အများမျှော်လင့်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မထွက်နိုင်သေးသော်လည်း နိုင်ငံခြား ကုမ္ပဏီ အမှုဆောင်အရာရှိများအား ရန်ကုန်တွင် ကျင်းပတော့မည့် ရင်းနှီးမြှုပ်နှံမှု “ထိပ်သီးဆွေးနွေးပွဲ” သို့ တက်ရောက်ရန် ဖိတ်ကြားထားသည်။
ထိပ်တန်းအစိုးရတာဝန်ရှိသူများက “ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု” အကြောင်း အကျယ်တဝင့် ပြောကြားကြမည့် တချိန်တည်းတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI)ဥပဒေမူကြမ်း ကမူ နောက်ထပ် ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ရန် လွှတ်တော်သို့ ပြန်တင်ထားဆဲ ဖြစ်သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဌာန်းဖို့ နှောင့်နှေးနေပေမယ့် နိုင်ငံစုံ ကော်ပိုရေရှင်း အမှုဆောင် အရာရှိတွေ၊ ဒေသတွင်း စီးပွားရေးသမားတွေကတော့ မြန်မာနိုင်ငံထဲမှာ လာစုနေကြပါပြီ” ဟု အစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်သူ စင်ကာပူအခြေစိုက် Centre for Management Technology က ပြောဆိုခဲ့သည်။
သို့သော် ၁၀ လ ကြာ အပြန်အလှန် အငြင်းပွားနေရသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအတွက် မြန်မာ့စီးပွားရေး မည်မျှ ထိခိုက်နေရသနည်း။
“FDI ဥပဒေ ကြန့်ကြာနေခြင်းက ရင်းနှီးမြှုပ်နှံသူ တချို့ကို အဟန့်အတား ဖြစ်စေနိုင်တယ်။ သို့သော် ရေရှည် စီးပွားရေး အမြင်ရှိသူတွေ၊ မြန်မာနိုင်ငံ အကျိုးဖြစ်ထွန်းမှု မြင်ချင်သူတွေအတွက်တော့ ဖြစ်ချင်မှ ဖြစ်မှာပါ” ဟု ဩစတြေးလျ စီးပွားရေးပညာရှင် နှင့် မြန်မာ့အရေးကျွမ်းကျင်သူ ရှောင်တာနဲလ်က ဧရာဝတီသို့ ပြောကြားခဲ့သည်။ “အခုလို FDI ဥပဒေကို ရှည်ရှည်ဝေးဝေး အချိန်ယူ ဆွေးနွေးနေပြီးမှ ကျနော် စိုးရိမ်တာက ဥပဒေမရှိသေးတာထက် ခပ်ညံ့ညံ့ ဥပဒေတခု ထွက်လာမှာကိုပါ” ဟု သူက ဖြည့်စွက် ပြောကြားခဲ့သည်။
လွှတ်တော်အမတ်များကမူ သမ္မတတင်ပြထားသာ ပြင်ဆင်မှုများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ စီမံအုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ “ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု” အကြောင်း ဟောပြောပြီးမှ ဆွေးနွေးမည်ဖြစ်သည်။
အမျိုသား စီမံကိန်းနှင့် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့် ဘဏ္ဍာ အခွန် ဝန်ကြီးဌာနမှ ဦးအောင်နိုင်ဦးနှင့် တခြား အကြီးတန်းအရာရှိများသည် ဖက်စပ်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မြေယာပိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းများနှင့်ပတ်သက်ပြီး တက်ရောက်လာသူ လုပ်ငန်းရှင်များကို အကြံပြု ဆွေးနွေး တင်ပြမည်ဖြစ်သည်။
“ဒီဥပဒေနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားအရ မရေရာမှုတွေ၊ ဥပဒေပြု ပြဌာန်းရေး မရောရာမှုတွေက ဦးသိန်းစိန် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနှင့် ဆုံးဖြတ်ချက် ချခြင်းတွေကို အဓိက စိန်ခေါ်နေပါတယ်” ဟု ဝါရှင်တန် အခြေစိုက်သုတေသီအဖွဲ့ဖြစ်သည့် Brookings Institution မှ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအသစ်က အချိန်ကိုက် ရေးသားဖော်ပြခဲ့သည်။
“လက်ရှိအစိုးရမှာ ဒီမိုကရေစီ စိတ်ဓာတ်နဲ့ လက်တွေ့ဘဝကို ပေါင်းစပ်ဖို့ အခက်အခဲဖြစ်နေတယ်။ လက်တွေ့ဘဝဆိုတာ ကနဦး ဥပဒေမူကြမ်းပါ စာသားတွေကို လူထုထဲ ချမပြတာ၊ မူကြမ်းမှာ အပြစ်အနာတွေ ရှိနေတယ်လို့ ပြောဆိုကြတဲ့အခါ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို လူထုထဲအထိ ချမပြတာ၊ ဥပဒေပြဌာန်းရေးနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ အချိန်ဇယားတခု ပေးဖို့ အစိုးရက ငြင်းဆန်တာ စတဲ့ဟာတွေပါ ” ဟု အဆိုပါ အစီရင်ခံစာ ရေးသားသူ လက်ဇ် ရစ်ဖ်ဖဲလ် (Lex Rieffel) က ပြောဆိုသည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ အရာရှိဟောင်းနှင့် နိုင်ငံတကာ ငွေကြေး အင်စတီကျူ အကြီးတန်း အမှုဆောင်အရာရှိ ဖြစ်သူ ရစ်ဖ်ဖဲလ် က“ အများဆုံး ဖြစ်နေတာက မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အရင်အစိုးရလက်ထက်တုန်းကအတိုင်း ထင်သာမြင်သာမရှိ၊ အပေါ်အောက် စနစ်၊ အဆင်ပြေသလို စနစ်မျိုးနဲ့သွားနေတာ တွေ့ရတယ်” ဟုလည်း ပြောဆိုသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရန် လုပ်ကွက် လေလံပစ်ပွဲကို ရွှေ့ဆိုင်းလိုက်ရခြင်းသည် ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့်ဖြစ်သည်။ ယခုနှစ်အတွင်း ရန်ကုန်မြို့တွင် “သိလိုသမျှ အကုန်မေး” ပုံစံမျိုး ကွန်ဖရင့်ကြီးနှစ်ခု ကျင်းပခဲ့ပြီး ၎င်းကွန်ဖရင့်များသို့ နိုင်ငံတကာရေနံ ကုမ္ပဏီကြီးများဖြစ်သည့် Chevron, Shell နှင့် ConocoPhillips များတက်ရောက်ခဲ့ကြသည်။
သို့သော် အဆိုပါ ကုမ္ပဏီကြီးများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော ကန့်သတ်ချက် အသစ်များအပေါ် မသေချာ မရေရာမှုများ ဆက်ဖြစ်နေကြသည့်ပြင် ယခင် စစ်အစိုးရဟောင်းနှင့် စာရင်းမရှင်းသေးသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဆက်လက် ပါဝင်နေခြင်းအပေါ်တွင်လည်း စိုးရိမ်ချက်များ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်အမတ်များက အတည်ပြုခဲ့သော FDI ဥပဒေ မူကြမ်း ထက် ပို၍ ရှင်းလင်းသော၊ ပြုလွယ်ပြင်လွယ်ဖြစ်သော မူကြမ်းတခုဖြစ်အောင် လွှတ်တော်ကို ဆောင်ရွက်စေလိုကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုပြီး မူကြမ်းကို လွှတ်တော်သို့ ပြန်ပို့ထားသည်။ သမ္မတအနေနှင့် နိုင်ငံခြားသား ပိုင်ဆိုင်မှုကို ၅၀ အထက်တိတိုးမြှင့်ပေးစေလိုသည်ဟု သမ္မတရုံးအရာရှိများက ပြောဆိုသည်။ ပထမမူကြမ်းတွင် ၄၉ ရာခိုင်နှုန်းအဖြစ် ကန့်သတ်ထားသည်။
စီးပွားရေးလုပ်ငန်းအပေါ် မူတည်၍ နိုင်ငံခြားသား ပိုင်ဆိုင်မှု ရာခိုင်နှုန်းကို ပြုလွယ်ပြင်လွယ် ထားသင့်သည်ဟု သမ္မတက တောင်းဆိုနေသည်။ ယခု မူကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ကန့်သတ်ထားသဖြင့် သမ္မတက ၎င်းကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းချက်လည်း တောင်းဆိုထားသည်။
“ မူဝါဒချမှတ်ခြင်း လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လယ်သမားတွေရဲ့ ဝင်ငွေတိုးမြှင့်လာစေဖို့ စိုက်ပျိုးရေးကဏ္ဍနဲ့ပတ်သက်ပြီး နည်းလမ်းတေ ွပြဌာန်းဖို့မှာ ကြန့်ကြာနေတာပါ။ တတိုင်းပြည်လုံးရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်နေ လူတန်းစားဖြစ်တဲ့အတွက် ဒါဟာ မဖြစ်မနေ လုပ်ရမယ့် ခြေလှမ်းတလှမ်း ဖြစ်ပါတယ်။ ဒါ့အပြင် သဘာ၀ အရင်းအမြစ် ထုတ်ယူမှုဟာလည်း ရေရှည်အတွက် အန္တရာယ်ရှိတဲ့ ပုံစံမျိုးတွေနဲ့ ဆက်သွားနေတာကို တွေ့ရတဲ့အပြင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေပါ ဖြစ်နေတာ တွေ့ရပါတယ်” ဟု ရစ်ဖ်ဖဲလ်ကလည်း ပြောဆိုသည်။
Burma Economic Watch စာစောင်အား တည်းဖြတ်သူ ရှောင်တာနဲလ်ကလည်း ရင်းနှီးမြုပ်နှံမှုအသစ်များ ကြန့်ကြာနေခြင်းသည် အဆိုးဖြစ်ချင်မှ ဖြစ်မည်ဟု သူယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ “သတ္တုနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေ လုပ်ငန်းလိုင်စင်ချပေးနေတာကို ခေတ္တရပ်ဆိုင်းထားတာမျိုး ကျနော်က ပိုဖြစ်စေချင်တယ်”ဟု သူက ပြောသည်။ “ လုပ်ငန်း လုပ်ခွင့်ချပေးတာရော၊ ဝင်ငွေရောပါ ထင်သာမြင်သာရှိတဲ့ ပိုကောင်းတဲ့ လုပ်ငန်းစဉ်တွေရှိဖို့ လိုပါတယ်။ ပြောရရင် မြန်မာပြည်ကြီး မပျက်စီးရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတခုမို့ တခြားနည်းမရှိဘူး။ ဒါကြောင့် ခဏလေး နားထားတာက ကောင်းတယ်လို့ ကျနော်ယူဆတယ်” ဟု သူကပြောဆိုခဲ့သည်။
ရစ်ဖ်ဖဲလ်က အရှေ့တောင်အာရှနိုင်ငံများအသင်း Asean အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မည်သည့်နိုင်ငံမှ တိတိကျကျ ပြဌာန်းထားသော FDI ဥပဒေ မရှိဟု ဆိုသည်။။ ယေဘုယျအားဖြင့် ပြည်တွင်း၌ ပြဌာန်းထားသော ဥပဒေများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် စည်းမျဉ်းနှင့် ကန့်သတ်ချက်များ ထည့်သွင်း ပြဌာန်းလေ့ရှိသည်။ ဥပမာအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နိုင်ငံခြားများသည် ငွေသားမည်မျှပင် ရင်းနှီးမြှုပ်နှံမှုလုပ်စေကာမူ မြေယာပိုင်ဆိုင်ခွင့်မရှိပေ။ သို့သော် မလေးရှားတွင် နိုင်ငံခြားသားများအား မြေ ပိုင်ဆိုင်ခွင့် ပြုထားသည်။
“သိပ်မကြာခင် အချိန်အတွင်းမှာ မြန်မာနိုင်ငံကို ဝင်လာကြမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအတွက် ဒီဥပဒေသစ်က ဘယ်လောက်အရေးကြီးသလဲဆိုတာ စောင့်ကြည့်ဖို့ လိုပါသေးတယ်။ ချုပ်ပြီး ပြောရမယ်ဆိုရင်တော့ အခု လက်ရှိ တည်ဆဲ ဥပဒေဟာလည်း ပြီးခဲ့တဲ့နှစ် ၂၀ အတွင်း မြန်မာအစိုးရက ခွင့်ပြုလို့ ဝင်လာတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဟန့်အတား မဖြစ်စေခဲ့ဘူး” ဟုရက်ဖက်ဖဲလ်က ပြောဆိုခဲ့သည်။
“ တချိန်တည်းမှာပဲ ဥပဒေသစ်အပေါ် မရှင်းမလင်း ဖြစ်ပြီး သံသယ ဝင်ကုန်တာက ခေတ်မီ ဈေးကွက်စီးပွားရေး စနစ်ကို တည်ဆောက်ဖို့ ဦးသိန်းစိန် အစိုးရရဲ့ စိတ်ဆုံးဖြတ်ထားမှုနဲ့ ဒီလိုလုပ်လို့ အကျိုးရုတ်သွားမယ့် ဩဇာညောင်းတဲ့ အုပ်စုတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အရည်အချင်း ရှိ မရှိ ဆိုတာနဲ့ သက်ဆိုင်နေတာပါ” ဟုလည်း ပြောဆိုသည်။
William Boot ၏ The Cost to Burma of a Stalled Investment Law ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။