မြန်မာပြည်ကို လာမယ့်နှစ်မှာ ဂျပန်အစိုးရအနေနဲ့ အင်မတန် ချိုသာတဲ့ အတိုးနှုန်းနဲ့ ချေးငွေတွေ ပြန်ထုတ်ချေးနိုင်ဖို့ အစီအစဉ်တွေ စလုပ်နေပြီလို့ ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ကိုရိကီဂျိုဂျိမက ဒီနေ့ တိုကျိုမှာ ပြုလုပ်တဲ့ မြန်မာ့ အကြွေးပြန်ဆပ်ရေး နိုင်ငံတကာငွေကြေးအေဂျင်စီများ အစည်းအဝေးမှာ ကြေညာလိုက်ပါတယ်။
အိုင်အမ်အက်ဖ်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျီ ၇ လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ အရာရှိတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးမှာ ဂျပန် ဘဏ္ဍာရေး ဝန်ကြီးက ဘယ်အတိုင်းအတာလောက် ထုတ်ချေးမယ်လို့ မပြောပေမယ့် မြန်မာပြည်က လျှပ်စစ်မီးနဲ့ လမ်းတံတားတွေ ပြန်ပြုပြင်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ ဆိပ်ကမ်းတွေ ခေတ်မီစေရေးတွေအတွက် ကူညီမယ်လို့ ပြောပါတယ်။
အစည်းအဝေးကနေ မြန်မာကို ဘယ်လိုဝိုင်းကူမယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု မရပေမယ့် မြန်မာမှာ တင်ရှိနေတဲ့ အကြွေးတွေ လျှော်ပစ်ဖို့နဲ့ အကြွေးသစ် ထပ်ပေးဖို့ အစီအစဉ်တွေကို ရှေ့နှစ် ဇန်နဝါရီက စဖို့ ဂျပန်က ဦးစီးဦးဆောင် လုပ်မယ်လို့ ဝေါစတြိဂျာနယ်သတင်းပေးပို့ချက်အရ သိရပါတယ်။
ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနအဆို မြန်မာ ကြွေးမြီ ယန်း ဘီလီယံ ၅၀၀ (ဒေါ်လာ ၆.၄ ဘီလီယံ) စာရင်းရှိနေတာကို သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်ခရီးစဉ်အတွင်း ဧပြီလက ၆ဝ% ကျော်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ကို မြန်မာက ဒေါ်လာ သန်း ၉ဝဝ ပေးဖို့ကျန်နေတာကို ဂျပန်ဘဏ် Bank of Tokyo နဲ့ Mitsubishi UFJ တို့က ပေးသွားမှာဖြစ်ပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် ငွေချေးငှားမှု တင်းကြပ်ထားတာ ဖယ်ရှားပေးလိုက်ပြီမို့ အာရှဖွဲ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်တို့က ၂၀၁၃ ခုနှစ်မှာ မြန်မာကို ငွေချေးငှားမှု ပြန်လည်စတင်နိုင်တော့မှာပါ။
မြန်မာပြည်နဲ့ပတ်သတ်ပြီး ဂျပန်တွေ အဆင်သင့်ဖြစ်မှု၊ အကူအညီပေးတာ မြန်ဆန်မှုတွေအပေါ် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေ အံ့အားသင့်ကြရပါတယ်။ ဆစ်ဒနီ မက်ကွာရီတက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်သူ ရှောင်တာနယ်က မြန်မာဟာ အာရှစီးပွားရေး အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန်ကြား ဗျူဟာကျတဲ့ ခတ်ကွင်းလို ဖြစ်လာနေပြီလို့ နယူးယောက်တိုင်းမ် သတင်းစာကို ဆိုပါတယ်။
တရုတ်က မြန်မာ့သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေးကိုပဲ စိတ်ဝင်စားပေမဲ့ ဂျပန်က ဈေးပေါတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်အကိုင်ဖန်တီးပေးပြီး ထိုင်းနဲ့ အင်ဒိုချိုင်းနားကျွန်းဆွယ် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကွန်ယက်ဖွဲ့ရေး စိတ်ဝင်စားပုံပါ။
ဂျပန်ရဲ့ အလုံးစုံ မဟာဗျူဟာက ဂျပန်အစိုးရရဲ့ နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှူလုပ်ငန်းဝန်ကြီးဌာနနဲ့ မစ်ဆူဘီရှီ၊ မာရူဘီနီ၊ ဆူမီတိုမိုတို့လို ဂျပန်မှာ အကြီးဆုံး ပုဂ္ဂလိကလုပ်ငန်းကြီးတွေ ပူးပေါင်းပြီး စွမ်းအားအပြည့် အလုံးအရင်းနဲ့ ဝင်ရောက် လုပ်ကိုင်ရေးဖြစ်ပါတယ်။
ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းပေးပို့ချက်တခုမှာ ဂျပန်အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၈ ဘီလီယံရှိမယ်လို့ သိရပါတယ်။ ဂျပန်အစိုးရရဲ့ ချေးငွေအစီအစဉ်အရလည်း ထပ်ချေးမယ့် အကြွေးကို အတိုးနှုန်း ဝ.၀၁ ရာခိုင်နှုန်းနဲ့ နှစ် ၅၀ ကြာတဲ့အထိ ချေးထားမှာဖြစ်ပြီး ပထမ ၁၀ နှစ်က အတိုးနှုန်းမဲ့ ဖြစ်ပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း ဂျပန်တွေ ကူညီထောက်ပံ့ဖို့ရှိပါတယ်။ ဆင်းရဲမွဲတေလွန်းတဲ့ တိုင်းရင်းသားဒေသတွေကို အထောက်အပံ့ပေးနေတဲ့ နိပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ယိုရှီအိ ဆာဆာကာဝါကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းစာက မြန်မာသမ္မတ ဦးသိန်းစိန် အနေနဲ့ ဝေးခေါင်လွန်းတဲ့ဒေသတွေမှာ မူလတန်းကျောင်းများ ဆောက်လုပ်ရေး အလျင်အမြန် အလိုရှိနေကြောင်း ရေးပါတယ်။
ရန်ကုန်ရဲ့ ရေပေးဝေရေးစနစ် ပြန်ပြင်ဖို့လည်း ဂျပန်အင်ဂျင်နီယာတွေ လုပ်နေကြပါတယ်။ ရန်ကုန်ကို ပေးနေတဲ့ ရေ ၄၀ ရာခိုင်နှုန်းက ပိုက်တွေ မကောင်းတဲ့အတွက် စိမ့်ထွက်ပြီး အလဟဿ ဖြစ်နေတာမို့ ဒီကိစ္စ အမြန်ဖြေရှင်းဖို့လိုနေပါတယ်။ ရန်ကုန်လူထုအတွက် သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရန်ကုန်ကို မီးပေးနေတဲ့ ဓာတ်အားပေးစက်ရုံ ၄ လုံးကို ပြန်ပြုပြင်ရေး၊ ပဲခူးမြစ်ပေါ် ဒုတိယမြောက် တံတား တည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းကို အကူပေးမယ့် ဆိပ်ခံ ၆ ခု တည်ဆောက်ရေးတွေအတွက် ဂျပန်တွေ လေ့လာနေကြပါတယ်။