Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါက မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော်များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်းသည် ဆယ်စုနှစ်ပေါင်းများစွာကြာ ပျက်ဆီးယိုယွင်းလာခဲ့သည်။
လူဦးရေသန်း ၆၀ ရှိသည့် ဤတိုင်းပြည်သည် မြောက်ကိုရီးယားပြီးပါက ကမ္ဘာပေါ်တွင် လက်ကိုင်ဖုန်းအသုံးပြုမှု ဒုတိယအနည်းဆုံး တိုင်းပြည်ဖြစ်သည်မှာ အံ့သြစရာမဟုတ်။ တတိုင်းပြည်လုံး အားထားအသုံးပြုနေသည့် ကွန်ရက်သေးသေးလေးတွင် ဖုန်းလိုင်းများ စုပြုံရောက်မလာစေရန် SIM (ဖုန်းကဒ်) ဈေးကို အဆမတန် မြှင့်ထားလိုက်သဖြင့် ဖုန်းပေါ်တွင် အီးမေးလ်သုံးခြင်း၊ အင်တာနက် အသုံးပြုခြင်းသည် အိပ်မက်တခုသဖွယ် ဖြစ်နေပြီး အရင်းရှင် လူတန်းစား အသုံးအဆောင်ကဲ့သို့ပင် ဖြစ်နေသည်။
ဖုန်းကွန်ရက်နှင့် ချိတ်ဆက်ဖို့ပင် တော်တော်ခက်ခဲသည့် ကိစ္စဖြစ်သည်။ နိုင်ငံခြားဧည့်သည်များသည် လေဆိပ်ရောက်သည်နှင့် SIM ကဒ် ငှားသုံးရသည်။ FEC ၂၀ တန် ကဒ်သက်တမ်း ရက်အနည်းငယ်သာရသော တခါသုံး SIM ကဒ်ကိုလည်း ဝယ်ယူအသုံးပြုနိုင်ကြသည်။
သို့သော် မြန်မာနိုင်ငံသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ရှေ့တိုးဆောင်ရွက်သည့်နည်းတူ အာရှတိုက်၏ အဆင်းရဲဆုံး တိုင်းပြည်များထက်ပင် နောက်ကျကျန်နေသေးသော၊ ခြစားမှု၊ တလွဲစီမံခန့်ခွဲမှုများကြောင့် ပျက်စီးယိုယွင်းနေသော ဆက်သွယ်ရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရေး အစီအမံအောက်တွင် အကြီးအကျယ် အပြောင်းအလဲများ စတင်ဆောင်ရွက်တော့မည်။ မြန်မာ့ဖုန်း ဆက်သွယ်ရေးကဏ္ဍသည် ကမ္ဘာပေါ်တွင် မတို့မထိရသေးသော တယ်လီဆက်သွယ်ရေး ဈေးကွက်များအနက် တခုဖြစ်သည်။
အပြောင်းအလဲ အစီအမံ အသေးစိပ်သည် အကန့်အသတ်နှင့် ဖြစ်နေသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် သူလုပ်ရမည့်အလုပ်ကို အသေအချာ ပြင်ဆင်ထားပုံရသည်။ အတွင်းသတင်း အရင်းအမြစ်များ၏ အဆိုအရ ရှေ့လာမည့်သီတင်းပတ်များတွင် အစီအစဉ်များ ထုတ်ပြန်ကြေညာနိုင်သည်ဟု သိရသည်။
အာရှတိုက်၏ အဆင်းရဲဆုံး တိုင်းပြည်တခုသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကို လာအောင် ဆွဲဆောင်လိုသည့် မြန်မာအစိုးရအနေနှင့် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကဏ္ဍကို အစိုးရစီမံမှုအောက်မှ ပထမဦးဆုံး လွှတ်ပေးရမည်ဖြစ်သည်။
ပြည်တွင်းအကျိုးစီးပွားကို ပိုကြည့်ပြီး မရေမရာ၊ ပွင့်ပွင့်လင်းလင်း မရှိသော စီးပွားရေး သဘောတူညီချက်များနှင့်သာ စခန်းသွားခဲ့ရသော အချိန်များကျော်လွန်သွားခဲ့ပြီ။ ယခုအချိန်သည် လုပ်ငန်းမြန်ဆန်မှုနှင့် ပွင့်လင်းမြင်သာမှုကို ဦးစားပေး လုပ်ဆောင်နေသည့်ပုံစံ တွေ့ရသည်။
“ကျနော်တို့ အားချင်းအပြီးသတ် လုပ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အချိန်ဆွဲလို့ မရတော့ပါဘူး” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးဖြစ်သူ ဦးကျော်စိုးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
“ဒီကိစ္စက ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုနဲ့ နီးနီးကပ်ကပ် ဆက်နွယ်မှုရှိတာကြောင့် ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းကဏ္ဍဖြစ်ပါတယ်” ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး လုပ်ပိုင်ခွင့် တင်ဒါများ ပြင်ဆင်ရန်နှင့် အကြံပေးများအဖြစ် တာဝန်ယူရန် တင်သွင်းသူ လျှောက်လွှာရှင် ၆၄ ခုအနက် ပြီးခဲ့သည်လတွင် ဂျပန်၊ သြစတေးလျ၊ ဂျာမနီနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ၁၀ နိုင်ငံမှ ကုမ္ပဏီ ၁၀ ခုကို ဆန်ခါတင် ရွေးချယ်ခဲ့သည်။ ယခုအချိန်တွင် နောက်ဆုံး ဆန်ခါတင် ၃ ခုသာ ရှိတော့သည်။ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင် ၄ ခု ချပေးမည်ဟု ဦးကျော်စိုးကပြောဆိုသည်။
လိုင်စင် ၂ ခုမှာ မြန်မာကုမ္ပဏီများအတွက်ဖြစ်ပြီး ကျန် ၂ ခုကို နိုင်ငံခြားလုပ်ငန်းရှင်များသို့ ပေးမည်ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် အစောပိုင်းတွင် 4G စနစ် တပ်ဆင်မည်ဟု ရည်ရွယ်ထားကြောင်း၊ ဥပဒေစည်းမျဉ်းများ ရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တိုင်းပြည်၏ တခုတည်းသော နိုင်ငံပိုင် ဆက်သွယ်ရေးလုပ်ငန်းကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပြီး မြန်မာ့ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကုမ္ပဏီ (MTC) အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ပြီး လက်ကိုင်ဖုန်း လိုင်စင်များ ချပေးမည်ဖြစ်ကြောင်း၊ နောက်ထပ်လိုင်စင်တခုကိုမူ အင်တာနက် ဝန်ဆောင်မှုပေးသော ရတနာပုံတယ်လီပို့စ် ကုမ္ပဏီသို့ ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
သွားရည်ကျစရာ ဈေးကွက်
ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်တခု၏ အဆိုအရ အရင်းအမြစ်ပြဿနာကြောင့် ပြည်တွင်းစီးပွားရေးကုမ္ပဏီ နှစ်ခုတည်းနှင့် လုပ်ငန်းအား လည်ပတ်ရန် မဖြစ်နိုင်ကြောင်း၊ ဖက်စပ်စီးပွားရေး လုပ်လျှင်ဖြစ်နိုင်ကြောင်း သို့သော် နိုင်ငံခြားကုမ္ပဏီ ၂ ခုထက်ပို၍ ခွင့်ပြု မပြုကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းပြောဆိုသည်။
ပြင်ပနှင့် ထိတွေ့မှု လုံးဝနီးပါးမရှိသေးသော တိုင်းပြည်တွင် ဖုန်းအသုံးပြုနိုင်မှု အလွန်နည်းနေသေးပြီး လက်ကိုင်ဖုန်း အငမ်းမရလိုအပ်နေသော မြန်မာနိုင်ငံသည် နိုင်ငံတကာ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအတွက် သွားရည်ကျဖွယ် ဈေးကွက်ဖြစ်နေသည်။
မြန်မာနိုင်ငံ၏ ဖုန်းအသုံးပြုမှုသည် ၂၀၁၀ ခုနှစ်တွင် စုစုပေါင်းလူဦးရေ၏ ၁.၂၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထိုအချိန်က လာအိုနိုင်ငံတွင် ၆၄ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားတွင် ၅၇ ရာခိုင်နှုန်းရှိသည်။ ထိုင်းနှင့် မလေးရှားနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်းအထက်ပင် ရှိသဖြင့် ထိုနိုင်ငံများတွင် နိုင်ငံသားတဦးချင်း၏ ဖုန်းပိုင်ဆိုင်မှုသည် နိုင်ငံလူဦးရေထက်ပင် များနေသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ ကိန်းဂဏန်းများအရ သိရသည်။
မြန်မာအစိုးရက ယခုအချိန်တွင် ဖုန်းအသုံးပြုမှုသည် ၅.၆ ရာခိုင်နှုန်းရှိပြီဟု ဆိုသော်လည်း ကျွမ်းကျင်သူများကမူ ထိုအဆိုအပေါ် သံသယရှိသည်။
“အလားအလာကောင်းတွေကတော့ ရှင်းရှင်လင်းလင်း မြင်ရပါတယ်။ အကောင်အထည် ဖော်မှုအတွက်တော့ စည်းမျဉ်းဥပဒေတွေအပေါ် မူတည်ပါတယ်” ဟု Daiwa Capital Markets တယ်လီကွန် သုတေသနဌာန ဒေသဆိုင်ရာဌာနမှူး ရာမာခရစ်သျှနာ မာရုဗာဒါ (Ramakrishna Maruvada) က ပြောဆိုသည်။
“နိုင်ငံခြားကုမ္ပဏီတွေအတွက် ပြဿနာကဘာလဲဆိုတော့ အချိန်သတ်မှတ်ချက်နဲ့ ဖွဲ့စည်းပုံမှာ မဆိုသလောက်ပဲ အသေးစိတ်ဖော်ပြထားတယ်။ ဆိုတော့ ရေရှည်ဆက်ဖို့ဆိုတာ ခက်တယ်” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီများထဲတွင် ဆွီဒင်နိုင်ငံ၏ TeliSonera AB လည်း တခုအပါအဝင်ဖြစ်ပြီး အင်အားကောင်းလာသော အာရှဈေးကွက်၏ အထူးစပါယ်ရှယ်လစ်များဖြစ်သည့် မလေးရှားနိုင်ငံမှ Axiata နှင့် နော်ဝေနိုင်ငံမှ Telenor တို့လည်း ပါဝင်သည်။ ထိုကုမ္ပဏီနှစ်ခုစလုံးသည် ထိုင်းနိုင်ငံ၊ မလေးရှား၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဝင်ရောက်လုပ်ကိုင်နေသည်။
“ဒီကဏ္ဍ ဖွင့်ပေးလိုက်ပြီဆိုတာနဲ့ အလားအလာကောင်းတွေက အကြီးကြီးပဲ။ အကျိုးစီးပွားတွေ အများကြီး မျှော်လင့်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဒါမျိုးဈေးကွက်တွေ သိပ်များများစားစား မရှိတော့ဘူး” ဟု Telenor Group မှ ဂလင်းမန်ဒီလစ်ဒ် (Glenn Mandelid) က ပြောဆိုသည်။
“လုပ်ငန်းစည်းမျဉ်းဘောင်လည်း တည်တည်ငြိမ်ငြိမ်ဖြစ်ပြီး ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း လုံလုံခြုံခြုံရှိပြီ၊ ကျနော်တို့လိုအပ်တဲ့ ရှင်းလင်းမှုအားလုံးလည်း ရှိပြီဆိုတာနဲ့ ကျနော်တို့ စိတ်ဝင်စားမှာပါ” ဟု သူက ဆိုသည်။
အားလုံးထက် ရှေ့ရောက်နေနိုင်သော ကုမ္ပဏီမှာ Digicel ဖြစ်နိုင်သည်။ Digicel သည် နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နေပြီး မြန်မာအစိုးရထံသို့ ၂ နှစ်အတွင်း မြန်မာနိုင်ငံသားအများစု လက်လှမ်းမီနိုင်သည့် ကွန်ယက်များအား မည်သို့ချဲ့ထွင်ရမည့်နှင့် ပတ်သက်၍ နည်းပညာနှင့် စီးပွားရေးလုပ်ငန်း လေ့လာသုံးသပ်ချက်ကို တင်သွင်းထားပြီးဖြစ်သည်။
“လက်တွေ့ လုပ်ငန်းလည်ပတ်တာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ မှတ်တမ်းကောင်းတွေရှိတယ်။ အစိုးရ၊ စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းက လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့မှာ အကောင်းဆုံး ဗဟုသုတတွေ ရှိပါတယ်” ဟု Digicel ၏ အာရှ-ပစိဖိတ် ဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုဥက္ကဋ္ဌ ဖရန့် အို ကာရိုး (Frank O’Carroll) က ပြောဆိုသည်။
“မြန်မာနိုင်ငံရဲ့ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံခွင့် ရမယ်ဆိုရင် ကျနော် လုံး၀ အလျင်အမြန်နဲ့ လုပ်ငန်းတွေ စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” က ၎င်းက ဆိုသည်။
စင်ကာပူနိုင်ငံမှ SingTel သည် ရင်းနှီးမြှုပ်နှံမှုလုပ်ရန် စိတ်ဝင်စားသည်ဟု ပြောဆိုမှုများ ရှိသော်လည်း ထိုသို့ပြောဆိုမှုများနှင့် ပတ်သက်၍ ကုမ္ပဏီက ရိုက်တာသတင်းဌာနသို့ တစုံတရာ ပြောဆိုခြင်း မပြုပေ။
လက်တွေ့အခြေအနေတွင်လည်း တချို့အခြေအနေများ စတင်တိုးတက်ပြောင်းလဲလာသည်ကို တွေ့နေရသည်။ မကျေနပ်ချက်များ ရှိခဲ့ခြင်းကြောင့် တချို့ပြည်နယ်များတွင် ကြိုတင်ငွေ SIM ကဒ်များကို ဒေါ်လာတထောင်ခန့်မှ ၂၅၀ အထိ လွန်ခဲ့သည့်နှစ်က လျှော့ချပေးခဲ့ပြီး ရန်ကုန်တွင် လွန်ခဲ့သည့် ဧပြီလမှစ၍ ဈေးလျှော့ပေးခဲ့သည်။
ခေါက်ခုံတလုံးပေါ်တွင် ဖုန်း ၃ လုံးတင်ထားပြီး ဖုန်းတမိနစ် ၂၅ ကျပ်နှုန်းဖြင့် စီးပွားရှာနေသော မသန္တာထွန်းကဲ့သို့သော သူမျိုးအတွက် လုပ်ကွက် တဖြည်းဖြည်း စတင်ပျောက်ကွယ်လာပြီဟု မြင်နေရသည်။
လွန်ခဲ့သည့်နှစ်က သူ့ဖုန်းများကို တနေ့လျှင် လူ ၁၀၀ ခန့်သုံးသည်။ SIM ကဒ် ဈေးနှုန်း ကျဆင်းသွားခြင်း၊ GSM, CDMA 800 နှင့် 450 MHz ဖုန်းလိုင်းများပေါ်လာသဖြင့် ယနေ့အချိန်တွင် တနေ့လျှင် လူ ၃၀ ခန့်သာ အသုံးပြုတော့သည်။
“လူတွေဟာ တဖြည်းဖြည်းနဲ့ ဖုန်းအသုံးပြုတဲ့ပုံစံတွေ ပြောင်းလဲလာတွေ ကျမတို့တွေ့ရတယ်” လို့ မသန္တာထွန်းက ပြောဆိုသည်။
SIM ကဒ် ရှားပါးမှု
ဝယ်လိုအား ထိုးတက်လာသဖြင့် ရန်ကုန်မြို့တွင် ဖုန်းဆိုင်များ တမဟုတ်ချင်း ပေါ်ထွက်လာသည်။ ဝယ်လိုအား များလာသောကြောင့် ငွေကြိုသွင်း SIM ကဒ်များအတွက် ငွေထုတ်ချေးခြင်းကို ဘဏ်များက ရပ်ဆိုင်းလိုက်သည်။ အဓိကအကြောင်းရင်းမှာ MPT ၏ ကွန်ရက်က ဆက်လက်မထိန်းနိုင်တော့သည့် အတွက်ကြောင့် ခွဲတမ်းနှင့် ချပေးနေခြင်းဖြစ်သည်ဟု ကုန်သည်များထံမှ သိရသည်။
“ရက်သတ္တ တပတ်စာအတွက် SIM ကဒ် အခု ၅၀ ပဲ ကျနော်တို့ရတယ်။ လူတွေက နေ့တိုင်းလာမေးနေကြတယ်။ ဖုန်းနဲ့ဆက်မေးကြတယ်။ ဘယ်တော့ရမလဲပေါ့” ဟု E-Lite Tech ဌာနခွဲ အရောင်းမန်နေဂျာ မအေးမြတ်မိုးက ပြောသည်။ E-Lite Tech ကို ယခင်စစ်အစိုးရနှင့် ပတ်သက်သူဟု သတ်မှတ်ပြီး အနောက်နိုင်ငံများက အမည်ပျက်စာရင်း ထည့်သွင်းခံရသူ မြန်မာဘီလျံနာ ဦးတေဇက ပိုင်ဆိုင်သည်။
အသေးစိတ်ပြဌာန်းချက်များက အရေးကြီးသည်။ ရင်းနှီးမြုပ်နှံမှုလုပ်ရန် စိတ်ဝင်တစားဖြင့် တန်းစီစောင့်နေသော ကုမ္ပဏီများသည် ပိုရှင်းလင်းသော စည်းမျည်းများကို စောင့်ရင်းအထူးဂရုစိုက် လှုပ်ရှားနေကြသည်။ အရပ်သားတပိုင်း အစိုးရအနေနှင့် အံ့အားသင့်ဖွယ် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်နေသည့်တိုင် လွန်ခဲ့သည့် ၁၈ လအတွင်း အမှားများစွာ ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့နေရသည်။
မြန်မာနိုင်ငံ၏ ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးမူဝါဒသည် ရှင်းရှင်းလင်းလင်း မရှိသေးပေ။ နိုင်ငံတကာကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးသမဂ္ဂနှင့် ပူးပေါင်း၍ ၁၀ နှစ်ကြာ အချိန်ယူ မူကြမ်းရေးဆွဲခဲ့သော ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေး ဥပဒေတွင်ပင် ကွန်ရက်များတိုးချဲ့ရန် ဘဏ္ဍာငွေအရ မည်သို့ထောက်ပံ့မည်ကို ရှင်းရှင်းလင်းလင်း မရှိပေ။
ဥပဒေသစ် မူကြမ်းရေးဆွဲခြင်း မပြီးသေးခင် ဝန်ကြီးဌာနက တိုးချဲ့မှုများပြုလုပ်ရန် ထူးထူးဆန်းဆန်း ဆုံးဖြတ်ချက်ချခဲ့သည်။ ပြီးခဲ့သည့်နှစ် ဧပြီလတွင် ဝန်ကြီးဌာနသည် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်တွင် GSM လိုင်းအသစ် သန်း ၃၀ တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ အဆိုပါ ကုမ္ပဏီများသည် ယခင်စစ်အစိုးရနှင့် အဆက်အစပ်ရှိသူများဖြစ်သည်။ တနှစ်အတွင်း တိုင်းပြည်လူဦးရေ ၁၀ ရာခိုင်နှုန်းအထိ လက်လှမ်းမှီနိုင်သော လိုင်းပေါင်း ၄ သန်း စတင်တည်တောင်မည်ဟု ဆိုသည်။
သို့သော် တိုးတက်မှု အရိပ်အယောင် အနည်းငယ်သာ တွေ့နေရပြီး ပြည်တွင်းကုမ္ပဏီ ၂၃ ခုသည် တာဝါစင်များ၊ အခြေစိုက် စတေရှင်များ တည်ဆောက်နေသည်။ ထို့အတွက် သေးငယ်သော ကွန်ရက်အတွင်းသာ အသုံးပြုနိုင်သော SIM ကဒ်များ၊ ဖုန်းရောင်းခွင့် လိုင်စင်များ ပြန်ရကြသည်။
အမည်ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုသည့် ဆက်သွယ်ရေးလုပ်ငန်း ကျွမ်းကျင်သူတဦးက အစိုးရ၏ ချဉ်းကပ်မှုသည် ယနေ့အချိန်အထိ လုံး၀ အစီအစဉ်မကျ ဖြစ်နေကြောင်းနှင့် စည်းမျဉ်းဥပဒေသစ်သည် အလွန်အရေးကြီးကြောင်း ပြောဆိုခဲ့သည်။
“ချို့ယွင်းချက်ရှိသည့်” ဥပဒေအား ပြန်ရုတ်သိမ်းခြင်း
သမ္မတဦးသိန်စိန်ထံပို့ခဲ့သော ပြန်လည်ပြင်ဆင်ထားသည့် ဥပဒေကို ဇူလိုင်လတွင် တိတ်တဆိတ် ပြန်ရုတ်သိမ်းခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းဥပဒေ၌ “ချို့ယွင်းချက်များ နက်နက်ရှိုင်းရှိုင်း” ရှိနေပြီး မှားယွင်းစွာ ဆောင်ရွက်ခဲ့မိသည်ကို အစိုးရက သဘောပေါက်၍ ဖြစ်သည်ဟု အစိုးရပိုင်းသို့ ထဲထဲဝင်ဝင်ရှိသူ ၂ ဦးက ပြောသည်။
တယ်လီကွန်းလုပ်ငန်း ချဲ့ထွင်ခြင်းနှင့် ဂျီဒီပီ ဖွံ့ဖြိုးမှုအကြားရှိ သိသာသည့် ကွင်းဆက်များနှင့် အရေးကြီးသည့် ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိရန် အရေးပေါ် လိုအပ်ချက်ရှိသည်တို့ကို နားလည်သဘောပေါက်သဖြင့် သမ္မတအနေနှင့် ပြုပြင်ပြောင်းလဲမှုများကို လျှင်လျှင်မြန်မြန် အကောင်အထည်ဖော်ရန် လိုလားလျက်ရှိသည်ဟုလည်း အစိုးရ အဆင်မြင့်အရာရှိတဦးက ဆိုသည်။
လုပ်ငန်းချဲ့ထွင်ခြင်းနှင့် အပြောင်းအလဲများဖြစ်အောင် ဆောင်ရွက်ခြင်းတို့ကြောင့် နာတာရှည် အလုပ်လက်မဲ့ရောဂါ ခံစားနေရသည့် နိုင်ငံတခုတွင် ထောင်နှင့်ချီသော အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရုံမျှမက ရွှေ့ပြောင်း ငွေကြေး ဝန်ဆောင်မှုကိစ္စများကိုပါ ဆောင်ရွက်နိုင်ပေလိမ့်မည်။ ဥပမာအနေနှင့် မိမိလွှဲလိုက်သည့် ငွေကြေးအား ကျေးလက်ဒေသ ရှိ မိမိဆွေမျိုးများက ၎င်းတို့တယ်လီဖုန်းသို့ ရောက်လာသော ငွေလွှဲလိုက်သည့် မက်ဆေ့ကို ပြ၍ ထုတ်ယူနိုင်ခြင်းမျိုး ဖြစ်သည်။
“ဒါက အပြန်အလှန် စကားပြောဖို့ ဖုန်းတင်မဟုတ်တော့ပါဘူး။ အခြားကိစ္စတွေလည်း အများကြီးပါဝင် ချိတ်ဆက် နေတာပါ။ ဒီကိစ္စက ငွေကြေးဆိုင်ရာနဲ့ လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုတွေအတွက်လည်း သိပ်ကို အရေးကြီးပါတယ်” ဟု မီဒီယာသို့ ပြောခွင့်မရှိသောကြောင့် ၎င်း၏အမည်အား ထုတ်ဖော်ရေးသားခြင်းမပြုရန် မေတ္တာရပ်ခံသည့် အစိုးရ နှင့်နီးစပ်သူက ပြောသည်။
“ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုအဆင့်ကို ကျနော်တို့ လိုလားတယ်၊ ပြီးတော့ ဒီကိစ္စကို တကယ်ဖြစ်သင့်တဲ့ အတိုင်းဖြစ်ရ အောင်လည်း သေသေချာချာ ဆောင်ရွက်ချင်တယ်၊ ဒါကြောင့်လည်း အချိန်ကြာနေတာ” ဟု ၎င်းက ဆိုသည်။
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPT) အရာရှိများအဆိုအရ စည်းမျဉ်းစည်းကမ်းပိုင်းနှင့် တင်ဒါ လုပ်ငန်းစဉ်ပိုင်းတို့တွင် မည်သို့ရှိမည်ကို မကြာခင် ရှင်းရှင်းလင်းလင်းထုတ်ပြန်လိမ့်မည်ဟု သိရသည်၊ သို့ရာတွင် အထူးသဖြင့် ငွေကြေးထောက်ပံမှုအပိုင်းတွင် မေးစရာများ ဆက်ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံအနေနှင့် တယ်လီကွန်းဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားချေးငွေအများအပြားကမ်းလှမ်းမှုကို နားလည်သော်ငြားလည်း မည်သည့်လုပ်ငန်းတိုးချဲ့မှုအပေါ် အစိုးရက ငွေကြေးထောက်ပံ့မည့်အစီအစဉ် ရှိမရှိဆိုသည်ကိုမူ ထုတ်ဖော်ပြောဆို ခြင်း မရှိသေးပေ။ လုပ်ငန်းတိုးချဲ့ရန်အတွက် ခန့်မှန်းခြေ ဒေါ်လာ ၂ ဘီလီယံခန့် ကုန်ကျနိုင်ပြီး ထိုသို့တိုးချဲ့ပါက အစိုး ရအနေနှင့် တယ်လီကွန်းကုမ္ပဏီများထံမှ ဝင်ငွေ ပြန်လည်ရရှိနိုင်ပေလိမ့်မည်။
အကယ်၍ တယ်လီကွန်းကွန်ရက်တိုးချဲ့မှုကို ပုဂ္ဂလိက ကုမ္ပဏီကြီးများက ငွေကြေးအကုန်အကျခံ ဆောင်ရွက်မည်ဆို ပါက ၎င်းတို့အနေနဲ့ အစိုးရ၏ အဓိကပစ်မှတ်ဖြစ်သော ကျေးလက်ဒေသများထက် မြို့ပြဒေသများကိုသာ ပို၍ ဦးစား ပေးလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ တယ်လီကွန်းဆိုင်ရာ အခြေခံအဆောက်အအုံးများကိုလည်း အစိုးရနှင့် ခွဲဝေအသုံး ပြုရန် ဆန္ဒရှိမည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက သတိပေးကြသည်။
MPT သို့ နည်းပညာအကူအညီပေးခဲ့သော ကမ္ဘာ့ဘဏ်ကလည်း ဟန်ချက်ညီသော နည်းလမ်းဖြင့် ဆောင်ရွက်သွားရန် နှင့် တယ်လီကွန်းကဏ္ဍသည် ပထမဆုံးလမ်းဖွင့်ပေးသော အဓိကကဏ္ဍ ဖြစ်နိုင်သည်ကို နိုင်ငံခြားကုမ္ပဏီကြီးများထံ မှန်မှန်ကန်ကန် သတင်းစကားပါးရန် မြန်မာအစိုးရအား တိုက်တွန်းခဲ့သေးသည်။
“တည်ငြိမ်တဲ့မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဘောင်တွေရှိအောင် အစိုးရအနေနဲ့ သေသေချာချာလုပ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါတွေရှိမယ်ဆိုရင် ဈေးကွက်ထဲဝင်လာပြီး ပြည်သူတွေ အကုန်အကျခံနိုင်တဲ့ နှုန်းထားတွေနဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုတွေပေးဖို့ နိုင်ငံတကာက ကမ္ဘာ့အဆင့်မှီ ရင်းနှီးမြှုပ်နှံသူတွေကို အားပေးအားမြှောက်ပြုရာ ရောက်ပါလိမ့် မယ်” ဟု မြန်မာပြည်ရှိ ကမ္ဘာ့ဘဏ်ရုံးက ပြောသည်။
“ဒါက နိုင်ငံအနေနဲ့ လမ်းပွင့်နေပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာကြီးကို ထင်ထင်ရှားရှားပြနိုင်တဲ့ အရေးကြီး အခွင့်အလမ်းတရပ်ပါပဲ” ဟုလည်း ကမ္ဘာ့ဘဏ်ရုံးက ဆိုသည်။
Martin Petty ၏ Disconnected for decades, Myanmar poised for telecoms boom ကို ဆီလျော်အောင် ပြန်ဆိုပါသည်။