နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကလိုအပ်ချက် တခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေး စနစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ မှာ အဆီအငေါ် မတဲ့ဖြစ်နေတာတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank – ADB) က ထောက်ပြ ပြောဆိုလိုက်ပါပြီ။
ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းတာ၊ သေသေချာချာလေ့ကျင့်မထားတဲ့ ဝန်ထမ်းတွေ၊ အစီအစဉ်ရေးဆွဲမှုမရှိတာနဲ့ ချိနဲ့နေတဲ့ ဗျုရိုကရေစီယန္တယားအပါအဝင် ပြဿနာပေါင်း သောင်းခြောက်ထောင်ကြောင့် မြန်မာနိုင်ငံမှာ စွမ်းအင် သယ်ယူဖြန့်ဖြူးစနစ်က မလောက်မငဖြစ်ပြီး ယိုယွင်းနေတာပါ။ စွမ်းအင်ကိစ္စတွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ တောင် ဝန်ကြီးဌာန ၈ ခု ပါဝင်ပတ်သက်နေပါတယ်။
ဒါကြောင့်လည်း စွမ်းအင်နဲ့ပတ်သက်တဲ့ တာဝန်ယူမှုအပိုင်းကို ပြန်လည်စုဖွဲ့ဖို့နဲ့ အလယ်အလတ်ကာလကနေ ရေရှည် အထိ အစီအစဉ်တွေဆွဲဖို့ အရေးပေါ်လိုနေပြီလို့ ADB က ဆိုတာပေါ့။
နိုင်ငံထဲမှာ လက်ရှိရှိနေတဲ့ လျှပ်စစ်ဓာတ်အားကွန်ရက်က အကန့်အသတ်လည်းရှိ၊ ပြီးတော့ သိပ်ဟောင်းနေပြီး ထိန်း သိမ်းစောင့်ရှောက်တာလည်း ညံ့ဖျင်းတာမို့ “တင်ပို့ရာနှင့် ဖြန်ဖြူးရာတို့တွင် ဆုံးရှုံးမှု မြင့်မားလျှက်ရှိသည်၊ ယင်းကိစ္စ အား လတ်တလော ကိုင်တွင်ဖြေရှင်းရန် လိုအပ်သည်” လို့ မြန်မာနိုင်ငံအခြေအနေဆိုင်ရာ အစီရင်ခံစာမူကြမ်းထဲမှာ ADB က ထည့်သွင်းရေးသားထားပါတယ်။ ADB ဟာ ငွေကြေး၊ နည်းပညာအကူအညီတွေနဲ့အတူ မြန်မာပြည်နဲ့ ပြန် လည် ညှိနှိုင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတာပါ။
သြဂုတ်လတုန်းကလည်း ရန်ကုန်မှာ ADB ရုံး ပြန်ဖွင့်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး မြန်မာနိုင်ငံထဲမှာ ADB ရုံး မရှိခဲ့ပါဘူး။
ဒါ့ပြင် အစီရင်ခံစာထဲမှာ “တစတစတိုးလာနေသော စွမ်းအင်လိုအပ်ချက်များ ပြည့်မှီရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိုအပ်ချက်များ အပါအဝင် လျှပ်စစ်၊ ရေနံ၊ ကျောက်မီးသွေးနှင့် အခြားစွမ်းအင်အရင်းအမြစ်များအတွက် ရနိုင်သည့် အထောက်အပံ့ နည်းလမ်းများအပေါ်တွင်လည်း အကဲဖြတ်ရမည်” လို့ ရေးထားပါသေးတယ်။
နိုင်ငံထဲမှာ စွမ်းအင်သုံးစွဲမှုကိုတော့ “အလွန်ကြီးမားသည့် စွမ်းအင်အရင်းအမြစ်များ ရှိလင့်ကစား မြန်မာနိုင်ငံ၌ တဦးချင်း စွမ်းအင်သုံးစွဲမှုသည် အရှေ့ တောင်အာရှအတွင်း အနိမ့်ဆုံးတွင် ပါဝင်သည်။ ထိုသို့စွမ်းအင်လိုအပ်ချက် နိမ့်ကျရခြင်းသည် တဦးချင်းဝင်ငွေ နိမ့်ကျမှုနှင့် စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံ မလုံလောက်မှုတို့ကြောင့် ဖြစ်သည်” လို့ အစီရင်ခံစာက ထောက်ပြပြန်ပါတယ်။
မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူဦးရေ သန်း ၆၀ အနက် ၂၆ ရာခိုင်နှုန်းပဲ လျှပ်စစ်မီး ရကြတာပါ။ ဒါပေမယ့် ဒီနိုင်ငံက “ဒေသတွင်း စွမ်းအင် (အထူးသဖြင့် သဘာဝဓာတ်ငွေ့) အဓိကတင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံထဲက တနိုင်ငံ” လို့ ADB က ပြောပါတယ်။
ဒီနှစ်လယ်လောက်တုန်းက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ လျှပ်စီးမီးပုံမှန်ရဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ထွန်းထားတဲ့ဖရောင်းတိုင်လေးတွေကို လက်မှာကိုင်ပြီး ညဖက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက် ဆန္ဒပြကြတာပါ။
ဒါက စီပွားရေးအရ စတင်တိုးချဲ့ဆောင်ရွက်လာတာမို့ မြန်မာနိုင်ငံထဲမှာ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုနဲ့ ဖြန်ဖြူးမှုတွေ လုံလောက်မှုမရှိဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်မှုဟာ ၃၃၆၁ မီဂါဝပ် ရှိတာမို့ အရင်ခန့်မှန်းထားတာထက် ပိုများတယ်လို့ ADB အစီရင်ခံစာက ဆိုပါတယ်။
၁ မီဂါဝပ်ကို အချိန်ပြည့်ထုတ်ပေးနိုင်ရင် အိမ် ၁၀၀၀ လောက်ကို မီး တနှစ် ပေးနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့် နည်းပညာနဲ့ အခြားပြဿနာ တသီတတန်းရှိနေတာမို့ မြန်မာနိုင်ငံမှာ ဘယ်သောအခါကမှ လျှပ်စစ်စွမ်းအား အပြည့်အဝ မထုတ်လုပ်နိုင်ခဲ့ပါဘူး။ အဲဒီပြဿနာတွေထဲမှာ ဓာတ်ငွေ့ပိုက်လိုင်းတွေက ထိန်းသိမ်းစောင့်ရှောက်မှုညံ့ ဖျင်းတဲ့ ဓာတ်အားပေးစက်ရုံတွေဆီကို တနေရာထက်ပိုပြီး ပေးရတာကြောင့် ဓာတ်ငွေ့ဖိသွင်းမှု မလုံမလောက်ဖြစ်ပြီး ဓာတ်အား ထုတ်သင့်သလောက် မထုတ်နိုင်တာ၊ ယိုယွင်းပျက်စီးနေတဲ့ ကေဘယ်ကြိုးတွေနဲ့ ထရန်စဖော်မာတွေ၊ ပြီးတော့ ရေနည်းသွားတဲ့အခါ ရေအားလျှပ်စစ်ထုတ်လုပ်မှုမှာ ဓာတ်အားလျော့ကျသွားတာတွေ ပါဝင်ပါတယ်။
လူဦးရေအရ မြန်မာနိုင်ငံနဲ့သိပ်မကွာတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ၂၆၀၀၀ မီဂါဝပ်ထုတ်နိုင်တာမို့ နိုင်ငံထဲက အစွန်အဖျား ကျေးလက်တောရွာတွေ အထိ လျှပ်စစ်မီးပေးနိုင်ပါတယ်။ အဲ့ဒီဓာတ်အားရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးကို သဘာဝဓာတ်ငွေ့ ကနေ ထုတ်ယူတာဖြစ်ပြီး နှစ်စဉ်ဓာတ်ငွေ့လိုအပ်ချက်ရဲ့ သုံးပုံတပုံဝန်းကျင်ကို မြန်မာနိုင်ငံကနေ တင်သွင်းတာပါ။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဓာတ်အား ၇၅ ရာခိုင်နှုန်းလောက်ကို ရေအားလျှပ်စက်ကနေ ထုတ်ယူတယ်၊ ၂၁ ရာ ခိုင်နှုန်းကို သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူတယ်၊ ပြီးတော့ ကျန်တဲ့ ၄ ရာခိုင်နှုန်းကို ကျောက်မီးသွေးကနေ ထုတ်ယူ တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြစ်တွေကနေတဆင့် လျှပ်စစ်ဓာတ်အား ထုတ်နိုင်တဲ့ အလားအလာက ၁၀၀၀၀၀ မီဂါဝပ်ကျော်ရှိပြီး စုစုပေါင်း ၄၆၁၀၁ မီဂါဝပ်ထုတ်နိုင်တဲ့ စီမံကိန်းအကြီးစား ၉၂ ခုကိုလည်း တွေ့ထားပြီးဖြစ်တယ်လို့ ADB အစီရင်ခံစာက ဆိုပါတယ်။
သဘာဝဓာတ်ငွေ့ဆိုရင်လည်း မြန်မာနိုင်ငံမှာ လက်တွေ့စမ်းသပ်နိုင်တဲ့ အရံသိုလှောင်ပမာဏ ၁၁.၈ ထရီလီယံကုဗ ပေ ရှိတဲ့အပြင် ဒီထက်မကပိုနိုင်တဲ့ “အလားအလာ အမြောက်အများ” လည်း ရှိပါတယ်။ ဒါ့ပြင် ခန့်မှန်းခြေ ကျောက်မီး သွေးတန်ချိန် ၄၈၉ မီလီယံ မက်ထရစ်တန်ရှိပြီး ၂၀၁၁ ခုနှစ်မှာ ၆၉၂၀၀၀ တန် ထုတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အံ့သြ စရာကတော့ နိုင်ငံထဲမှာ အခြေခံစွမ်းအင်သုံးစွဲမှုရဲ့ ၆၅ ရာခိုင်နှုန်းကျော်ဟာ သစ်၊ မီးသွေးနဲ့ စိုက်ပျိုးရေးနယ်ပယ်က ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေလိုမျိုး လောင်စာအဖြစ်အသုံးပြုလို့ရတဲ့အရာတွေဆီက လာတာပါပဲ။
စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စုစုပေါင်း ၂၅၇၀ မီဂါဝပ်ထုတ်နိုင်မယ့် ရေအားလျှပ်စစ်စက်ရုံ ၁၃ ခုကို ၂၀၂၀ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်နေတယ်၊ ဒါပေမယ့် တခြား ရေအားလျှပ်စစ်စက်ရုံ အတော်များများကိုတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ADB က ပြောပါတယ်။ စုစုပေါင်း ၂၂၀၀ မီဂါဝပ် ထုတ်နိုင် မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ခုနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံ တခုကိုလည်း လာမယ့် ၂ နှစ်အတွင်း ရန်ကုန်အနီးတဝိုက်မှာ တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ADB က ဆိုပါတယ်။
အဲ့ဒီ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်တဲ့ကိစ္စမှာ တောင်ကိုရီးယားနဲ့ ဂျပန်ကုမ္ပဏီတွေ ပါဝင်ပါတ်သက်မှုရှိတယ် လို့ သိရပါတယ်။
“၆၀၀ မီဂါဝပ် ထုတ်နိုင်မယ့် ကျောက်မီးသွေးသုံး စက်ရုံတခုကို တည်ဆောက်မယ်ဆိုရင် အနည်းဆုံး ဒေါ်လာ သန်း ၇၀၀ ကုန်လိမ့်မယ်။ တကယ်လို့ လေထုညစ်ညမ်းမှုကို အကောင်းဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းပညာပါတတ်ဆင်မယ် ဆိုရင်တော့ အများဆုံး သန်း ၈၅၀ လောက် ကုန်သွားနိုင်တယ်” လို့ ဘန်ကောက်မှာအခြေစိုက်တဲ့ စွမ်းအင်လုပ်ငန်း လေ့လာဆန်းစစ်သူ ကောလင်း ရေးနိုးစ် (Collin Reynolds) က ပြောပါတယ်။ “ဒီအရွယ်အစားမျိုး သဘာဝဓာတ်ငွေ့သုံး စက်ရုံဆောက်ရင်တော့ ကုန်ကျမှု ပိုများလိမ့်မယ်” လို့ သူက ဆိုပါတယ်။
“သဘာဝဓာတ်ငွေ့က မြန်မာပြည်မှာ ရေရှည်လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ဖို့ အကောင်းဆုံး စွမ်းအင် အရင်းအမြစ် ဖြစ်သွားမယ့်ပုံ ပေါ်ပါတယ်။ ရေတိုမှာတော့ ကျောက်မီးသွေးသုံးစနစ်က ဓာတ်အားထုတ်ယူတဲ့နေရာမှာ ပိုပြီး မြန်မြန် ဆန်ဆန် ထုတ်ယူနိုင်မယ်၊ ပြီးတော့ ဓာတ်ငွေ့ပိုက်လိုက်အသစ်တွေလည်း ဆောက်ဖို့ မလိုဘူးလေ” လို့ ကောလင်း ရေးနိုးစ်က ဆက်ပြောပါတယ်။
“ရေအားလျှပ်စစ်စက်ရုံတွေကတော့ ကုန်ကျမှုများတယ်၊ တိုးတက်မှုလည်း ပိုနှေးတယ်၊ ပြီးတော့ ဖြန့်ဖြူးနိုင်မှုစွမ်းအား ကလည်း ရာသီအလိုက်ဖြစ်တဲ့အပြင် ရာသီဥတုကြောင့်လည်း ထိခိုက်မှု ရှိနိုင်သေးတယ်။
ယူနန်ပြည်နယ်မှာဆိုရင် ရေ တွေခန်းပြီး ရေအားလျှပ်စစ်စက်ရုံတွေ ရပ်နေတာမို့ ဓာတ်အားမလုံလောက်မှုဖြစ်နေတာ အတော်ကြာနေပြီ” လို့လည်း သူက ဆိုပါသေးတယ်။
မြန်မာအစိုးရအနေနဲ့ လျှပ်စစ်နဲ့ လောင်စာဆီ နှုန်းထားတွေကို “ပြန်လည်သုံးသပ်” သင့်တယ်၊ ပြီးတော့ အစိုးရပိုင် စွမ်း အင်လုပ်ငန်း ၈ ခုကိုလည်း ပုဂ္ဂလိကပိုင်လုပ်ဖို့ စဉ်းစားသင့်တယ်လို့ ADB ရဲ့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။
ဒါ့ပြင် သယ်ယူပို့ဆောင်ရေး၊ ရေပေးဝေမှု၊ ဆင်းရဲမွဲတေမှု အဆင့်အတန်း၊ သဘာဝပတ်ဝန်းကျင်၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ပညာရေးကဏ္ဍတွေကိုလည်း အဲ့ဒီအစီရင်ခံစာထဲမှာ အကဲဖြတ်ထားပါ သေးတယ်။
ဒါပေမယ့် မြန်မာပြည်ကို နည်းပညာနဲ့ အခြားအကူအညီ တစုံတရာမပေးခင်မှာ မြန်မာပြည်က ADB အပေါ်တင်နေ သေးတဲ့ ကြွေးဟောင်းတွေကို ကြေအောင် အရင်ပြန်ဆပ် ရမယ်လို့ ADB က အစီရင်ခံစာထဲမှာ ထပ်မံတောင်းဆိုထားပါ တယ်။
“မြန်မာနိုင်ငံက ADB သို့ ပေးရန်ရှိသေးသည့်ငွေများ ရှင်းလင်းသွားစေရေးအတွက် ADB အနေနှင့် မြန်မာ အာဏာပိုင် များ၊ အခြား ကြွေးရှင်များနှင့်အတူ ဆောင်ရွက်လျှက်ရှိပါသည်။ ဤသို့ဆောင်ရွက်မှုသည် နိုင်ငံတကာငွေကြေး အရင်း အမြစ်များအား မြန်မာနိုင်ငံက ပြန်လည် လက်လှမ်းမှီနိုင်ရေး အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကြိုးပမ်းမှု အစိတ်အပိုင်းတရပ် ဖြစ်ပါသည်” လို့ အစီရင်ခံစာထဲမှာ ရေးထားပါတယ်။ အခြေခံကတော့ မြန်မာနိုင်ငံအနေနဲ့ ADB နဲ့ ဆက်စပ်ဆောင်ရွက်မယ်ဆိုရင် ADB လုပ်ငန်းစဉ်တွေကနေ အကျိုးအမြတ် ရလာဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းတွေက ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ကဏ္ဍတွေကို ငွေကြေးထောက်ပံ့ တာကနေ သဘာဝ ပတ်ဝန်းကျင်ကို ရေရှည် ထိန်းထားနိုင်တဲ့ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်တွေဆွဲတာနဲ့ HIV/AIDS ပြဿနာကို ကိုင်တွယ်တာတွေအထိ ပါဝင်ပါတယ်။
စစ်အစိုးရက ၁၉၈၈ မှာ ADB ကို အကြွေးဆက်မဆပ်တော့ဘဲ ရပ်လိုက်တဲ့အချိန်မှာ မြန်မာပြည်က ADB ကိုပေးရမယ့် အကြွေး ဒေါ်လာ သန်း ၅၀၀ ရှိနေပါသေးတယ်။
William Boot ၏ ADB Highlights Burma’s Dire Energy System ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။