စီးပွားရေး

မြန်မာ့ရေလုပ်ငန်း ဝန်ပိနေ

This article has been converted from Zawgyi One to Unicode

ပြည်တွင်းဘဏ်ချေးငွေ အတိုးနှုန်းမြင့်မားခြင်း အပါအဝင် လုပ်ငန်းလည်ပတ်နိုင်ရန် အရေးကြီးသော ရေ မီး လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုဒဏ်ကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရသည်။

“ဘဏ်အတိုးနှုန်း မြင့်မားခြင်းကို ခံစားနေရတာတော့ ရေလုပ်ငန်းရှင်တွေအနေနဲ့ တော်တော်ကြာနေပြီ။ နာဂစ်တိုက်ပြီးနောက်ပိုင်း လျှပ်စစ်မီးမရလို့ အအေးခန်းစက်ရုံတွေ မလည်ပတ်နိုင်လို့ရေခဲက အစ၊ ဓာတ်ဆီ၊ ဒီဇယ်၊ မီးစက်အဆုံး အကုန်လုံးကို ကိုယ့်ဘာသာကိုယ် သုံးခဲ့ရတော့ ငွေလိုတယ်။ ဆိုတော့ ဘဏ်ချေးငွေချေးရတယ်။ ချေးငွေ အတိုးနှုန်းတွေက မြင့်မားနေတော့ မဆပ်နိုင်။ ပြန်ပြီးတောင် မရင်းနိုင်တဲ့ အနေအထားတွေ ထိရောက်နေတယ်”ဟု ပုဇွန် လုပ်ငန်းရှင်များအသင် ဥက္ကဌ ဦးနှင်းဦးက ဧရာဝတီသို့ ပြောဆိုသည်။

ဘဏ်အတိုးနှုန်းမှာ ယခင် ၁၇ရာခိုင်နှုန်း၊ ယခုနောက်ပိုင်းတွင် ၁၄ ရာခိုင်နှုန်း ပေးရသည်။ ယင်းသို့ ဘဏ်တိုးနှုန်း မြင့်မားမှုကြောင့် လုပ်ငန်းလည်ပတ်ရန် လိုအပ်သောငွေကြေး အခက်အခဲဖြစ်လာရပြီး နောက်ပိုင်းတွင် ပြည်ပတင်ပို့မှုအပါအဝင် ပြည်တွင်းဈေးကွက်ပါ ထိခိုက်လာမည်ကိုလည်း တချို့က စိုးရိမ်နေကြသည်။

ရေလုပ်ငန်းကဏ္ဍတွင် အဓိက ကြုံတွေနေရသော ရေထွက်ကုန်ပစ္စည်းရှားပါးမှုနှင့် မွေးမြုရေး လုပ်ငန်းများ ကျဆင်းနေမှုကြောင့် စက်ရုံများစွမ်းအားပြည့် မလည်ပတ်နိုင် ဖြစ်နေသည့်အပေါ် အမြန်ဆုံး ပြန်လည် ပြည့်မီ တိုးတက်လာစေရန် အစီအမံများ စနစ်တကျ ချမှတ်၍ ဆောင်ရွက်သင့်ကြောင်း၊ မွေးမြူုရေးလုပ်ငန်းများ အမြန်ဆုံးတိုးတက်လာစေရန် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်မှုကို မွေးမြူုရေးလုပ်ငန်းရှင်များက လိုလားလှျှက်ရှိကြောင်းကို မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ ပြည်သူ့လွှတ်တော်ဥက္ကဌ ထံသို့တင်ပြထားကြောင်းလည်း သိရသည်။

“ရေထွက်ကုန်ပစ္စည်း ကုန်ကျစရိတ် တက်တာလည်း မပြောနဲ့။ အစာစပ် ပစ္စည်း လုပ်တဲ့ ကျနော်တို့ လုပ်ငန်းသမားတွေလည်း ပဲဖတ်၊ နှမ်းဖတ်ကအစ ဖွဲနုအဆုံး အကုန်ဈေး အရမ်းတက်နေတာ ခံနေရတယ်။ တချို့ အစာစပ် စက်ရုံတွေဆိုရင် ပိတ်တဲ့ အဆင့်တောင် ရှိနေပြီ။ ဘယ်လိုမှ အဆင်မပြေဘူး။ မီးကလည်း အပြည်အ၀ မရဘူး” ဟု လှိုင်သာယာရှိ အစာစပ်လုပ်ငန်း လုပ်ကိုင်သူ ဦးနေထွန်းမင်းက ပြောသည်။

ရေထွက်ပစ္စည်း ထုတ်လုပ်သူများ အသင်းနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှုး ဒေါ်တိုးနန္ဒာတင်ကလည်း “ခု ရေထွက် ကုန်ပစ္စည်း ထုတ်လုပ်သူတွေအနေနဲ့ များများထုတ်တဲ့သူက များများရှုံးမယ်။ နောက်ပိုင်း ဘာတွေဖြစ်လာလဲဆိုရင် ပြည်တွင်း ငါး ပုဇွန် ဈေးကြီးမှာတောင် ပစ္စည်းပြတ်တဲ့ထိ ဈေးကွက် ကမောက်ကမဖြစ်တာ ပြည်ပတင်ပို့မှု ဆိုရင်တော့အဝေးကြီးပဲ။ ဒီကြားထဲ ဘဏ်ချေးငွေတွေက များ၊ မဆပ်နိုင်တော့ အတိုးနှုန်းတွေက ထပ်တက်။ ဒါကြောင့် နောက်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေဝင်လာရင် ပူးပေါင်းသင့်တယ်။ ဒါမှ သူတို့ဆီက နည်းပညာ၊ ငွေကြေး အရင်းအနှီး ရမယ်။ ဒါမှသာ ရေလုပ်ငန်းက ပြန်တိုးတက်လာနိုင်မယ် ထင်တယ်” ဟု ပြောသည်။

သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ မထွက်လာနိုင်သေး၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုမရှိသေးဘဲ လာရောက်လေ့လာရုံ အဆင့်သာ ရှိသေးကြောင်း ပုဇွန်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးနှင်းဦးက ပြောသည်။

“အဓိကကတော့ ရေထွက်ကုန်ပစ္စည်းတွေ ပြည်တွင်းမှာတောင် မထုတ်လုပ်နိုင်တာ ပြည်ပနိုင်ငံတွေနဲ့ ယှဉ်နိုင်ဖို့ဆိုတာ အဝေးကြီးပဲ လိုပါသေးတယ်။ ဒီလို ကုန်ကျစရိတ်တွေ မြင့်မားနေတာ၊ လျှပ်စစ်မီး လုံလောက်စွာ မရရှိတာ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေကြောင့် သယ်ယူစရိတ်တွေက အရမ်းမြင့်မားနေတာတွေ၊ဘဏ်ချေးငွေ အတိူးနှုန်း မြင့်မားတာတွေက အရမ်းအခက်အခဲဖြစ်စေတယ်။

ဒါတွေသာ ပြင်ဆင်ပေးမယ်ဆိုရင် ရေထွက်ကုန် ပြည်ပတင်ပို့တဲ့သူတွေအနေနဲ့ ပြည်တွင်း ထုတ်လုပ်မှုပါ အဆင်ပြေနိုင်တယ်” ဟု  ဦးနှင်းဦးက ဆက်လက် ပြောဆိုသည်။

Loading