖြစ်လာစေရေး၊ အာဆီယံ ဒေသအတွင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွ့ံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့မှ ငွေချေးနိုင်ရေးတို့ကို စီစဉ် ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။
လက်ရှိ ဘဏ်များ၏ ချေးငွေများအပေါ် အတိုးနှုန်းမှာ တနှစ်လျှင် ၁၃ ရာခိုင်နှုန်း ကောက်ခံပြီး စက်မှု လုပ်ငန်းနှင့်
စက်မှုဇုန် ထုတ်ကုန်များအတွက် ချေးငွေမှာ တနှစ်လျှင် ၁၂ ရာခိုင်နှုန်း ချေးလျက်ရှိသော်လည်း SME လုပ်ငန်းများ ရပ်တည်နိုင်ရန် အတွက် ယခုထက် လျော့သော အတိုးနှုန်းဖြင့် ငွေချေးပေးသင့်ကြောင်း ဦးသိန်းဇော်က ပြောသည်။
“ငွေချေး အာမခံအဖြစ် တင်ရတဲ့ အာမခံပစ္စည်းအပိုင်းကိုပါ လျှော့ပေါ့ စဉ်းစား ပေးချင်တယ်။ အာမခံ ပစ္စည်းပိုင်းက တင်းကျပ်လွန်းတယ်၊ မရှိလို့ ချေးတာပါဆိုမှ တောင်းတဲ့ အာမခံပစ္စည်းက များတယ်။ တောင်းတဲ့ အာမခံ မပေးနိုင်လို့ ရပ်တည်လို့ မရတော့တဲ့ အလုပ်ရုံတွေ တော်တော်များတယ်” ဟု တောင်ဒဂုံ စက်မှုဇုန်မှ တွင်ခုံ လုပ်ငန်းပိုင်ရှင် ဦးခင်ဇော်က ဆိုသည်။
မြန်မာ့ SME လုပ်ငန်းများနှင့် ပတ်သတ်၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်မှ ငွေထုတ်ချေးလျှက် ရှိသော်လည်း မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို သတ်မှတ်ဈေးဖြတ်ပြီးမှ အာမခံကာ ထုတ်ချေးပေးခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် ဇွန်လကုန်အထိ ကုန်သွယ်မှု လုပ်ငန်းအတွက် ကျပ် ၁ ၁၉၉ ၅၇၉ . ၈၈ သန်း၊ စက်မှုလက်မှု ထုတ်လုပ်မှုအတွက် ၇၅၅ ၃၀၉ . ၃၂ သန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ အတွက် ၅၄၆ ၃၇၂ . ၄၂ သန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ၄၀၈ ၀၈၉ . ၅၉ သန်း၊ အထွေထွေ လုပ်ငန်းများအတွက် ၃၈၇ ၇၇၄ . ၃၉ သန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် ၃၆၄ ၂၂၉ . ၄၁ သန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အတွက် ၆၉ ၅၉၈ . ၁၁ သန်း၊ အိမ်ယာ လုပ်ငန်းများ အတွက် ၁ ၆၁၆ . ၃၄ သန်း ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။
အခြေခံ စီးပွားရေး လုပ်ငန်းများနှင့် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တိုးမြှင့် လုပ်ကိုင်နိုင်ရန် သမ္မတ ဦးသိန်းစိန်က ကျပ် ၅ ဘီလီယံ ချပေးထားကြောင်း၊ ထို့အပြင် စက်မှုဝန်ကြီး ဌာန အောက်ရှိ ဘဏ်မှလည်း ထိုလုပ်ငန်းများအတွက် အထောက်အကူ ပြုနိုင်ရန် ချေးငွေများ ချပေးနေသည်။
ထို့အပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံနိုင်ရေး အတားအဆီး ဖြစ်နေသော အမေရိကန်ဒေါ်လာ ၅ သန်း အနည်းဆုံး ရင်းနှီးရမည်ဆိုသည့် အချက်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း (FDI) တွင်ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထည်ချုပ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်း အပါအဝင် အသေးစား အလတ်စား လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် အများဆုံး မတည်ရင်းနှီးငွေ ၅၀ ရာခိုင်နှုန်း ထည့်ဝင်ရန် အဆိုပြုနိုင်ပြီး တိုးချဲ့ ရင်းနှီးလိုပါက
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းကာ ရင်းနှီးမြှုပ်နှံမှု ပမာဏကို တိုးနိုင်သည်ဟု ဆိုထားသော်လည်း ယင်း ဥပဒေသည် မရှင်းလင်းသေးကြောင်း ရင်းနှီးမြှုပ်နှံလိုသူများက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ ကုန်အထိ အလတ်စား စက်မှုလုပ်ငန်း ၇၂၈၇ ခု၊ အငယ်စား ၃၁၁၃၇ ခု မှတ်ပုံ တင်ထားပြီး စက်မှုလုပ်ငန်း စုစုပေါင်း ၈၈ . ၈၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။