စီးပွားရေး

မြန်မာ တံခါးဖွင့်ပေမယ့် အမေရိကန်တွေ အလောမကြီး

This article has been converted from Zawgyi One to Unicode

စီးပွားရေး ဝုန်းခနဲ ထလာနိုင်တဲ့ လက္ခဏာတွေ မြန်မာပြည်မှာ ပြည့်နေတယ်။ ရန်ကုန်သွားမယ့် လေကြောင်း လိုင်းတွေဆိုလည်း ခရီးသည်အပြည့်၊ ဟိုတယ်ခန်းတွေဆိုလည်း အကုန်ဘွတ်ကင် လုပ်ပြီးသား၊ နိုင်ငံခြားသားတွေ အသွားများတဲ့ ဘားဆိုင်တွေမှာဆိုလည်း ကာကီအင်္ကျ ီနဲ့ ဂျင်းဘောင်းဘီဝတ် ဝဝ ဖြိုးဖြိုး အနောက်နိုင်ငံသားတွေ ကြိတ်ကြိတ်တိုးလို့ ၂၁ ရာစု ငွေရှာသူတွေဟာ အကျိုးစီးပွားကိုယ်စီနဲ့ ဒီရွှေနိုင်ငံဆီ တဖြည်းဖြည်း ခြေဦးလှည့်နေကြပါတော့တယ်။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားကို ထပ်ပြီး မြှင့်တင်ပေးလိုက်တာကတော့ အမေရိကန်သမ္မတ ဘားရက် အိုဘား မားရဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ခရီးစဉ်ပါပဲ။ ရေရှည် အထီးကျန်နိုင်ငံတခုကို နိုင်ငံတကာမိသားစုဆီ ပြန်ဝင်ခွင့်ရစေဖို့ နိုင်ငံရေးအရ ဦးဆောင်မှုပေးခဲ့တဲ့ တာဝန်ထမ်းဆောင်ဆဲ သမ္မတတယောက်ရဲ့ ပထမဆုံး ဒီခရီးစဉ်ကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ သတိမထားမိဘဲနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေကတော့ ရင်းနှီးမြှုပ်နံှမှု တွေ ကြီးကြီးမားမားလုပ်မယ့် လက္ခဏာတစုံတရာ အခုထိမပြသေးတဲ့အပြင် အဲ့ဒီကုမ္ပဏီတွေက သိပ်မကြာခင်မှာ သူ တို့ရပ်တည်ချက် ပြောင်းလိမ့်မယ်ဆိုတာကိုလည်း လူအနည်းငယ်လောက်ကပဲ မျှော်လင့်ထားကြပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို တဖြေးဖြေး လျှော့ချပေးနေ တာပါ၊ ဒါပေမယ့် မြန်မာနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေကြောင်းအရ ကန့်သတ်ထားချက်တွေ အများ စုကိုတော့ ရုတ်တရက် ရပ်ဆိုင်းပေးတာမျိုး မဖြစ်နိုင်ပါဘူး။ ဒဏ်ခတ်အရေးယူထားတာတွေ ပြန်ရုတ်သိမ်းဖို့ အချိန်ယူ ရမှာ ဖြစ်တဲ့အပြင် လာဘ်ပေးလာဘ်ယူမှုတွေအပေါ် စိုးရိမ်မှုတွေလည်း ရှိနေပြီး နောက်ပိုင်းက နိုင်ငံရေးဖိအားတွေ လည်း ရှိနေတာမို့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲဝင်ပြီး လုပ်ငန်းကြီးတွေ မြန်မြန်ဆန်ဆန်နဲ့ လုပ်ကိုင် ဖို့အရေးကို ရှုပ်ထွေးခက်ခဲစေပါတယ်။ တဖက်မှာလည်း ဘယ်အရာတွေကို သူတို့လုပ်နိုင်တယ်၊ ဘယ်အရာတွေကို မလုပ်နိုင်ဘူးဆိုတဲ့အပေါ် သူတို့အနေနဲ့ ရှင်းရှင်းလင်းလင်း မရှိတဲ့အပြင် လုပ်ငန်းအစီရင်ခံမှုနဲ့ပတ်သက်တဲ့ လိုအပ်ချက် အသစ်တွေကလည်း သူတို့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပြန်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု ၂ ခု စလုံး ရဲ့ မူဝါဒအပြောင်းအလဲတွေ မြဲပါ့မလားဆိုတဲ့အပေါ်မှာလည်း သူတို့က သံသယ တဝဲဝဲ ဖြစ်နေကြတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံလို ဘယ်သူမှမထိရသေးတဲ့ နောက်ဆုံးကျန် ဈေးကွက်ကြီးတခုကလည်း သူတို့အတွက် ပစ်ရမှာ အဆီတဝင်းဝင်း ဖြစ်နေပါတယ်။ ဒီနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သစ်၊ ကျောက်မျက်နဲ့ ကမ္ဘာပေါ်က မြေသြဇာအကောင်းဆုံး မြေယာတချို့အပါအဝင် ထင်ရှားတဲ့ သဘာဝ သယံဇာတ တွေကိုလည်း လက်လှမ်းမီနိုင်တာကိုး။ အိန္ဒိယနဲ့ ကမ္ဘာပေါ်မှာ စီးပွားရေးအရ တိုးတက်မှု အမြန်ဆုံးဖြစ်တဲ့ တရုတ် နိုင်ငံတွေကြားမှာ တည်ရှိနေပေမယ့် ယနေ့မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ မိုဘိုင်းဖုန်းအသုံးပြုမှုဟာ ကမ္ဘာပေါ် အဆင့်အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေတာပါ။ လမ်း၊ ဆိပ်ကမ်း၊ ဟိုတယ်၊ ဆေးရုံ၊ ကျောင်းနဲ့ လျှပ်စစ်စွမ်းအား အဆင့်အတန်းတွေဟာလည်း အလားတူပါပဲ။

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပြတ်ပြတ်သားသားနဲ့ ရုတ်သိမ်း လိုက်တာမျိုး ကုမ္ပဏီအတော်များများက မြင်ချင်ကြတာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အရင်းခံကျတာကတော့ အမေရိကန်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့် သလဲဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ သမ္မတအိုဘားမားကတော့ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ “စံနမူနာပြ ဦးဆောင်” ရမယ်လို့ ရန်ကုန်တက္ကသိုလ်မှာ ပြောသွားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို လက်တွေ့ဆောင်ရွက်ရာမှာ ကောင်းမွန်တဲ့ အလေ့အထတွေနဲ့ ဆောင်ရွက်နိုင်ဖို့ သူ့အစိုးရ က တွန်းအားပေးနေတာပါ။ လုပ်ငန်းဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှု ရှိလာစေဖို့အတွက်လည်း မြန်မာပြည်မှာ ဒေါ်လာ ၅ သိန်းအထက် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို အသေးစိတ်အစီရင်ခံဖို့ လိုမယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက တချို့အချက်အလက်တွေကို အများပြည်သူသိအောင် လုပ်ပေးမယ်လို့လည်း ပြောပါတယ်။ ဒါ့ပြင် အမေရိကန်ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာပြည်က အကြီးဆုံးနဲ့ ခြအစားဆုံး စီးပွားရေးသမား တွေနဲ့ လုပ်ငန်းပူးတွဲ မလုပ်ဖို့ကိုလည်း အမေရိကန်အစိုးရက ပိတ်ပင်ထားပါသေးတယ်။

စီးပွားရေးလုပ်ငန်း အပြိုင်အဆိုင်လုပ်ရာမှာ အမေရိကန်ကုမ္ပဏီကြီးတွေအတွက် နစ်နာစေမယ့် အဲ့ဒီတားမြစ်ကန့်သတ် ချက်တွေကြောင့် အမေရိကန်အစိုးရရဲ့ ရည်မှန်းချက် ပြည့်မပြည့်ဆိုတာကတော့ အခြေအတင် ဆွေးနွေးကြတဲ့အပေါ် မူတည်ပါတယ်၊ ဒါပေမယ့် ဒီစဉ်းစားချက်တွေက ရေရှည်မှာ တန်ဖိုးရှိကောင်း ရှိလာပါလိမ့်မယ်။

သမိုင်းပညာရှင်၊ စာရေးဆရာနဲ့ သမ္မတအကြံပေး ဦးသန့်မြင့်ဦးကတော့ မြန်မာပြည်ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်ချက်ဟာ အပြောင်းအလဲအရှိန်ကို အထောက်အကူပြုနိုင်မယ့် စီးပွားရေးပုံစံသစ် ရှာဖွေတာဖြစ် တယ်လို့ ဆိုပါတယ်။

“ရာစုနှစ် ထက်ဝက်လောက် ဖရိုမရဲဖြစ်ခဲ့ပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို လမ်းကြောင်းပေါ်ဆက်ရှိနေစေဖို့ နဲ့ တချိန်တည်းမှာလည်း လူတွေအတွက် ဝင်ငွေရဖို့နဲ့ အလုပ်အကိုင်တွေဖန်တီးပေးဖို့ တိုင်းပြည်စီးပွားရေးကို ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ ဘယ်သူမှ မသိဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်မှာ ကနေ့လွှမ်းမိုးထားတဲ့ စီးပွားရေးပုံစံ ၂ ခု (ခရိုနီ စီးပွားရေးသမားတွေနဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေး မဟာမိတ်ဖွဲ့ထားကြတာ ဒါမှမဟုတ် လက်ဝဲ အထီးကျန် စီးပွားရေးပုံစံ) မှာ ဘယ်ဟာ ကမှ တိုင်းပြည်ကို တိုးတက်စေဖို့ လမ်းမဖောက်ပေးနိုင်ဘူးလို့လည်း သူက ဆိုပါသေးတယ်။ အမေရိကန် စီးပွားရေး လုပ်ငန်းတွေက တတိယနည်းလမ်း စဉ်းစားနိုင်ဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ သူက မျှော်လင့်နေတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ပေးတာ၊ သက်တမ်းတိုးတာ ဒါမှမဟုတ် ကန့်သတ် ချက်တွေကို တိုးမြှင့်တာ၊ ပြီးတော့ တချို့ကန့်သတ်ချက်တွေကို လျှော့ချတာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာပြည်က နိုင်ငံရေးပြုပြုပြောင်းလဲမှုတွေ အရှိန်လျော့သွားရင် အမေရိကန်အစိုးရအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခွင့် ရလာစေပါတယ်၊ ဒါပေမယ့် တချိန်တည်း မှာလည်း အဲ့ဒီလို ဆောင်ရွက်ချက်က ရင်းနှီးမြှုပ်နှံသူတွေအတွက် ရှုပ်ထွေးစရာတွေ ဖြစ်လာစေပါတယ်။

မြန်မာစစ်အစိုးရက ဒီမိုကရေစီရေးဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးအပြီးမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပထမဆုံး ဒဏ်ခတ်အရေးယူခဲ့တာပါ။ အဲဒီ့ကာလနောက်ပိုင်း ဆယ်စု နှစ် ၂ ခုအတွင်းမှာတော့ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အတိုက်အခံအင်အားစုအပေါ် နှိပ်ကွပ်နေတာတွေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ တသီတတန်း တိုး မြှင့် ချမှတ်ခဲ့ပါတယ်။

အမေရိကန်လွှတ်တော် သုတေသန ဌာနခွဲ (Congressional Research Service) က အာရှရေးရာ အထူးကျွမ်းကျင်သူ မိုက်ကယ် မာတင် (Michael Martin) ရဲ့ အသေးစိတ်လေ့လာချက်အရ မြန်မာပြည်အပေါ် အမေရိကန်အစိုးရက သီးသန့် ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ဖက်ဒရယ်ဥပဒေ ၆ ရပ်နဲ့ အုပ်ချုပ်ရေး အမိန့်အများအပြားအရ ချမှတ်ခဲ့တာဖြစ်ပြီး တချို့ ပြဌာန်းချက်တွေဆိုရင် တခုနဲ့တခု ထပ်နေတယ်လို့တောင် သိရပါတယ်။ ဒါ့ပြင် တားမြစ်အမိန့်လို့ခေါ် တဲ့ ဥပဒေတွေ ဥပမာ – ကလေးစစ်သားအသုံးပြုတဲ့ မြန်မာနိုင်ငံလို ဘယ်နိုင်ငံကိုဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုက စစ်သင်တန်းပေးတာနဲ့ လက်နက်ရောင်းချတာမလုပ်ဖို့ တားမြစ်ထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေအပေါ် မြန်မြန်ဆန်ဆန်ပဲ တုံ့ပြန်ခဲ့တာပါ။ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးခဲ့တာမို့ အမေရိကန်အစိုးရ က ရင်းနှီးမြှုပ်နှံမှုအသစ်ဆိုင်ရာ၊ ဘဏ္ဍာရေးဝန်ဆောင်မှုတွေဆိုင်ရာ၊ ဘက်ပေါင်းစုံ အကူအညီပေးရေးဆိုင်ရာနဲ့ နောက်ဆုံး မြန်မာပြည်က တင်ပို့ကုန်ဆိုင်ရာတွေမှာ ကန့်သတ်ချက်တွေကို ဆိုင်းငံ့ပေးခဲ့ပါတယ်။

အခုဆိုရင် အမေရိကန် ကုမ္ပဏီကြီးတွေအတွက် ဥပဒေကြောင်းအရ အကြီးမားဆုံးပိတ်ဆို့မှုအဖြစ် ရှိနေသေးတာက တော့ စီးပွားရေးအတူ လုပ်လို့မရဘူးလို့ တားမြစ်ထားတဲ့ “သီးသန့် မြန်မာနိုင်ငံသားများ” နဲ့ ကုမ္ပဏီ စာရင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ အချိတ်အဆက်ရှိတယ်လို့ စွပ်စွဲခံထားရတာမို့ အမေရိကန်ကုမ္ပဏီတွေ လုပ်ငန်းအတူ တွဲမလုပ်ရဆိုပြီး တားမြစ်ထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံထဲမှာ အခြေအနေက မှန်မှန်ကန်ကန်နဲ့ တည်တည်ငြိမ်ငြိမ်မရှိတဲ့အပြင် ခရိုနီတွေက လည်း နာမည်မျိုးစုံသုံးပြီး လက်အောက်ခံကုမ္ပဏီတွေ ထောင်တဲ့ အလေ့အထရှိကြတာမို့ အဲ့ဒီစာရင်းအတိုင်း လိုက် လုပ်ဖို့ အခက်အခဲရှိတယ်လို့ သူတို့က ညည်းညူကြပါတယ်။

“အစိုးရထဲမှာ ပြုပြင်ပြောင်းလဲလာဖို့ ကျနော်တို့ တွန်းအားပေးနေကြပါတယ်။ လူပုဂ္ဂိုလ်တယောက်ချင်းကိုတော့ ပြုပြင် ပြောင်းလဲအောင် ကျနော်တို့ တွန်းအားပေးလို့ မရပါဘူး” လို့ ဟောင်ကောင်အခြေစိုက် အမေရိကန်ကုန်သည်ကြီးများ အသင်း ဥက္ကဌ ရစ်ချတ် ဗိုင်းလ်စတိခ် (Richard Vuylsteke) က ပြောပါတယ်။ ဒဏ်ခတ်စာရင်းကို အမြန်ဆုံး လျှော့ချ ဖို့နဲ့ “အဲ့ဒီပုဂ္ဂိုလ်တွေကို လက်ရှိသွားနေတဲ့ စနစ်ထဲမှာ ပူးပေါင်းပါဝင်လာအောင် မက်လုံးပေးဖို့” ကိုလည်း သူက အမေ ရိကန်အစိုးရကို တိုက်တွန်းပါသေးတယ်။

အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ပယ်ဖျက်မယ့်အစား ဆိုင်းငံ့ထားခဲ့ တာပါ (တချို့ကို ပယ်ဖျက်မယ်ဆိုရင် လွှတ်တော်ရဲ့ အတည်ပြုချက် လိုပါတယ်)။ ဆိုလိုတာကတော့ မြန်မာပြည်ရဲ့ ပြု ပြင်ပြောင်းလဲမှု အရှိန်ပျက်သွားတယ်ဆိုရင် အဲ့ဒီအရေးယူမှုတွေကို ပြန်လည်အသက်သွင်းနိုင်တဲ့ သဘောပါပဲ။ အမေရိ ကန်အစိုးရအနေနဲ့ ရှေ့ကို အလှမ်းကြီးတလှမ်း လှမ်းတိုင်းမှာ နောက်ကို အလှမ်းငယ်တလှမ်း ဆုတ်လေ့ရှိပါတယ်။

သမ္မတအိုဘားမား ရန်ကုန်မသွားခင် ၃ ရက်မှာ အမေရိကန်အစိုးရက မြန်မာပြည်က အထည်အလိပ်တင်ပို့ခွင့် တား မြစ်ထားမှုကို ဆိုင်းငံ့ပေးလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အထည်အလိပ်လုပ်ငန်း ပြန်လည် အသက်ဝင်လာစေဖို့ မျှော်လင့်နိုင်တဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် တချိန်တည်းမှာလည်း အမေရိကန်ကုမ္ပဏီကြီးတွေ လုပ်ငန်းအတူလုပ်ခွင့်မရှိတဲ့ စာရင်းထဲမှာ ကုမ္ပဏီ ၇ ခုကို အမေရိကန်အစိုးရက ထပ်ထည့်လိုက်ပြန်ပါတယ်။

ဇူလိုင်လတုန်းကဆိုရင်လည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်နဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုပေးရေးဆိုင်ရာ တားမြစ်ချက်ကို ဆိုင်းငံ့လိုက်တာနဲ့ တချိန်တည်းမှာ အခြားဆောင်ရွက်ချက်တရပ်ကို လုပ် ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ အမေရိကန်ကုမ္ပဏီတွေရဲ့ လုပ်ငန်းအစီရင်ခံစာတင်သွင်းမှု အပိုင်းမှာ ထည့်သွင်းရမယ့် အချက်တွေကို ထပ်ဖြည့်တာနဲ့ ပြုပြင်ပြောင်းလဲမှုကို အားနည်းစေသူ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ် သက်သူ ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ စစ်ဘက်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်သူတွေကို ဒဏ်ခတ်အရေးယူ မယ့်သူစာရင်းထဲ ထပ်ဖြည့်လိုက်တာပါပဲ။ အဲ့ဒီလိုဆောင်ရွက်တာတာ “မတော်မတရားမှုတွေ၊ ခြစားမှုတွေ ဒါမှမဟုတ် တိုးတက်မှုတွေကို မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်သူတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်ကို ခံစားရမှာမဟုတ်ဘူးဆိုတာကို” ရှင်းရှင်းလင်းလင်း စကားပါးတာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်ကုမ္ပဏီတွေဟာ သူတို့အစိုးရက မြန်မာပြည်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေအပြင်

တကယ်လို့ စီးပွားရေးလုပ်ငန်းအတူလုပ်ဖို့ မြန်မာပြည်ထဲမှာ ပါတနာမှားပြီးရွေးမိတယ်ဆိုရင်လည်း သူတို့နိုင်ငံက တင်းကျပ်တဲ့ ချစားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ရင်ဆိုင်ရရုံသာမကပဲ အဲ့ဒီလို လုပ်ငန်းတွဲလုပ်မိတဲ့အတွက် သူတို့ရဲ့

ဂုဏ်သတင်းထိခိုက်နိုင်တဲ့ အန္တရာယ်နဲ့လည်း ကြုံရနိုင်ပါတယ်။

“မြန်မာပြည်မှာက စီးပွားရေးလုပ်ငန်းလုပ်တဲ့နေရာမှာ ခြစားမှုတွေနဲ့ ပြည့်နေတာ၊ အမေရိကန်မှာဆိုရင်တော့ အဲ့ဒါ တွေက ဥပဒေကြောင်းနဲ့ ညှိနေတာလေ” လို့ အမေရိကန် သံရုံးတာဝန်ခံအဖြစ် ၁၉၉၉ ကနေ ၂၀၀၂ အထိ ရန်ကုန် အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပရစ်စီလီယာ ကလက်ပ် (Priscilla Clapp) က ဆိုပါတယ်။ “အမေရိကန် စီးပွားရေးလုပ်ငန်းတွေက အမေရိကန်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်း တွေနဲ့ ပါတနာလုပ်မယ်ဆိုရင်လည်း ကျမတို့ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ဖို့က မလွယ်လှပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရာစုနှစ်နဲ့ချီနေတဲ့ လုပ်ရပ်ဆိုးတွေကို ပြောင်းပစ်ရမှာကိုး” လို့လည်း သူက ပြောပါတယ်။

အမေရိကန် စီးပွားရေးလုပ်ငန်းတွေ အခုလို အခြေအနေနဲ့ ကြုံနေခိုက်မှာ အခြားနိုင်ငံကုမ္ပဏီတွေကတော့ မြန်မာ

ပြည်ထဲကို တဖြေးဖြေးနဲ့ ဝင်ရောက်နေကြပါပြီ။

“မြန်မာပြည်ဟာ အမေရိကန်ကုမ္ပဏီတွေအတွက် လေဟာနယ်ဖြစ်နေခဲ့တာ ဆယ်စုနှစ် ၂ စုရှိပါပြီ” လို့ ဝါရှင်တန် အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အရှေ့တောင်အာရှဆိုရင် အကြီးတန်း ဒါရိုက်တာ ဂျွန် ဂိုယာ (John Goyer) က ဆိုပါတယ်။ “ဈေးကွက်နဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာတွေကို သူတို့ အများကြီး လေ့လာရပါအုံး မယ်။ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ ဘယ်သူတွေက အရေးပါကြတယ်ဆိုတာကို သိတယ်ဆိုတော့ လုပ်ငန်းဝန်းကျင်ကို သိတာပေါ့ဗျာ။ ဒါက သူတို့အတွက် တပန်းသာမှုပေါ့” လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အခြားနိုင်ငံက ကုမ္ပဏီတွေ ဥပမာ – ဂျပန်ကုမ္ပဏီတွေနဲ့ ယှဉ်ရင် အားနည်းချက်တခု ရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ အဲ့ဒီကုမ္ပဏီတွေက သူတို့ အစိုးရတွေနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံမှု၊ အကူအညီနဲ့ ကြွေးမြီပလပ်လိုက်တာတွေကို တပြိုင်ထဲ လုပ်နိုင်တာပါပဲ။

“အာရှက ကုမ္ပဏီတွေဟာ ငွေကြေးဆိုင်ရာ အကူအညီ အစီအစဉ်တွေ အားလုံးနဲ့ ပေါင်းစပ်ထုပ်ပိုးပြီး စီးပွားရေး အပေးအယူ လုပ်နိုင်တာ ဖြစ်ပါတယ်” လို့ ဂျွန် ဂိုယာက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ “ပုဂ္ဂလိက ကုမ္ပဏီတွေ နိုင်ငံတနိုင်ငံထဲသွားပြီး ဆိပ်ကမ်းတွေ၊ မီးရထားလမ်းတွေ ဒါမှမဟုတ်လည်း အခြေခံအဆောက်အအုံတွေ တည်ဆောက်တာတွေ အတွက် အစိုးရက အကန့်အသတ်မရှိ အထောက်အပံ့ပေးတာမျိုး မရှိပါဘူး” လို့လည်း သူက ဖြည့်ပြောပါသေးတယ်။

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ တွဲဖက်ဒါရိုက်တာ အင်ထော်နီ နယ်လ်ဆင် (Anthony Nelson) ကလည်း အမေရိကန်ကုမ္ပဏီ အတော်များများအတွက် တစိမ်းပြင်ပြင် အဖြစ်ဆုံး ကမ္ဘာပေါ်က ဈေးကွက်ဟာ မြန်မာနိုင်ငံပါတဲ့။ “ဒီလို အခြေအနေမျိုးက မကြာခဏ ဖြစ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ နောင်လည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး” လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် အမေရိကန်ကုမ္ပဏီတွေ မြန်မာပြည်ထဲ အလောတကြီးနဲ့ ဝင်ရောက်လုပ်ကိုင်ကြဖို့ကိုတော့ သူက မပြောပါ ဘူး။

“ဗီယက်နမ်ကို ကြည့်ကြည့်ပါ။ ကျနော်တို့ ဗီယက်နမ်နဲ့ ဆက်ဆံရေး ပုံမှန်ပြန်လည်တည်ဆောက်တဲ့အချိန်မှာ ကုမ္ပဏီ တွေ ဝင်လာပြီး နေရာယူကြတယ်။ ကိုယ်စားလှယ်ရုံးတွေလည်း ဖွင့်ကြနဲ့ပေါ့၊ ဒါပေမယ့် အဲ့ဒီလို ဖြစ်ကြတာက

အမေရိကန်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နံှမှု အလုံးအရင်းနဲ့ မလုပ်ခင် ၁၀-၁၅ နှစ် မတိုင်ခင်မှာ ဖြစ်ကြတာလေ။ အမေရိကန် ကုမ္ပဏီတွေ ဗီယက်နမ်ထဲဝင်တဲ့အခါမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ အကြီးကြီးနဲ့ ဝင်ကြတာပါ၊ ကိုယ်ဘာလုပ် မယ်ဆိုတာကို ကြည့်ဖို့ အချိန်လိုတယ်လေ” လို့ သူက ဆိုပါတယ်။

Erika Kinetz ၏ Burma Opening No Gold Rush for US Firms ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Loading