“ကျနော်တို့ကွမ်းယာ လူကြိုက်များတဲ့ အဓိကအချက်က ထုံးပဲဗျ” လို့ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ “မိုးစံပယ်” ကွမ်းယာဆိုင် ပိုင်ရှင် ကိုဇာနည်က ကွမ်းယာ အယာ ၂၀ ကျော်လောက်ကို ခုံပေါ်မှာဖြန့်ယာနေရင်း ရှင်းပြပါတယ်။
“မိုးစံပယ်” ကွမ်းယာဆိုင်ဟာ နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရီမြို့နယ်ထဲက သပြေကုန်းဈေးအနီး လမ်းမကြီးဘေး ၁၂ ပေ၊ ၁၅ ပေလောက် ကျယ်ဝန်းတဲ့ ဆိုင်ခန်းလေးမှာ ဖွင့်ထားတာပါ။ ဆိုင်ထဲမှာတော့ ဆိုင်ရှင်အပါအဝင် အမျိုးသမီး အလုပ်သမ ၃ ဦး ကလည်း ဧည့်သည်တွေ မှာထားတဲ့ ကွမ်းယာတွေကို ဇယ်ဆက်သလို ယာနေကြတယ်။
ဆိုင်ထဲမှာရှိတဲ့ ကွမ်းယာ စားပွဲဘောင်တွေ၊ နံရံတွေပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ခွပ်ဒေါင်း တံဆိပ်နဲ့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ” ဆိုတဲ့ စာတမ်းပါတဲ့ အမှတ်တံဆိပ် စာရွက်လေးတွေကို ကပ်ထားတာကိုလည်း တွေ့မြင်ရ ပါတယ်။
ကွမ်းယာ စားပွဲတွေရဲ့ဘေးတဖက်တချက်စီမှာ ထုံးအိုးကြီးတွေကို တောင်ပို့ကြီးတွေအလား တွေ့ရပါတယ်။ စားပွဲပေါ်မှာတော့ ကွမ်းယာထဲမှာ ထည့်ပြီးအသုံးပြုတဲ့ ကွမ်းသီး၊ နွယ်ချို၊ အုန်းသီးကြော်၊ စမုံစပါး၊ လေးညှင်း၊ သံပုရာသီး၊ အာမွှေး၊ ဆေးရွက်ကြီး အပါအဝင် နိုင်တီတူး၊ ဖိုတီဖိုက် စတဲ့ ဆေးမျိုးစုံကိုလည်း ကော်ဗူးလေးတွေနဲ့ ခွဲပြီး တန်းစီထားပါတယ်။
ဆိုင်ကို ၂၄ နာရီ ဖွင့်လှစ်ရောင်းချပေးနေတဲ့အတွက် ကွမ်းယာဆိုင်တွေထဲမှာတော့ အထူးဝန်ဆောင်မှုပေးနေတဲ့ ဆိုင်လို့တောင် ပြောရမှာပါ၊ အဲဒီအတွက် ဂျူတီနဲ့ အလှည်ကျ ကွမ်းယာဖို့ နယ်ကနေခေါ်ယူထားတဲ့ အမျိုးသမီး ၈ ဦးကို အလုပ်ခန့်ထားပါသေးတယ်။
ဆိုင်ရဲ့ရောင်းအားကလည်း တရက်ကို ပျမ်းမျှ ကျပ် ၅ သိန်း အထက်မှာ ရှိပါတယ်။ သားသားနားနား ဆောက်ထားပြီး လူအသွားအလာ ခြောက်ကပ်နေတဲ့ နေပြည်တော်လို နေရာမှာ ၂၄ နာရီ ဝန်ဆောင်မှုပေးပြီး စားသောက်ဆိုင်ကြီး တဆိုင်ရဲ့ ဝင်ငွေလောက်ကို ရှာနိုင်တဲ့ ကွမ်းယာဆိုင်ဟာ ဒီမြို့မှာ သူတဆိုင်ပဲရှိတယ်ဆိုတာ ယုံမှားစရာမရှိပါ။
ဆိုင်ရှင် ကိုဇာနည်က သူ့ကွမ်းယာရဲ့ အဓိကစွဲဆောင်မှုက “ထုံး” တဲ့။ နောက် ကွမ်းရွက်တွေကို သုံးတဲ့အခါမှာလည်း ကျွတ်ဆတ်ဆတ် အရွက်တွေကို မသုံးဘူးတဲ့။ ပျော့ပျော့ပြောင်းပြောင်းနဲ့ ယာကောင်းပြီး ခါးတွင်း မစပ်စေတဲ့ ကွမ်းရွက်တွေကိုပဲ မှာယူသုံးစွဲတာလို့ ဆိုတယ်။
သူ့ဆိုင်မှာ အသုံးပြုနေတဲ့ ထုံးနဲ့ ကွမ်းရွက် ကောင်းခြင်းတွေကြောင့် ကွမ်းမစားတတ်သေးတဲ့ လူတွေစားတာတောင် ထုံးပေါက်တာတို့၊ အာခံတွင်း စပ်တာတို့ ဖြစ်မှာ မဟုတ်ဘူးတဲ့။ သူ့ကွမ်းယာရဲ့ အဓိက လျှို့ဝှက်ချက်ဖြစ်တဲ့ ထုံးရောစပ်နည်းကိုတော့ ပြောပြလို့မဖြစ်ဘူးလို့ ဆိုင်ရှင်က ခပ်ပြုံးပြုံးပြန်ပြောပါတယ်။
အဓိကရောင်းချတဲ့ပုံစံက အစိုးရရုံးတွေ၊ စားသောက်ဆိုင်၊ ဈေးဆိုင်အလုပ်ရုံနဲ့ အခြား ဌာနဆိုင်ရာတွေက ဖုန်းနဲ့ ဆက်ပြီး ကြိုမှာတာတွေကို ဆိုင်ကယ်နဲ့လိုက်ပို့တယ်။ ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက်အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့်လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။
မှာထားတဲ့ ကွမ်းယာတွေကို လာမယူသေးတဲ့ချိန်နဲ့ လိုက်မပို့ရသေးတဲ့အချိန် ရေခဲ့သေတ္တာထဲမှာ ထည့်ပြီး သိမ်းထားပေးတယ်။ ယာပြီးသား ကွမ်းယာတွေ ထည့်တဲ့ ဗူးမှာလည်း ဆိုင်လိပ်စာနဲ့ ဖုန်းနံပတ်တွေကို တံဆိပ်ရိုက်ထားသလို၊ ကွမ်းထုပ်တွေမှာလည်း လိပ်စာ စာရွက်လေးတွေ ထည့်ပေးထားတာကို တွေ့ရပါတယ်။
ဆိုင်ထဲမှာ ကွမ်းယာလာဝယ်နေတဲ့ အသက် ၂၅ နှစ်အရွယ် ဆောက်လုပ်ရေး အလုပ်သမားတဦးက “သူ့ကွမ်းကကောင်းလို့ ဒီဆိုင်မှာပဲ လာဝယ်စားတာပေါ့၊ တရက် ၁၀ ယာ၊ ၁၅ ယာစားလည်း ထုံးမပေါက်ဘူး၊ ထုံးကောင်းတော့ ဝါးကောင်းတာပေါ့ဗျာ” လို့ ပြောရင်းဆိုရင်း ကွမ်းတယာကို ပါးစပ်ထဲ ထည့်လိုက်သေးတယ်။ သူက ကွမ်းအတော်ကြိုက်ပုံရပါတယ်၊ သွားတွေဆိုရင် ကွမ်းဂျိုးတွေတက်နေတာ ညိုမဲလို့။
ဒီကွမ်းယာဆိုင်လေး အခြေချ တည်ပြီးရောင်းနေတဲ့ နေပြည်တော်မြို့ဟာ ယခင်စစ်အစိုးရလက်ထက် စစ်ဗိုလ်ချုပ်ကြီးတွေ အစီအမံနဲ့ ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိဏသီရိဆိုပြီး မြို့နယ် ၅ မြို့နယ်ခွဲပြီး စတည်ခဲ့တာပါ။ ဒီမြို့စတည်ကတည်းက ဒီကွမ်းယာဆိုင်လေးကို တည်ထောင်ခဲ့တာလို့သိရပါတယ်။
“မိုးစံပယ်” ကွမ်းယာဆိုင်လေး ရောင်းချနေတဲ့ ဇဗ္ဗူသီရီမြို့နယ်ဟာ နေပြည်တော်မြို့ရဲ့ အလယ်မှာရှိပြီးတော့ အဲဒီမှာ မြို့တော်ခန်းမ၊ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဝန်ကြီးဌာနရုံးတွေ၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၊ စာတိုက်ကြီး၊ ဈေးကြီးတွေ၊ ပွဲရုံတွေ၊ ဘဏ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ကျောက်မျက်ပြတိုက်၊ ဈေးဝယ်စင်တာတွေနဲ့ အိမ်ယာတွေ ရှိပါတယ်။
နောက်ပြီး အများပြည်သူတွေ အားလပ်ချိန်တွေမှာ အပန်းဖြေဖို့ဆိုပြီး နိုင်ငံတကာအဆင့်မီ ရေပန်းဥယာဉ်၊ ရုပ်ရှင်ရုံ၊ ပရဆေး ဥယျာဉ်၊ အားကစားရုံနဲ့ အားကစားပြိုင်ကွင်းတွေ၊ ဂေါက်ရိုက်ကွင်းတွေလည်း ရှိပါတယ်။ တောင်ကုန်းတွေကို ရှင်းပြီး ဒီလို နေချင့်စဖွယ် ပြုလုပ်ထားတဲ့ မြို့ကြီးက လူသူသွားလာမှု ခြောက်ကပ်လှပါတယ်။
နေပြည်တော် မြို့လယ်လို့ဆိုတဲ့ ဇဗ္ဗူသီရီမြို့နယ်မှာရှိတဲ့ အရောင်းစင်တာတွေမှာတောင် ဝယ်သူသူတွေ၊ ဈေးလည်သူတွေ နည်းပါးတယ်၊ ရာသီဥတုကလည်း တခြားမြို့တွေမှာ သာမန်အနေအထားမှာ ရှိနေတာတောင် နေပြည်တော်မှာ ခြစ်ခြစ်တောက် ပူနေတာပဲ။
မြန်မာနိုင်ငံရဲ့ အထင်ကရ လွှတ်တော်ကြီးလည်း ရှိတယ်၊ မြို့ကိုလည်း စွဲမက်အောင်၊ စိတ်ဝင်စားအောင် လုပ်ထားတာ၊ လမ်းတွေဆိုလည်း မြန်မာနိုင်ငံ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ ၁၆ လမ်းသွား လမ်းမကြီးတွေ၊ လမ်း ၂၀ သွား လမ်းမကြီးတွေ ဟည်းနေအောင် ခင်းထားတာ။ ဒါပေမယ့် အဲဒီလမ်းတွေပေါ်မှာ ကားတစီးနဲ့ တစီးတွေ့ရဖို့ မလွယ်လှပါဘူး။
မြန်မာနိုင်ငံရဲ့ ခမ်းနားလှတဲ့ လွှတ်တော်အဆောက်အအုံကြီးတွေ၊ ရင်သပ်ရှုမောဖွယ် လမ်းတွေရှိတဲ့ မြို့တော်ကြီးရဲ့ ဘေးနားက ရွာတွေကတော့ တနေ့စာဝမ်းတခါးအတွက် နေပြည်တော်မြို့ပေါ်တက်ပြီး မြို့အလှဆင်ရေးနေရာတွေ၊ သန့်ရှင်းရေး လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်နေကြတာကို တွေ့ရပါတယ်။
နေပြည်တော် အဝိုင်းမှာ မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ မြက်နုတ်နေတဲ့ အမျိုးသမီးတယောက်က သူရတဲ့ မြက်နှုတ်ခက တရက်ကို ကျပ် ၁၇၀၀ လို့ ပြောပါတယ်။ နေပြည်တော်က အဝိုင်းတွေ၊ လမ်းအလှဆင်ရေးတွေမှာ သူ့လိုလုပ်နေကြသူတွေ များစွာတွေ့ရပါတယ်။
တရက်ကို ကျပ် ၁၇၀၀ ရတဲ့ သူတို့အဖွဲ့တွေဟာ ရတဲ့ငွေထဲကနေ ပဲ့မထွက်အောင်၊ ကွမ်းကြိုက်တတ်ရင် ကွမ်း၊ ဆေးလိပ် ကြိုက်တတ်ရင် ဆေးလိပ်တို့ကို အိမ်ကနေ တပါတည်း ယူလာကြပါတယ်။ သူတို့တွေကတော့ နေပြည်တော်မှာ နာမည်ကြီးလှတဲ့ “မိုးစံပယ်” ကွမ်းယာဆိုင်လေးနဲ့တော့ နီးလျက်နဲ့ ဝေးနေကြပါတယ်။
ကွမ်းစားတဲ့ယဉ်ကျေးမှုဟာ နေပြည်တော်တင် မကပါဘူး။ မြန်မာတနိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေတာပါ။ ဒါပေမယ့် ကွမ်းတံတွေး ထွေးတဲ့ အခါမှာတော့ စည်းကမ်းရှိမှု နည်းပါးပါတယ်။
စင်္ကြန်တွေ၊ ကားလမ်းတွေ၊ ကားမှတ်တိုင်၊ ဈေးဆိုင်တွေနဲ့ လူအသွားအလာ များတဲ့ နေရာတွေမှာ ကွမ်းတံတွေးတွေ စည်းကမ်းမဲ့ ထွေးထားတာတွေ မြင်ရမှာပါ။ နေပြည်တော်ထက် ရန်ကုန်၊ မန္တလေးလို လူစည်ကားတဲ့ မြို့ပြတွေမှာ ပိုပြီးတွေ့မြင်နိုင်ပါတယ်။
ဒါအပြင် ကွမ်းကို အဆမတန် စားတဲ့အတွက်လည်း ဘေးထွက် ဆိုးကျိုးတွေရှိပါတယ်။ သွားတွေ ညစ်ထေးပေကျံတာ၊ သွားတွေအတွင်း ကျောက်ဖြစ်နိုင်တာ၊ ဆီးကျောက်တည်နိုင်တာ၊ ပါးစောင်ကင်ဆာ ဖြစ်ပွားနိုင်တာတွေ ဖြစ်တတ်ကြောင်းလည်း ဆေးပညာရှင်တွေက သတိပေး ပြောဆိုတာတွေလည်းရှိပါတယ်။
တိုးတက်တဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ သူတို့ရောင်းတဲ့ နေကြာစေ့ပဲဖြစ်ဖြစ် တခြား မုန့်ထုပ်တွေမှာဖြစ်ဖြစ် အမှိုက်တွေကို အမှိုက်ပုံးထဲကို စွန့်ပစ်ဖို့ ကုန်ပစ္စည်းနဲ့ တပါတည်း ကြော်ငြာလေးတွေ ထည့်ပေးပါတယ်။
မြန်မာနိုင်ငံမှာလည်း အခုလို ၂၄ နာရီလို ဝန်ဆောင်မှုမျိုးတွေ ပေးလာတဲ့ “မိုးစံပယ်” လို ကွမ်းယာဆိုင်မျိုးတွေရဲ့ ကွမ်းထုပ်တွေမှာ နောက်ပိုင်း “စည်းကမ်းမဲ့ ကွမ်းထွေးခြင်း သည်းခံပါ”၊ “အမှိုက်များကို အမှိုက်ပုံးတွင်းသို့ စွန့်ပစ်ပါ” စတဲ့ စာတမ်းလေးတွေနဲ့ သတိပေးချက်လေးတွေနဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ဆောင်လာနိုင်ပါတယ်။
အခုအချိန်မှာတော့ နေပြည်တော်က “မိုးစံပယ်” ကွမ်းယာဆိုင်လေးက သူတို့မြို့ရဲ့ ဆွဲဆောင်မှုတွေနဲ့အတူ အနာဂတ်မှာ စည်ကားလာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်၊ အဲဒီလိုစည်ကားလာရင် သူတို့ရဲ့ ရောင်းအားဟာလည်း အဆပေါင်းများစွာ တက်လာနိုင်ဖွယ်ရှိနေပါတယ်။
“မြို့ပိုစည်လာတာနဲ့ ရောင်းအား ပိုကောင်းမှာပေါ့” လို့ ဆိုင်ရှင် ကိုဇာနည်က ကွမ်းယာတွေကို ယာပေးနေရင်း သူ့မျှော်လင့်ချက်ကို ပြောပါတယ်။