မြန်မာနိုင်ငံမှာ အဓိက ဆားအထွက်ဆုံးနေရာဖြစ်တဲ့ ဧရာဝတီတိုင်းကို ၂၀၀၈ ခုနှစ် က နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ထိပြီး ကတည်းက မြန်မာ့ဆားလုပ်ငန်းဟာ ထိုးကျသွားခဲ့ရာကနေ အခု ၂၀၁၁၊ ၂၀၁၂ ရာသီမှာ ပိုပြီးဆိုး လာတဲ့အတွက် ဆားလုပ်ငန်း ပြန်လည်ခေါင်းထောင်လာရေး ခက်ခဲတဲ့ အနေအထားနဲ့ ရင်ဆိုင်နေကြရပါတယ်။
၂၀၀၈ ခုနှစ်မတိုင်မီက မြန်မာ့ဆားလုပ်ငန်းမှာ ဆားကြမ်းထုတ်လုပ်သူ၊ ကုန်ချောထုတ်လုပ်သူ၊ ကုန်သည် စတဲ့ အဆင့်ဆင့်မှာ ပုံမှန်လည်ပတ်မှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ဆားကွင်းတွေ နာဂစ်မုန်တိုင်းရဲ့ ဝါးမျိုခြင်းကို ခံခဲ့ရပြီးတဲ့ နောက် မြန်မာနိုင်ငံရဲ့ ဆားဈေးကွက်ကြီး ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။
မြန်မာနိုင်ငံရဲ့ ဆားအထွက်နှုန်းဟာ တနှစ်ကို တန်ချိန် ပျမ်းမျှ ၃ သိန်းခွဲ ဝန်းကျင်မှာရှိပြီး ဧရာဝတီတိုင်းက မြန်မာနိုင်ငံရဲ့ အဓိကဆားထုတ်လုပ်မှု အများဆုံးနေရာဖြစ်ပြီးတော့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်း တို့ကလည်း ထုတ်လုပ်ကြ ပါတယ်။
မြန်မာနိုင်ငံရဲ့ တနှစ် ဆားသုံးစွဲမှုနှုန်းဟာ တန်ချိန် ၂ သိန်းကျော်ရှိပါတယ်။ ထွက်ရှိတဲ့ဆားတွေရဲ့ ၇၀ ရာခိုင်နှုန်းက စားသုံးသူ ကို မှီခိုအားပြုနေရပြီး အဓိက ဖြုန်းအားကောင်းမယ့် ဆပ်ပြာစက်ရုံတွေနဲ့ စက္ကူစက်ရုံတွေ အပါအဝင် စက်မှုကုန်ကြမ်းဖက်မှာ အသုံးပြုမှုက ၃၀ ရာခိုင်နှုန်းတောင်မရှိဘူးလို့သိရပါတယ်။ ပြည်တွင်းမှာတော့ ဆားကို အဓိကအားဖြင့် ဟင်းခတ်မှုန့်အဖြစ် သုံးပြီး၊ ငပိ၊ ငါးခြောက်လုပ်ငန်း၊ အချဉ်သိပ်လုပ်ငန်းများမှာ အသုံးများပါတယ်။
နာဂစ်ကြောင့် ဧရာဝတီတိုင်းက ဆားလုပ်ငန်းတွေပျက်စီးပြီး ဆားအထွက်နှုန်းကျသွားတဲ့ အချိန် ပြည်တွင်း ဆားဖြန့်ဖြူးနိုင်မှု လိုအပ်လာတဲ့အခါမှာ ထိုင်းနိုင်ငံထုတ် ဆားတွေဟာ မဲဆောက်-မြဝတီ လမ်းကြောင်း၊ ကော့သောင်း၊ တာချီလိတ် စတဲ့ နယ်စပ်လမ်းကြောင်းတွေကနေ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေထိ ဈေးကွက်နေရာ ဝင်ယူလာခဲ့ပါတယ်။ ဒီလိုပါပဲ တရုတ်နိုင်ငံကလည်း သူတို့နိုင်ငံထုတ် ဆားတွေကို တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင်လမ်းကြောင်းကနေ မြန်မာ့ ဆားဈေးကွက်ထဲကို ဝင်လာခဲ့ပါတယ်။
နာဂစ်ဖြစ်ပြီး ၂ နှစ်အကြာမှာ ဧရာဝတီတိုင်းက ဆားလုပ်ငန်းရှင်တွေလည်း သူတို့လုပ်ငန်းတွေပြန်စလာကြတော့ ပြည်တွင်းမှာ ဆားလုပ်ငန်းရှင်တွေ၊ ဆားထုတ်လုပ်မှုတွေဟာ အရင်ထက် ပိုများလာသလို၊ ထိုင်းနဲ့ တရုတ်က ဝင်တဲ့ ဆားတွေဟာလည်း ဈေးကွက်ထဲမှာ ဝင်ရောက်နေရာယူနေတဲ့အတွက် သုံးစွဲမှုအားထက် ထုတ်လုပ်မှုအားတွေကပိုများနေပြီး ဆားဈေးတွေ ကျကုန်ပါတယ်။
ရန်ကုန်တိုင်း ဆားလုပ်ငန်းရှင်းများအသင်းဝင် ဦးမြင့်သိန်း က “အခုနှစ်တွေဆိုရင် အဆိုးဆုံး အခြေအနေဖြစ်လာတာပေါ့၊ ဆားမှာ ဆိုရင် အပိုင်း ၃ ပိုင်းရှိတာကိုး ထုတ်လုပ်သူ၊ ကြိတ်ခွဲတဲ့လူ၊ ဖြန့်ဖြူးတဲ့လူရှိတယ်၊ အဆိုးဆုံးခံရတဲ့လူက ထုတ်လုပ်တဲ့လူ၊ ဒုတိယ က ဆားချောထုတ်လုပ်တဲ့ ကြိတ်ခွဲတဲ့လူ၊ တတိယက ဖြန့်ဖြူးတဲ့ ကုန်သည်ပေါ့ဗျာ” လို့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပါတယ်။
မြန်မာနိုင်ငံက ဆားဈေးကွက်အိုင်နေတဲ့ အတွက် တရုတ်ကလည်း သူတို့ဆားတွေကို ထပ်ပြီးမသွင်းတော့ပေမယ့် မြန်မာ စားသုံးသူတွေ လက်ခံမှုနဲ့ ထိုင်းက ဆားတွေကတော့ ဈေးကွက်ထဲမှာ အထိုင်ကျနေပါပြီ။
ရန်ကုန်တိုင်း ဆားကုန်သည်များအသင်းက “အခုဆို ယိုးဒယားက ဆားတွေက ကျနော်တို့ဈေးကွက်ကို ဝင်ပြီးတော့ ယှဉ်တယ်၊ ကျနော်တို့နဲ့ ထုတ်လုပ်ပုံခြင်း မတူဘူး၊ quality ပိုင်းဆိုင်ရာလည်းမတူဘူး၊ အဲဒီမှာပဲ ကျနော်တို့ကဈေးကွက်ကို အတိုင်းအတာတခုထိ ပေးလိုက်ရတယ်၊ နောက်တချက်ကလည်း ထုတ်လုပ်မှုကလည်းများနေတယ်၊ များနေတဲ့အခါကြတော့ ဈေးကွက်ပျောက်တဲ့ သဘောပေါ့”လို့ ရှင်းပြပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ် မှာနေတဲ့ အိမ်ရှင်မတစ်ဦးကတော့ “ကျမတို့ကတော့ ထိုင်းကလာတဲ့ ဆားကိုပဲသုံးတယ်။ သူက သကြားလေးလိုပဲ ကြည်နေတာပဲ၊ ပိုပြီးသန့်တယ်လို့ စိတ်ထဲမှာထင်မိတယ်လေ။ စူပါမားကတ်တွေမှာဝယ်လို့ရပါတယ်။ မြန်မာ ဆားတွေကိုတော့ ဒညင်းသီးစိမ်တာတို့၊ မုန်လာဥချဉ် သိပ်တာတို့သုံးတယ်၊ အကြိုက်တော့မတူကြဘူးပေါ့ တချို့ကြတော့လည်း မြန်မာဆားက ပိုပြီးလေးတယ်ဆိုပြီး မြန်မာဆားကိုပဲသုံးကြတယ်” လို့ဆိုပါတယ်။
ဆားဈေးတွေထိုးကျနေတဲ့အတွက် အဓိကဆားထုတ်လုပ်သူတွေမှာ နှစ်နဲ့ချီ အရှုံးတွေနဲ့ရင်ဆိုင်နေကြရပြီး နာဂစ်ဖြစ်အပြီး ပြန်လည်လုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်း အတွင်းက ဆား လုပ်ငန်းဧက ၂၃၄၅၀ ကျော် လုပ်ကိုင်နေတဲ့ ဆားထုတ်လုပ်သူ ၈၀၀ ခန့်အနက် ၃၀ ရာခိုင်နှုန်းကျော်ရပ်တန့်သွားပါတယ်။
လပွတ္တာမြို့နယ် ဆားလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးမြင့်နိုင် ကလည်း “ကျနော်တို့ ဆားထုတ်လုပ်သူတွေဘက်မှာ တပိဿာကို ကျပ် ၄၀ လောက်ကျတယ်၊ ရောင်းဈေးကွက်မှာက ၃၅ ကျပ်ဆိုတော့ ဘယ်လိုမှမကိုက်တော့ဘူး၊ ဒါကြောင့် တချို့က ရပ်ပစ် လိုက်ကြတာ” လို့ဆိုပါတယ်။
ဆားထုတ်လုပ်သူတွေ ကစပြီးအဆင့်ဆင့်အရှုံးပေါ်ပြီး တနိုင်ငံလုံးမှာ ဆားထုတ်လုပ်သူ ဦးရေ ပျမ်းမျှ ၂၀၀၀ ကျော်ရှိတဲ့အထဲက ၃၀ ရာခိုင်နှုန်းဟာ ၂၀၁၀ ကနေပြီး ၂၀၁၂ ခုနှစ်ကြားမှာ ရပ်တန့်လိုက်ရပြီဖြစ်တယ်လို့ ရန်ကုန်တိုင်း ဆားလုပ်ငန်းရှင် အသင်းကလည်း ပြောပါတယ်။
ဆား ဈေးကွက်မကောင်းတော့ သယ်ယူ၊ ပို့ဆောင် စရိတ်နဲ့ ထုတ်လုပ်မှု စရိတ်တွေ မကိုက်တော့တဲ့အတွက် ၂၀၁၀ ခုနှစ်ထဲမှာပဲ ရပ်ပစ်ခဲ့ပြီး အခြားလုပ်ငန်း တခုကို ပြောင်းလဲလုပ်ကိုင်နေရတယ်လို့ ရန်ကုန်အခြေစိုက် “အောင်သီဟ” အိုင်အိုဒင်း ဆား ထုတ်လုပ်ရေး လုပ်ငန်းကလည်း ဆိုပါတယ်။ အဲဒီအလုပ်ရပ်နားလိုက်တော့ အလုပ်သမားတွေလည်း အလုပ်ကနေရပ်နား လိုက်ရတယ်လို့ ဆိုပါတယ်။
“ဈေးကွက်ထဲမှာ ဆားဈေးက တအားထိုးကျနေတော့ ရေခ၊ မီးခ စရိတ်အထွေထွေနဲ့ လုပ်နေရတဲ့ကျနော်တို့မှာက မကိုက်တော့ ဘူး၊ အဲတာနဲ့ ရပ်ပစ်လိုက်တာ၊ အခု တချို့လုပ်နေကြတုန်း၊ သူတို့လည်း မဟန်ပါဘူးဗျာ” လို့ ရပ်နားလိုက်တဲ့ အောင်သီဟ ဆားချော ထုတ်လုပ်သူက ရှင်းပြပါတယ်။
အိမ်နီးချင်း နိုင်ငံတွေမှာ ဆားလုပ်ငန်း လည်ပတ်မှုကောင်းတဲ့ အချက်က ဆားကို စားသုံးကုန်ဖက်မှာ ၃၀ ရာခိုင်နှုန်းသာ ရှိပြီး စက်မှုကုန်ကြမ်းဖက်မှာ ၇၀ ရာခိုင်နှုန်း အသုံးပြု နိုင်တဲ့ အတွက် အဓိကအားသာချက်တစ်ခုဖြစ်ပါတယ်၊ ဒီအခြေအနေတွေဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မြန်မာ့ဆားက နိုင်ငံခြားတင်ပို့နိုင်မှု၊ ထိုးဖောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး လို့လည်း ဆားလုပ်ငန်းရှင်တွေက ဆိုပါတယ်။
တနှစ် ဆားထုတ်လုပ်မှုနှုန်းက ၃ သိန်းခွဲဝန်းကျင်ရှိနေပြီး ပြည်တွင်းစားသုံးနိုင်မှုနှုန်းက ၂ သိန်းပဲရှိတဲ့ အတွက် ၁ သိန်း ကျော်က ဈေးကွက်ထဲမှာ ပုံနေပါတယ်။ ဒီလိုပိုနေတဲ့ဆားတွေကို သုံးစွဲမပေးနိုင်မခြင်းတော့ ဆားဈေးကွက်က လည်ပတ်မှု ကောင်းလာမှာမဟုတ်သေးဘူးလို့ ဆားလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
အခုလို အခက်ခဲတွေကြုံတွေ့နေရတဲ့ မြန်မာဆားလုပ်ငန်း ပြန်လည် ခေါင်းထောင်လာနိုင်ရေးအတွက် စက်မှုကုန်ကြမ်းဖက်တွင် အသုံးပြုနိုင်ရန်လိုအပ်တဲ့ အတွက် ဆားကိုအသုံးပြုနိုင်တဲ့ စက်ရုံလုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်ခွင့်ပြုပေးဖို့နဲ့ မြန်မာဆားတွေကို အရည်အသွေးမြှင့်လုပ်ဆောင်နိုင်ရေးတို့လိုအပ်ကြောင်း ရန်ကုန်တိုင်းဆားလုပ်ငန်းရှင်းအသင်းက မှတ်ချက်ပြု ပြောဆိုပါတယ်။
“အဓိကကတော့ စက်မှုကုန်ကြမ်းအဖြစ် တိုးသုံးနိုင်အောင်လုပ်ပေးရမှာပေါ့၊ နောက်တခုကတော့ နည်းပညာပေါ့ဗျာ၊ ဒီလိုမှ မလုပ် ပေးနိုင်ဘူးဆိုရင်၊ လက်ရှိအနေအထားအရ ကျနော်တို့ ဆားလုပ်ငန်းရဲ့ အနာဂတ်ဟာ ရင်လေးစရာပါ” လို့ ရန်ကုန်တိုင်း ဆားလုပ်ငန်းရှင်းများအသင်းဝင် ဦးမြင့်သိန်း က ထောက်ပြပြောဆိုပါတယ်။
ဆားလုပ်ငန်းရှင် တွေက လက်ရှိပြည်တွင်းမှာ မလုပ်နိုင်သေးတဲ့ နိုင်ငံလုံးဆိုင်ရာ ဆားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းကြဖို့ ပြင်ဆင်နေကြပြီးတော့ ပြည်တွင်းထွက်ဆားတွေကို စက်မှုကုန်ကြမ်းလုပ်ငန်းတွေမှာ သုံးစွဲပေးနိုင်ဖို့ နေပြည်တော် တက်ပြီး အစိုးရနဲ့ ဆွေးနွေးကြဖို့ ပြင်ဆင်နေကြပါတယ်။