မြန်မာနိုင်ငံသားများ နိုင်ငံတကာတွင် အသုံးပြုနိုင်မည့် အီလက်ထရွန်နစ် ငွေပေးချေသည့် ကတ်စနစ်ဖြစ်သော ဗီဇာနှင့် မာစတာ ကတ်များကို ယခုနှစ်မကုန်မီ အချိန်အတွင်း ထုတ်လုပ်သွားမည်ဟု သတင်းရရှိသည်။

အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် အီလက်ထရွန်နစ် နည်းပညာကုမ္ပဏီများဖြစ်သော Visa Inc နှင့် MasterCard ကုမ္ပဏီတို့က မြန် မာ နိုင်ငံ၏ ပုဂ္ဂလိကဘဏ်တချို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဗီဇာနှင့်မာစတာ ကတ်များကို နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင် ရန် ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ကမ္ဘောဇဘဏ် ၏ မန်နေဂျင်း ဒါရိုက်တာ (International Banking) ဦးညိုမြင့်က ပြော သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များသည် ၎င်းတို့၏ ဗီဇာကတ်များကို ပြည်တွင်း သို့ယူဆောင်လာခြင်းဖြင့် ငွေသားအစားထိုး ကတ်များကို ATM ကဲ့သို့ အလိုအလျောက်ငွေ ထုတ်စက်များ၊ POS(Point of Sale) ကဲ့သို့ စားသောက် ဆိုင်များ၊ ကုန်တိုက်များ အစရှိသည့် ငွေသားအသုံးပြုရသည့်နေရာများတွင် အလွယ်တကူ အသုံးပြုနိုင်သကဲ့သို့ အသုံးပြုနိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။
“နိုင်ငံသားတွေလည်း နောက်ဆိုရင် ကိုယ့်နိုင်ငံကိုလာတဲ့ ခရီးသွားတွေလို တခြားနိုင်ငံတွေမှာ မာစတာကတ်၊ ဗီဇာကတ်တွေကို သုံးလာနိုင်မယ် ဆိုတာ ကြိုဆိုပါတယ်။ ဒါ နိုင်ငံတကာ တန်းဝင်သွားနိုင်မယ့် အနေအထားတွေထဲက တခုပါပဲ။ ကိုယ့်နိုင်ငံသားတွေလည်း ကမ္ဘာလှည့်ခရီးသည်ဖြစ်တဲ့အခါ ဒီလိုကမ္ဘာသုံးငွေ အစားထိုးကတ်စနစ်ကို သုံးလာနိုင်မယ် ဆိုတာကို တကယ် ဝမ်းသာ တယ်”ဟု နိုင်ငံတကာနှင့်ဆက်သွယ်လုပ်ကိုင်နေသည့် ပုဂ္ဂလိက လူသုံးကုန် စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောဆိုသည်။
အဆိုပါ နည်းပညာကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့နှင့်ပူးပေါင်းမည့် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ရွေးချယ်ရာတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို မခံရသည့် ဘဏ်များကိုသာ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့် ဗီဇာကတ်၊ မာစတာကတ်များသည် နိုင်ငံသားများ ပြည်ပသို့ထွက်ခွာသည့်အခါ တွင် ဈေးဝယ်ခြင်းနှင့် ငွေပေးချေခြင်းများ ပြုလုပ်မည့်အခါတွင် ငွေကြေးအစားထိုး သုံးစွဲနိုင်မည့်ကတ်စနစ်ဖြစ်သည်ဟု စီဘီဘဏ် (သမဝါယမ ဘဏ်) ၏ တာဝန်ရှိသူ တဦးက ပြောသည်။
MasterCard Inc သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ဖြစ်ပြီး ကမ္ဘာတဝန်း နိုင်ငံပေါင်း ၂၀၀ ကျော် ချိတ်ဆက် လုပ်ကိုင်နေသော ငွေကြေး ဆိုင်ရာလုပ်ငန်း ဖြစ်ကြောင်း၊ Visa Inc သည်လည်း ဆန်ဖရန်စ္စကို အခြေစိုက် ဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော် နှင့် ချိတ်ဆက် လုပ်ကိုင်နေကြောင်း သိရသည်။