မန္တလေးကျွဲဆည်ကန် ကားကွင်းအတွင်းရှိ ကုန်ကားဂိတ်များနှင့် ကုန်တင်ကားများကို စွယ်တော်ကားကွင်း (ပြည်ကြီးမင်္ဂလာ) အသစ်သို့ ဖေဖော်ဝါရီလကုန် အပြီးပြောင်းရွှေ့ကြရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ သိရသည်။
ဖေဖော်ဝါရီ လကုန်တွင် လက်ရှိကျွဲဆည်ကန်ကားကွင်းမှ စွယ်တော်ကားကွင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း ကုန်ကားဂိတ်ပိုင်ရှင်များမှာ အသင့်မဖြစ်သေးကြောင်း ကုန်ကားဂိတ်ပိုင်ရှင် တဦးက ဆိုသည်။
“ပြောင်းရွှေ့ရမယ် ဆိုတာတော့ သိတယ်။ ဒါပေမယ့်ဂိတ်ဖွင့်လှစ်ဖို့ တိုက်ခန်းတွေက ဈေးကြီးနေတယ်။ အခုထိတိကျ ပြတ်သားတဲ့ဈေးနှုန်းလည်း အသေအချာ ထွက်မလာသေးဘူး။ တချို့ကလည်း တိုက်ခန်းတခန်းကို ကျပ် သိန်းငါးရာလို့ပြောတယ်။ အဲဒီလောက်ဆိုရင် ကျနော်တို့မတတ်နိုင်ဘူး။ အဲဒါကြောင့် ဖေဖော်ဝါရီလကုန်မှာ အပြီးပြောင်းဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး”ဟု ရန်ကုန် – မူဆယ်သို့ ကုန်တင်ပို့ဆောင်နေသော ဂိတ်တခုမှမန်နေဂျာကို ရန်မင်းက ဧရာဝတီသို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက ယခု လာမည့် ဇန်နဝါရီ၁၇ ရက်နေ့တွင် မြို့တော်ဝန်နှင့် ကုန်တင်ကားသမားများ တွေ့ဆုံငြိနှိုင်းရေး လုပ်ဆောင်နေကြောင်း၊ အခန်းသစ် ဈေးများသည်မှန်းထားသည့် ဈေးထက်ထက်ဝက်ကျော် ကွာခြားနေကြောင်း၊ အခန်းဈေး များပြားလွန်းနေသောကြောင့် အများစုမှာ မတတ်နိုင်ကြကြောင်းဆိုသည်။
လက်ရှိကားကွင်းအသစ်မှာ ကားပါကင်နေရာ ကျဉ်းမြောင်းခြင်း၊ ဆိုင်ခန်းများ မလုံလောက်ခြင်းတို့ ရှိနေသည်ဟု သူက ဆက်ပြောသည်။
“လက်ရှိ ကုန်ကားဂိတ်တွေက၂၀၀ ကျော်လောက် ရှိတယ်။ အသင်းဝင်ထားတဲ့ ကားဂိတ်က၂၈၀ လောက်ရှိတာ။ သူတို့ ဆောက်ပေးတဲ့ ဆိုင်ခန်းက ၁၃၅ ခန်း။ ဒါတွေကို ကျနော်တို့ညှိနှိုင်းဖို့ လိုနေသေးတယ်”ဟု ဦးခင်မောင်အေးက ဆိုသည်။
ကုန်တင်ကားဂိတ်ပိုင်ရှင်များမှာ ဆိုင်ခန်းများကို ဝယ်ယူခြင်းနှင့် ငှားရမ်းခြင်းများကို အရစ်ကျစနစ်ဖြင့် ရရှိရန် မျှော်လင့်လျှက်ရှိနေကြောင်း သိရသည်။
အဆိုပါကားကွင်းအသစ်မှာ မန္တလေးမြို့အထွက် ၁၀ မိုင်ကျော်၌ ရှိသည့် စွယ်တော်ဘုရားဝင်း အရှေ့ဘက်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး လားရှိုး– ရန်ကုန် လမ်းခွဲပေါ်တွင် တည်ရှိသည်။ ယခင် ကျွဲဆည်ကန်ကားကွင်းနှင့် ၇ မိုင်ခန့် ကွာဝေးသည်။
စွယ်တော် ကုန်တင်ယာဉ်ရပ်နားစခန်းသည် ၆၂. ၀၈ ဧက ကျယ်ဝန်းပြီး ဆိုင်ခန်းပေ ၆၀ x ၂၅ ပေ အကျယ်ရှိသည့် ကုန်ကားဂိတ် ၁၅၀၊ ပေ၂၀ x ပေ၄၀ ရှိ ကုန်ကားဂိတ် ၁၃၅ ခန်းတို့ဖြင့် ဆောက်လုပ်ထားသည်။
ဆိုင်ခန်းပေ ၆၀ x ၂၅ ပေအကျယ်ရှိသည့် ကုန်ကားဂိတ် ၁၅၀ ကို ငွေကျပ်သိန်း ၁၃၅၀ နှင့် ရောင်းချသွားမည် ဖြစ်သော်လည်း ပေ၂၀ x ပေ၄၀ ရှိ ကုန်ကားဂိတ် ၁၃၅ ခန်းကို ငွေကြေး သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအခွန်ဌာနမှ သိရသည်။
“ပေ၂၀ x ပေ၄၀ ရှိတဲ့ ကုန်ကားဂိတ် အခန်းတွေကို သိန်း ရာဂဏန်းလောက်နဲ့ပဲ ေရာင်းချသွားမှာပါ။ အတိအကျ ကတော့ နောက်ဆုံး အစည်းအဝေးမှာ ထွက်လာလိမ့်မယ် ထင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း ကုန်တင် ကားဂိတ်ပိုင်ရှင်တွေနဲ့ ခေါ်ယူညှိနှိုင်းတာ မျိုးတွေလည်း လုပ်သွားမှာပါ” ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ကုန်ကားဂိတ်ကို စွယ်တော် ကားကွင်းသို့ ပြောင်းရွှေ့လိုက်ရသည့်အတွက် မြို့တွင်းနှင့် ဝေးကွာသွားရာ ကုန်တင် ပို့ဆောင်ခများ မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း အဝေးပြေး ကုန်တင်ယာဉ်ပိုင်ရှင်များက ဆိုသည်။
“ခေါက်တိုဆွဲနေတဲ့ ယာဉ်အစီးရေ တထောင်ကျော်လောက်တော့ ရှိတယ်။ အဲဒီ ခေါက်တိုဆွဲတဲ့ယာဉ်တွေကို ခေါက်ရေ သတ်မှတ်လိုက်တဲ့ အတွက် ကျနော်တို့ကလည်း ကိုယ်ရတဲ့အခေါက်မှာ ကိုက်အောင် တောင်းရမှာပဲ။ နေရာကလည်း ဝေးသွားပြီဆိုတော့ အရင်ထက်စာရင် ကုန်စည်ခတွေ ဈေးပိုပေးရမယ် ထင်ပါတယ်” ဟုလိုက်ထရပ်ကားနှင့် ခေါက်တို ကုန်ပို့ ပြေးဆွဲနေသော ကားသမားတဦးက ပြောသည်။
ကျွဲဆည်ကန် ကားကွင်းဂိတ်မှာ ကုန်စည်ပို့ဆောင်သော ကားဂိတ်များနှင့် ခရီးသည်တင်ဆောင်သည့် ကားဂိတ်များ ပြည့်ကျပ်နေသည့်အတွက် ကုန်တင်ကားဂိတ်ကို ယခုနှစ်ဖေဖော်ဝါရီလမှ စတင်ကာမြို့တွင်းမှ မြို့ပြင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။