ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါ အထူးစီးပွားရေး စက်မှုဇုန် (SEZ) စီမံကိန်း ဒေသဝန်းကျင်ရှိ မြေယာများတွင် ဈေးကစားမှုများနှင့် ရင်ဆိုင်နေရကြောင်း SEZ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောသည်။
ထိုသို့ မြေဈေးများ ကစားနေသောကြောင့် SEZ တည်ဆောက်မည့် စီမံကိန်းအတွက် မြေနေရာကို အတိအကျပြောနိုင်ခြင်း မရှိသေးကြောင်း သူက ဆိုသည်။
ပြီးခဲ့သည့် မေလမှစတင်ပြီး သီလဝါဒေသ ဝန်းကျင်ရှိ လယ်မြေများတွင် စက်မှုဇုန် တည်ဆောက်မည် ဆိုသည့် သတင်းကြောင့် ဒေသအတွင်း လုပ်ငန်းရှင်များ၊ မြေယာပွဲစားများနှင့် ကုမ္ပဏီကိုယ်စားလှယ်များ ရောက်လာပြီး လယ်ယာမြေများကို တဧက ၁၀ သိန်း ဝန်းကျင်ပေး၍ ရသလောက် လိုက်လံဝယ်ယူလျှက် ရှိကြောင်း သိရသည်။
“တကယ် အကျိုးခံစားခွင့်ရသင့်တဲ့ လယ်သမားတွေလက်ထဲ မရောက်ဘဲ တခြားသူလက်ထဲ ရောက်သွားမှာ စိုးရိမ်ရတယ်။ မြေဈေးတွေကို စီးပွားရေးသမားတွေက ကစားနေတယ်ဆိုရင် အဲဒီနေရာမှာ မလုပ်တော့ဘူး။ ရတဲ့နေရာမှာပဲ လုပ်သွား တော့မယ်” ဟု ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။
နိုင်ငံတော်မှ စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည့် ဒေသတွင် ကုမ္ပဏီနောက်ခံ လယ်သမား ဟန်ဆောင်နေသည့်သူ၊
ဥပဒေကို နားမလည်သည့် လယ်သမား၊ လက်ရှိလုပ်ကိုင်နေသည့် လယ်သမားဟူ၍ လယ်သမား အမျိုးအစား ၃ မျိုးရှိပြီး စီးပွားရေး သမားများက လယ်ယာမြေများကို ဝယ်ယူ ဈေးကစားလျှက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
သီလဝါ အထူးစီးပွားရေစက်မှုဇုန် (SEZ) တည်ဆောက်မည့် စီမံကိန်းအတွက် ထပ်မံအသိမ်းခံရမည့် လယ်ယာမြေများ ရှိနေသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိရာ သန်လျင်၊ ကျောက်တန်းမြို့နယ်များနှင့် သီလဝါ အကြားရှိ လယ်သမားများက ၎င်းတို့လယ်ယာမြေများကို အချိန်မရွေး လာရောက် သိမ်းယူသွား နိုင်သည်ဆိုသည့် အသိဖြင့် စိုးရိမ်နေရကြောင်း ရွာခံလယ်သမားများက ပြောသည်။
ဂျပန်နိုင်ငံ အစိုးရ၏ အာမခံချက်၊ ပူးပေါင်းပါဝင်မှုတို့ဖြင့် SEZ ကို လယ်မြေ ဧရိယာဧက ၆၀၀၀ ခန့်တွင် တည်ဆောက်ရန် မြေပြင် လေ့လာမှုနှင့် စီမံကိန်းရေးဆွဲရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်သည်။
“အစိုးရက လျော်ကြေး ပေးထားတာရှိတယ်။ မပေးရသေးတာတွေလည်း ရှိတယ်။ မပေးရသေးတာပဲဖြစ်ဖြစ် ပေးပြီးသားပဲ
ဖြစ်ဖြစ်၊ လယ်သမားတွေက အကုန်လုံး လိုချင်နေကြတယ်” ဟု သီလဝါ တရာကုန်းရွာမှ ဒေါ်ကေသီက ဧရာဝတီသို့ ပြောသည်။
၁၉၉၆ ခုနှစ် ဝန်းကျင်က မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT) တည်ဆောက်ရန် မြေနေရာနှင့် အနီးအနားရှိ ကျေးရွာများမှ လယ်ယာမြေများစွာကို နိုင်ငံတော်အစိုးရက သိမ်းဆည်းသွားခဲ့သော်လည်း အချို့လယ်မြေများသည် ကုမ္ပဏီပိုင် လယ်မြေများ ဖြစ်သွားကြကြောင်း သိမ်းဆည်းခံခဲ့ရသည့် လယ်ပိုင်ရှင်များထံမှ သိရသည်။
၂၀၁၅ ခုနှစ်တွင် အပြီးတည်ဆောက်မည့် SEZ စီမံကိန်း မြေဧရိယာထဲတွင် လွန်ခဲ့ သည့် ၁၇ နှစ် ဝန်းကျင်က မြေယာ လျော်ကြေး ပေးထားသည့် လယ်မြေတချို့ပါရှိပြီး လက်ရှိအချိန်အထိ ၎င်းလယ်မြေများတွင် ဆက်လက် စိုက်ပျိုး လုပ်ကိုင်လျှက် ရှိသည်။
SEZ တည်ဆောက်ရာတွင် သိမ်းဆည်းမြေယာများ လျှော်ကြေးပြန်ပေးမှု နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ဦးဇော်မင်းက “သီလဝါ လျော်ကြေးကိစ္စကို ဘယ်သူက ရှင်းမှာလဲ။ မြေသိမ်းဥပဒေနဲ့ လုပ်တဲ့ ကိစ္စတွေက အဆင့်အဆင့်တွေ များပါတယ်။ လျော်ကြေး ကိစ္စတွေပြီးမှ ဆက်သွားရတဲ့ကိစ္စပါ။ အခုအချိန်ထိ မြေယာလျော်ကြေး ပေးခွင့် မကျသေးပါဘူး” ဟု ဆိုသည်။
ယင်း စီမံကိန်းဧရိယာတွင် လျော်ကြေးပေးပြီး လယ်ယာမြေ၊ မပေးရသေးသည့် လယ်ယာမြေနှင့် အစိုးရမြေများ ပါဝင်ပြီး ၂၀၁၃ ခုနှစ်အတွင်း မြေယာလျော်ကြေးအတွက် အပြီးသတ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
“လက်ရှိဖြစ်နေတဲ့ ဈေးကို ပေးနိုင်မလား။ လယ်ယာမြေကိုပဲ လုပ်ကိုင်တတ်တဲ့အတွက် ပိုင်ဆိုင်မှု ပမာဏအတိုင်း လယ်ယာမြေ ပြန် အစားပေးနိုင်မလား။ အာမခံချက်ရှိတဲ့ လုပ်ငန်းတခုခု အကောင်အထည် ဖော်ပေးနိုင်မလား” ဟု ကျွန်းကလေး ကျေးရွာနေ ဒေါ်ချိုမာက ထောက်ပြ ပြောဆိုသည်။
အထူးစီးပွားရေးဇုန် တည်ဆောက်ရန် မြေနေရာလေ့လာမှုများ စတင်ပြုလုပ်ခဲ့သည့် အချိန်မှစ၍ ယင်းဒေသရှိ လယ်မြေ ဈေးများ တရိပ်ရိပ်တက်လာပြီး လက်ရှိအချိန်တွင် တဧက ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ ကျော်အထိ ပေးဝယ် နေသူများရှိနေ ကြောင်း ဒေသခံ လယ်သမားများက ဧရာဝတီသို့ပြောသည်။
SEZ ကို မြန်မာနိုင်ငံသားများဘက်က အများပိုင် ကုမ္ပဏီတခု ဖွဲ့စည်းပြီး ၅၁ ရာခိုင်နှုန်း၊ ဂျပန် ကုမ္ပဏီများဘက်က ၄၉ ရာခိုင်နှုန်း၊ အကျိုးတူပူးပေါင်းပါဝင်၍ တကမ္ဘာလုံးရှိ ကုမ္ပဏီများကို ဖိတ်ခေါ်ကာ တရုတ် နိုင်ငံတွင် စတင်ခဲ့သည့် (SEZ) စက်မှုဇုန်ကဲ့သို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။