ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးသိန်းစိန်က ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ၎င်း၏ သမ္မတသက်တမ်းအတွင်း လုံး၀ ရပ်ဆိုင်းထားရန် ၂၀၁၁ ခုနှစ်အတွင်း အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း စီမံကိန်းကြောင့် ကချင်ဒေသခံများ၏ဘဝများ၊ သဘာဝအလှများကို ရည်ရွယ်ချက်ရှိရှိ ပျက်စီးစေခဲ့ကြောင်း၊ လတ်တလော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ဆိုသော်လည်း စီမံကိန်း ဆက်လက်လုပ်ကိုင်နေသော အခြေအနေများ တွေ့နေရကြောင်း ၎င်းက ဆိုသည်။
“မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ်ကို ဖျက်ဆီးခံလိုက်ရတယ်။ ကချင်ပြည်သူတွေရဲ့ဘဝ၊ ကချင်ပြည်နယ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ အမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတယ်။ ကျမတို့ ကချင်ဒေသခံတွေအနေနဲ့ CPI ကို တရားစွဲမယ်။ ဥပဒေကြောင်းအရ တရားစွဲဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်နေပါတယ်” ဟု ဒေါ်ဘောက်ဂျာက ရှင်းပြသည်။
မြစ်ဆုံစီမံကိန်းကြောင့် ကျေးရွာများ ရွှေ့ပြောင်းခံလိုက်ရသော ကချင်ဒေသခံများမှာ စားဝတ်နေရေးအဆင် မပြေမှုများနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
“ရွာတွေရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နေရာသစ်တွေမှာ စားဝတ်နေရေး အဆင်မပြေကြဘူး။ နောက်ပြီး အခက်အခဲအမျိုးစုံတွေ ကြုံရတဲ့အပြင် နေရာသစ်တွေမှာ ဒေသခံတွေရဲ့ သေဆုံးမှုနှုန်းတွေလည်း မြင့်လာတယ်” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းအားလုံးကို ရပ်ဆိုင်းရန် ညွှန်ကြားထားသည့်အပြင် စီမံကိန်းတွင် အသုံးပြုနေသည့် စက်ယန္တရားများကိုလည်း ပြန်လည်သယ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
“မြစ်ဆုံစီမံကိန်းတွေကို လောလောဆယ် ဆိုင်းငံ့ခိုင်းထားပါတယ်။ နောက် ပစ္စည်းတွေ၊ ယန္တရားတွေ အကုန်လုံး ပြန်ထွက်ဖို့ MIC (မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်) က ဝန်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြန်ထွက်ဖို့ ပြောထားတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံရသော ကျေးရွာများမှာ အခြေအနေကောင်းမွန်ကြောင်း၊ ၂၀၁၀ ပြည့်နှစ်ဝန်းကျင် သွားရောက်ကြည့်ရှုခဲ့စဉ်က စာသင်ကျောင်း၊ လမ်းများအပါအဝင် ကျေးရွာများသည် စနစ်တကျကောင်းမွန်ကြောင်း၊ လတ်တလောအခြေအနေကို မသိရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးဇော်ဌေးက “မြစ်ဆုံကြောင့် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာတွေက တော်တော်လေးလေးကို ကောင်းကောင်းမွန်မွန် လုပ်ထားတာတွေ့တယ်။ ဧရာဝတီတိုင်း၊ နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးတုန်းက စံပြကျေးရွာတွေထက် တော်တော်လေးပိုသာတဲ့ သဘောတွ့ရတယ်။ ခုနပြောတဲ့ သေဆုံးမှုနှုန်းများတယ် ဆိုတာတွေကတော့ အတိအကျပြန်ပြီး စိစစ်မှာပါ” ဟု ဆိုသည်။
CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများ တရားစွဲဆိုရန် ရှိသည့်အပေါ် မည်သို့မျှ မှတ်ချက်မပေးလိုဘဲ တရားဥပဒေအတိုင်းသာ ရှိလိမ့်မည်ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
ပြည်တွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်သည့် EcoDev အဖွဲ့မှ တာဝန်ရှိသူ ဦးမျိုးဝင်းသူကမူ တရုတ် CPI ကုမ္ပဏီအပေါ် ကချင်ဒေသခံများက မည့်သည့်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ကို မသိရှိကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုဖြင့် တရားစွဲဆိုနိုင်သော ဥပဒေဟူ၍ မရှိသေးဘဲ လတ်တလော ရေးဆွဲနေသော အဆင့်တွင်သာ ရှိသေးကြောင်း ဆိုသည်။
“လောလောဆယ် ဒီမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးစေမှုနဲ့တော့ တရားစွဲလို့ မရနိုင်သေးဘူး။ ဒေသခံရွာသားတွေအနေနဲ့ အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာ အပေါ်မှာတော့ တရားစွဲလို့ရနိုင်ပေမယ့် ခိုင်လို့ဖို့လိုတယ်” ဟု ဦးဝင်းမျိုးသူက ပြောသည်။
သမ္မတဦးသိန်းစိန်သည် သမ္မတအဖြစ် တာဝန်ယူပြီး လအနည်းငယ်အကြာ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရန် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။