နိုင်ငံခြားဘဏ်များကို ပြည်တွင်း ပုဂ္ဂလိက ဘဏ်များနှင့် ပူးပေါင်းလုပ်ဆောင် ခွင့်ပြုမည်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်များကို ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းပြီး
ဘဏ်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုသွားရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဧရာဝတီသတင်းဌာနနှင့် အောက်တိုဘာလ ၁၅ ရက်နေ့က သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်ထားရမယ်။ နောက်ပြီး ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုခုနဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဒီမှာ နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်း လုပ်ခွင့်ပေးဖို့ရှိတယ်။ ဒါကလည်း အဆင့်ဆင့် တင်ပြခွင့် ပြုသွားမှာပါ” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
လက်ရှိ အခြေအနေတွင် ပြည်တွင်းဘဏ်များကို Commercial Bankအမျိုးအစား လုပ်ကိုင်ခွင့်ပေးထားပြီး Investment Bank အမျိုးအစားကိုမူ မည်သူ့ကိုမှ လုပ်ကိုင်ခွင့် ပေးမထားသေးကြောင်း ၎င်းက ရှင်းပြသည်။
ရန်ကုန်မြို့တွင် တရားဝင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ပေးထားသော နိုင်ငံခြားဘဏ် ၂၀ ကျော် ရှိနေပြီး ပြည်တွင်း ပုဂ္ဂလိက ဘဏ်များနှင့် ပူးပေါင်းကာ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရန် လျှောက်ထားသော နိုင်ငံခြားဘဏ်ဟူ၍ မရှိသေးကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိရေး လာရောက် စုံစမ်းနေသော နိုင်ငံခြား ဘဏ်များရှိနေပြီး အထူးသဖြင့် အာဆီယံနှင့် အာရှနိုင်ငံများမှ ဘဏ်များ အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ပြည်တွင်း ထိပ်တန်း ပုဂ္ဂလိကဘဏ် တခုဖြစ်သော ကမ္ဘောဇဘဏ်က ဂျပန်နိုင်ငံမှ Sumitomo Mitsui Bank နှင့် ဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
“Sumitomo Mitsui Bankက ရန်ကုန်မှာ ကိုယ်စားလှယ် ရုံးခွဲရှိပါတယ်။ နားလည်မှု စာချွန်လွှာအရ နည်းပညာ အကူအညီ ပေးတာတွေ ရှိမှာပါ။ လောလောဆယ်တော့ နည်းပညာ ဆိုင်ရာတွေ အဓိက ပူးပေါင်း ဆောင်ရွက်ဖို့ရှိတယ်” ဟု
အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန် အဝေးသင် တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခလည်းဖြစ်၊ ပြည်တွင်း စီးပွားရေးပညာရှင် တဦးလည်း ဖြစ်သူ ဒေါက်တာ မောင်မောင်စိုးကမူ နိုင်ငံခြားဘဏ်များ ပြည်တွင်းတွင် လုပ်ကိုင်ခွင့် ပြုမည်ဆိုပါက ကျပ်ငွေကို အာဆီယံ ဒေသတွင်း အသိအမှတ်ပြုမှု တိုးတက်ရေးနှင့် ငွေကြေး မူဝါဒနှင့်ဘဏ်စနစ် ပိုမိုပီပြင်ရေး လုပ်ဆောင်သင့်ကြောင်း ပြောဆိုသည်။
“နိုင်ငံခြား ဘဏ်တွေကို ခွင့်ပြုရမှာပဲ။ ဈေးကွက် စီးပွားရေးစနစ် ဆိုရင်တော့ ခွင့်ပြုရမှာပဲ။ သို့သော်လည်း ခွင့်မပြုခင် ကိုယ့်ရဲ့ ငွေကြေးကို ဒေသတွင်းမှာ အသိအမှတ် ပြုလာအောင် လုပ်ရမယ်။ နောက်ပြီး ဘဏ်စနစ် ပိုပြီးတော့ ပီပြင်လာအောင် လုပ်ရမယ်။ ငွေကြေး မူဝါဒကို တိတိကျကျ သေချာအောင် ချပြီး လုပ်ဆောင်ရမယ်” ဟု ဒေါက်တာမောင်မောင်စိုးက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက် လုပ်ကိုင်လျှက်ရှိသော ပုဂ္ဂလိကဘဏ် ၁၉ ခု ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။