ကမ္ဘာကျော် အချိုရည်များဖြစ်ကြသည့် ပက်စီနှင့် ကိုကာကိုလာ အချိုရည်များ မြန်မာဈေးကွက်အတွင်းသို့ ပြန်လည် ဝင်ရောက်လာပြီး လ အနည်းငယ် အတွင်း ပြည်တွင်း အချိုရည် ဈေးကွက် စတင်ပြိုလဲနေပြီ ဖြစ်ကြောင်း လုပ်ငန်းရှင် တချို့၏ ပြောကြားချက်နှင့် ဈေးကွက် အတွင်း စုံစမ်းမှုများ အရ သိရှိရသည်။
ယခင်က အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှုများ ရပ်ဆိုင်းခဲ့ကြသော ပက်စီနှင့် ကိုကာကိုလာ အချိုရည် ကုမ္ပဏီများသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်လာချိန်တွင် မြန်မာ့ဈေးကွက်အတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာကြောင်း၊ ပက်စီနှင့် ကိုကာကိုလာ အချိုရည်တို့သည် ယခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာ့ ဈေးကွက်အတွင်းသို့ ပြန်လည် ဝင်ရောက်လာခဲ့ရာ ယင်းအချိုရည် နှစ်မျိုး ဝင်ရောက်လာပြီး အချိန်အနည်းငယ် အတွင်း ပြည်တွင်းအချိုရည် လုပ်ငန်းများ စတင် ပြိုလဲလာခဲ့သည်ဟု Shark နှင့် Blue Mountain အပါအဝင် နာမည်ကျော် ပြည်တွင်း အချိုရည် အမှတ်တံဆိပ်များစွာ ထုတ်လုပ်ရောင်းချနေသော လွယ်ဟိန်း ကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ဧရာဝတီသို့ ပြောသည်။
“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်” ဟု သူက ရှင်းပြသည်။
လတ်တလော အခြေအနေများအရ ပြည်တွင်း အချိုရည်ဈေးကွက်တွင် အလတ်စားနှင့် အသေးစား ကုမ္ပဏီများ ပျောက်ကွယ်သွားနိုင်ခြေ များနေပြီး ကုမ္ပဏီကြီးများ အနေဖြင့်လည်း ပြိုင်ဆိုင်မှု ပြင်းထန်လာသော အခြေအနေများကို မဖြစ်မနေ ရင်ဆိုင်လာရမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိ အခြေအနေမှာ အချိုရည် ကုမ္ပဏီကြီးတွေပဲ တောင့်ခံနိုင်မယ်။ အသေးစား၊ အလတ်စား လုပ်တဲ့သူတွေကတော့ ပျောက်ပျက် သွားနိုင်တယ်။ ဒါကြောင့်် ကြော်ငြာ အင်အားတွေ သုံးမယ်၊ ဝန်ထမ်းတွေ ထပ်ခန့်မယ်။ အရည်အသွေး မီအောင်လည်း ကြိုစား လုပ်ကိုင်သွားရင် တိုးတက်လာနိုင်မယ်” ဟု ဒေါက်တာစိုင်းဆမ်ထွန်း ကပြောသည်။
ပက်စီနှင့် ကိုကာကိုလာ အချိုရည်များ ဈေးကွက်အတွင်း ဝင်ရောက်လာပြီး နောက်ပိုင်း ပြည်တွင်း အချိုရည် လုပ်ငန်းများတွင် ဝန်ထမ်းအင်အား လျှော့ချခြင်းများ ဖြစ်ပေါ်နေပြီး အရည်အသွေး နိမ့်ကျခြင်းနှင့် ဝယ်လိုအား ကျဆင်းကာ ဈေးကွက်ပျက်လုနီးပါး ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်တွင်း စားသုံးသူ တဦးက ယခင်က ရွေးချယ်စရာ မရှိသည့်အချိန်တွင် ပြည်တွင်း အချိုရည်များကိုသာ သောက်သုံး ခဲ့ရသော်လည်း ရွေးချယ်စရာ များလာချိန်တွင် အရည်အသွေး ကောင်းသော ပက်စီနှင့် ကိုကာကိုလာ အချိုရည်များကိုသာ ရွေးချယ် သောက်သုံး ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ပြည်တွင်းအချိုရည်က တဘူးကို ကျပ် ၃ ရာလောက် ရှိချိန်မှာ ပက်စီနဲ့ ကိုကာကိုလာက ၅ ရာနဲ့ ၆ ရာ ကြားမှာရှိတယ်။ ဈေးက သိပ်မကွာတော့ အရည်အသွေး ကောင်းတာကိုပဲ ရွေးသောက်တယ်” ဟု ၎င်းက ဆိုသည်။
ပက်စီနှင့် ကိုကာကိုလာ ကုမ္ပဏီတို့မှာ မြန်မာနိုင်ငံတွင် စက်ရုံများ တည်ဆောက်ရန် အစီအစဉ် ရှိသည်ဟု သိရှိထားကြောင်း လည်း ပြည်တွင်း အချိုရည်လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ပက်စီ အချိုရည် ဖြန့်ချိပေးနေသော ဒိုင်းမွန်းစတား ကုမ္ပဏီမှ တာဝန်ရှိသူ တဦးကမူ ပက်စီကုမ္ပဏီက စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေပြီဟု ဧရာဝတီကို အတည်ပြုပြောသည်။
စီပွားရေး ဥပဒေလမ်းညွှန် ဦးတင်သန်းဦးက ပြည်တွင်း အချိုရည်လုပ်ငန်းများ အနေဖြင့် ပက်စီနှင့် ကိုကာကိုလာကို ယှဉ်ပြိုင်နိုင်ရေး အတွက် အရည်အသွေး မြှင့်တင်ရန်ကိစ္စကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်သည်ဟု သုံးသပ်သည်။
“ပက်စ်စီနဲ့ ကိုကာကိုလာ ဝင်ရောက် လာတာကြောင့် ပြည်တွင်း အချိုရည်ဈေးကွက်ကို အများကြီး ထိခိုက်မှာပဲ။ အလုပ်သမား လျှော့ချတာတွေကြောင့် အလုပ်သမား ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ပြည်တွင်း အချိုရည် လုပ်ငန်းရှင်တွေအနေနဲ့ အရည်အသွေး ပိုင်းတွေကို စနစ်တကျ လုပ်စေချင်တယ်။ အရည်အသွေးပိုင်း အဆင့်မြှင့် ထားမယ်ဆိုရင် ပက်စီနဲ့ ကိုကာကိုလာကိုမှ မဟုတ်ဘူး၊ ပြည်ပက ဝင်လာမယ့် အချိုရည်တွေ အားလုံးနဲ့ပါ ယှဉ်ပြိုင်နိုင်မယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် အချိုရည်နှင့် စားသောက်ကုန်များ အဓိက လက်လီလက်ကား ဖြန့်ဖြူး ရောင်းချနေသော ညောင်ပင်လေးဈေး ပလာဇာ တွင်လည်း ပြည်တွင်း အချိုရည်များထက် ပက်စီနှင့် ကိုကာကိုလာ အချိုရည်များသာ အရောင်းအသွက်ဆုံး ဖြစ်နေ ကြောင်း စားသောက်ကုန် အရောင်းဆိုင်ကြီးများမှ သိရသည်။
“စားသုံးသူတွေက ပက်စီနဲ့ ကိုကာကိုလာ ကိုပဲ ဝယ်သောက်ကြတာ များတယ်။ ပြည်တွင်း အချိုရည်တွေက ဝယ်လိုအား နည်းသွားတော့ ကံစမ်းမဲ ဖောက်ပေးတဲ့ စနစ်တွေ သုံးပြီး ရောင်းအားမြှင့်တာတွေ လုပ်နေရတယ်။ ကံစမ်းမဲ မပါတဲ့ အချိုရည်တွေ ဆိုရင် လုံး၀ အရောင်းအဝယ် မရှိတဲ့အဆင့် ဖြစ်လာတယ်” ဟု ညောင်ပင်လေးဈေး ပလာဇာမှ အချိုရည်နှင့် စားသောက်ကုန် လက်လီလက်ကား အရောင်းဆိုင်ပိုင်ရှင်တဦးက ဆိုသည်။