ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတွင် အဓိက ဦးစားပေး စီမံကိန်းများကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ ကျင်းပသော အာဆီယံ-တရုတ် အစည်းအဝေးအတွင်း သမ္မတ ဦးသိန်းစိန်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်းလတ်တို့ နိုဝင်ဘာလ ၁၉ ရက်တွင် သီးခြားတွေ့ဆုံပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့ကြသည်။
စီးပွားရေးဇုန်နှင့် ဆက်စပ်လျက်ရှိသော စီမံကိန်းများအနက် ထိုင်းနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် လမ်းများ၊ လျှပ်စစ် စက်ရုံ၊ ရေပေးဝေရေး၊ ရေဆိုးစွန့်စနစ်၊ ရထားလမ်း အပါအဝင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းအတွက် နှစ်နိုင်ငံပူးတွဲ ကော်မတီ အစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာတွင် ထပ်မံကျင်းမည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်းလတ်တို့သည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ပူးတွဲ ကြေညာချက်ကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အာဆီယံ ခေါင်းဆောင်များကို ထိုင်း-မြန်မာ ၂ နိုင်ငံ ခေါင်းဆောင်များ သဘောတူခဲ့ကြသည့် ထားဝယ်ရေနက်ဆိပ်ကမ်း ပူးပေါင်းဆောင်ရွက်မှုကို အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံသူများ လာရောက်ရေး ဖိတ်ခေါ်မှုများလည်း အဆိုပါ ပူးတွဲ သဘောတူညီချက်တွင် ပါရှိသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့သည့် ၂ နိုင်ငံ ပူးတွဲကော်မတီမှ အဓိက ဦးစားပေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် အပြီးအကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင်းလပ်ကလည်း ဖနွမ်းပင် မိန့်ခွန်းတွင် ထားဝယ်ရေးနက်ဆိပ်ကမ်းသည် အရှေ့တောင်အာရှနှင့် တောင်အာရှကို ဆက်သွယ်ပေးမည် ဆက်ကြောင်း ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်က အထူးသဖြင့် အခြေခံ အဆောက်အအုံဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားသည်။
ထိုင်းလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်းတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ကြရာတွင် ပုဂ္ဂလိက အကျိုးအမြတ်များ ရသည့်အပေါ် ထိုင်းအစိုးရကို အခွန်ပေးဆောင်ရန် မလိုဟု ပြောဆိုမှုသည် အဓိက စိတ်ဝင်စားမှု အရှိဆုံးဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံဘက်က လျှပ်စစ် စက်ရုံများနှင့် ပတ်သက်၍ လှူဒါန်းမှုကိုလည်း ထိုင်းဘက်က ကြေညာခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် တည်ဆောက်မည့် ဂက်စတာဘိုင် နမူနာပုံကိုလည်း ပေးအပ်ခဲ့သည်။
မကြာသေးမီက ဘန်ကောက်မြို့ ဆွေးနွေးပွဲတခုတွင် ဂျပန်နိုင်ငံကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိကြောင်း သတင်းများက ဖော်ပြသည်။
လာမည့် ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော်မည့် အာဆီယံ စီးပွားရေးဇုန် (AEC) အကြို ထိုင်းနိုင်ငံက မြန်မာနိုင်ငံ ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် စီမံကိန်းကို အားတက်သရော စိတ်ဝင်စားလျှက် ရှိသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်ကလည်း မကြာသေးမီက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သည့် သဘောတူညီချက်များ သေချာစေရန် ချဉ်းကပ်ပြောဆိုမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဧရာဝတီက သီးခြား အတည်ပြုချက် မရသေးပေ။