မြန်မာနိုင်ငံ ပြည်ပဆန်တင်ပို့မှုသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တသန်းကျော် တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။
၁၉၉၆-၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် ဆန် တန်ချိန် ၇ သိန်းကျော်သာ တင်ပို့နိုင်ခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် တန်ချိန် တသန်း ကျော် ပြန်လည်တင်ပို့နိုင်ခြင်း ဖြစ်ကြောင်း စီးပွာရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရသည်။
လွန်ခဲ့သည့် နှစ် ၄၀ ကျော်က မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့ပြီး ၁၉၆၀- ၆၃ ခုနှစ် အထိ ဆိပ်ကမ်းတင်ပို့မှုမှာ တန်သန်းပေါင်း ၁.၆ မှ ၁.၇ အထိ ရှိခဲ့သည်။
ပြည်ပသို့ အဓိကတင်ပို့သော ဆန်များမှာ ဧည့်မထ ၂၅ မတ်တန်ဆန်၊ ငစိန်၊ ပုလဲသွယ်၊ မနော်ဟရီ ဆန်များဖြစ်ကြောင်း၊ မြန်မာ့ ဆန် မှာယူမှုအများဆုံး နိုင်ငံများမှာ တရုတ်၊ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ တို့ဖြစ်ကြောင်း၊ ဆန် တင်ပို့မှုမှာ ဗီယက်နမ်ကို မမီသေးကြောင်း၊ မြန်မာ့ဆန် တင်ပို့မှုမှာ အာရှ၌ နံပါတ် ၈ နေရာတွင်ရှိပြီး လက်ရှိ လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက ပြောသည်။
“အရင်က ပြည်ပကို ဆန်တင်ပို့ရင် တရားဝင်လမ်းကြောင်းကပဲ တင်ပို့ခွင့် ပြုထားရာကနေ နောက်ပိုင်းမှာ နယ်စပ်ကနေလည်း တင်ပို့ခွင့် ပြုလုပ်တာ တွေ့ရပါတယ်။ တရုတ်သံအမတ်နဲ့ တွေ့ပြီး MOU ထိုးမယ့် ကိစ္စတွေ လုပ်ဖို့ ရှိတယ်။ ပြည်ပကို ဆန်တင်ပို့နေတာက ဆိပ်ကမ်းတင်ပို့မှု တန်ချိန် ၈ သိန်း၊ နောက်ထပ် တန်ချိန် ၄ သိန်း ကျော်က နယ်စပ်ကနေ တရုတ်ပြည် တင်ပို့ နေတာ။ ဆန်တန်ချိန် တသန်းကျော်သွားတယ်”ဟု စီးပွားကူးသန်း ညွှန်ကြားရေးမှုး ဦးသန်းအောင်ကျော်ကလည်း ပြောပြသည်။
ပြည်ပကို ဆန်တင်ပို့ရာတွင် ဆန်အရည်အသွေး ညံ့ဖျင်းမှုကြောင့် အခက်အခဲများစွာ ကြုံနေရကြောင်း၊ ယင်းအခက်အခဲများ ပြေ လည်ရန် ရှမ်းပြည်နယ် မူဆယ်နယ်စပ်တွင် ဆန်အရည်အသွေး အဆင့်မီရေးအတွက် ဆန် အခြောက်ခံသည့် စက်ရုံ ဆောက်လုပ် ရန် စီစဉ်နေကြောင်း စီးပွား ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်ကလည်း ပြောဆိုထားသည်။
“ကျနော်တို့ မူဆယ်ဘက်ကနေ တနေ့ကို တန်ချိန် ၁၂၀၀ ကနေ ၁၃၀၀ လောက်ကို တင်ပို့နေရတာ။ ပြီးတော့ တရားဝင် တင်ပို့ခွင့် ပြုတာကလည်း ၂၀၁၁ နှစ်ကုန်ပိုင်းလောက်မှ ခွင့်ပြုခဲ့တာ။ ဆန်ကတော့ တင်ပို့လို့ ရပါတယ်။ ဆန်တင်ပို့ရာမှာ အခက်အခဲတော့ ရှိတယ်။ နယ်စပ်ရောက်ရင် ဆန်တွေက အစိုပြန်ပြီး လုံးသွားတာတွေ ရှိတယ်။ ခုလိုဝန်ကြီးက နယ်စပ်မှာ ဆန်အခြောက်ခံစက်တွေ ဆောက်ပေးမယ် ဆိုတော့ နယ်စပ်က တင်ပို့တဲ့ သူတွေ အတွက် အဆင်ပြေတာပေါ့။ နယ်စပ်ကနေ အများဆုံး တင်ပို့နေတာက ငစိန်၊ ဧည့်မထ၊ မနော်ဟရီ၊ ပုလဲသွယ် အများဆုံးတင်ပို့ရတယ်”ဟု မူဆယ်ကုန်စည်ဒိုင်မှ ကိုနိုင်ဝင်းက ပြောပြသည်။
ဒေါက်တာစိုးထွန်းက ဆက်လက်ပြီး“စီးပွားကူးသန်း ဝန်ကြီးဌာနက တဦးချင်း ဆန်တင်ပို့ခွင့်လိုင်စင် လုပ်ပေးဖ့ို စီစဉ်နေတယ်။ မြန်မာနိုင်ငံဘက်က တရားဝင် ဖွင့်ပေး တယ်။ တရုတ်ပြည်ဘက် ရောက်လို့ရှိရင် တရားဝင်ဖြစ်ဖို့ စီးပွားကူးသန်းနဲ့ ညှိနေတယ်။ မြန်မာပြည် ဘက်က ပို့လိုက်တဲ့ ဈေးနှုန်း ကို သူတို့က မကိုက်ဘူးဆိုပြီး မဝယ်ကြတာတွေ ရှိနေတယ်။ လက်ရှိက တရုတ်က အဝယ် လိုက်တယ်။ တခြားနိုင်ငံတွေက ပုံမှန်ပဲရှိတယ်။ ဆန်တင်ပို့တာက အင်ဒိုနဲ့ မလေး အများဆုံးဖြစ်တယ်။ ပြည်တွင်း ဆန်ဈေးမြင့်ချိန်မှာ ပြည်ပပို့ရတာ မကိုက်တာတွေ ရှိတယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူကမူ တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းအရ ဆန်တင်ပို့ရာတွင် အဓိက အခက်အခဲမှာ နားလည်မှုစာချွန်လွှာ(MOU) မထိုးနိုင်သေးခြင်း ဖြစ်ကြောင်း၊ MOU ထိုးရန်အတွက် မြန်မာနိုင်ငံက အဆင့်မြင့် ကိုယ်စားလှယ်များ၊ အရည်အသွေးပိုင်းဆိုင်ရာ ပညာရှင်များ ညှိနှိုင်းဆွေးနွေးမှုပြီးမှ MOU လက်မှတ်ရေးထိုးနိုင်မည် ဖြစ်ကြောင်း ပြော သည်။
“ဆန်တန်ချိန် တသန်းကျော် နိုင်ငံခြားတင်ပို့နိုင်လာပြီဆိုတော့ Export country ပြန်လည်ဖြစ်လာနိုင်တာပေါ့။ ပြီးတော့ ပြည်ပကို ဆန်တင်ပို့နိုင်ရင် လယ်သမားတွေအတွက်လည်း သွယ်ဝိုက်ပြီးအကျိုးရှိလာမယ်။ အထွက်နှုန်းကောင်းရင် ပြည်ပတင်ပို့လို့ ရမယ်။ လယ်သမားတွေ ဈေးကောင်းရမယ်။ ဒါပေမယ့် အထွက်နှုန်းက ကောင်းပြီး ပြည်ပဝယ်လက် မရှိရင်လည်း အဆင်မပြေနိုင်သေး ဘူး။ ဈေးကွက်လည်း ရှိဖို့ လိုတယ်”ဟု ဒေါက်တာ စိုးထွန်းက ဆက်လက်ပြောပြသည်။
ယခုအခါ ပြည်တွင်း ဆန်စပါးစိုက်ဧကမှာ ဟက်တာ ၂၂.၅ သန်းရှိပြီး စိုက်ဧရိယာ ဟက်တာ သန်းပေါင်း ၇.၅၉ သန်း၊ စိုက်ပျိုးနှုန်း ထား ၃၃.၈ ရာခိုင်နှုန်းရှိကြောင်း၊ ဆန်ထုတ်လုပ်မှုမှာ ၁၉၉၆-၉၇ ကနေ ၂၀၁၁ -၂၀၁၂ ထိ ၈၄.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း ၉ ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းဝေးတွင် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ်ကလည်း ဆန်စပါး ဖူလုံမှုှုရှိစေရန်အတွက် နိုင်ငံတော်အရန်ဆန် တန်ချိန် တသန်း သိုလှောင်ထားရှိရန် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဦးသိန်းစိန်က ပြောကြားခဲ့သေးသည်။
အရန်ဆန် အနေဖြင့် ဆန်တန်ချိန် ၃၀၀၀၀ သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် တန်ချိန် ၂၀၀၀၀၊ ပဲခူးတိုင်းဒေသကြီး (အနောက်)တွင် တန်ချိန် ၁၅၀၀၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) တွင် တန်ချိန် ၁၅၀၀ နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် ၅၀၀၀၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တန်ချိန် ၁၀၀၀ စီကို ပထမအဆင့်အနေဖြင့် စုဆောင်းမည်ဖြစ်ကြောင်း၊ ဒုတိယ အဆင့်ကို ၂၀၁၂ ဒီဇင်ဘာနှင့် ၂၀၁၃ ဇန်နဝါရီလတွင် ဆန်တန်ချိန် ၂၀၀၀၀ စုဆောင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ စိုးထွန်းက“အရန်ဆန်ကို နိုင်ငံတော်အစိုးရက ထုတ်ချေးငွေ ကျပ် ၁၀ ဘီလျံ၊ သမဝါယမ အသင်းက ထုတ်ချေးငွေ ၁ ဘီလျံနဲ့ မြန်မာ နိုင်ငံ ဆန်စပါး အဖွဲ့ချုပ်က အသင်းဝင်တွေ စိုက်ထုတ်ငွေ ၃ ဒသမ ၅ ဘီလျံနဲ့ ဝယ်ယူသွားမှာပါ”ဟု ပြောသည်။
ယခုနှစ် အရန်ဆန်ဝယ်ယူခြင်းကို ယခင်နှစ်ကကဲ့သို့ ကိုယ်စားလှယ်ထားရှိပြီး လယ်သမားများထံမှ စပါးများကို တိုက်ရိုက်ဝယ်ယူခြင်း မလုပ်တော့ဘဲ တင်ဒါစနစ်ဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။