စီးပွားရေး

အကြောင်း မထူးသေးသည့် အိမ်နီးချင်း ကုန်သွယ်ရေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လျင်မြန်စွာ ပြောင်းလဲနေသည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကြောင့် အိမ်နီးချင်း နိုင်ငံများသည် မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် တာစူလာကြသည်။

ထိုင်းနှင့် အိန္ဒိယ နိုင်ငံတို့သည် မြန်မာနိုင်ငံသို့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်၍ လာရောက်ဆွေးနွေးကြသည်။ ကုန်သွယ်မှု ပို၍ တိုးမြှင့်ချင်သည်။ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ များကိုလည်း ဝယ်ယူလို သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြောဆိုသည်။ တရုတ်ကမူ ၎င်းတို့သည် မြန်မာနှင့် ဆွေမျိုးပေါက်ဖော်များ ဖြစ်သည်ဟု ပြောဆိုပြီး မြန်မာ့အရေးတွင် ခပ်မဆိတ်နေ တတ်သည့် လာအိုသည်ပင် မဲခေါင်မြစ်ကို ဖြတ်၍ မြန်မာနှင့် ချစ်ကြည်ရေး တံတား ဆောက်မည်ဟု လူသိရှင်ကြား ထုတ်ပြန်ကြေညာသည်။

ထုတ်ပြန်ချက်များကို လေ့လာကြည့်ပါက အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံများကို တိုးချဲ့လုပ်ကိုင်လိုကြောင်း ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုသို့ ပြောဆိုထုတ်ပြန်သော်လည်း လက်တွေ့တွင် မည်သည့်နိုင်ငံကမျှ လုပ်ငန်း မတိုးချဲ့သေးဘဲ အပေါ်ယံပြောဆိုမှုများသာ ဖြစ်နေသည်။ ရေးဆွဲထားသည့် စီမံကိန်းများသည်လည်း ပြောင်းလွယ် ပြင်လွယ်မရှိသည့် စီမံကိန်းများ မဟုတ်ကြ။

အိမ်နီးနားချင်း နိုင်ငံများ၏ ခေါင်းဆောင်မှုများက “မြန်မာနိုင်ငံကို ကျနော်တို့ ထောက်ပံ့ပါမည်” ဟူသော စကားလုံးထက် ပို၍ ဆောင်ရွက်ခြင်း မရှိ။ ထို့အတူ မြန်မာနိုင်ငံနှင့် အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် ၎င်းတို့၏ ကုန်သွယ်ရေး အကျိုးအမြတ်ကို ထိခိုက်သဖြင့် အလိုမကျသလို ဖြစ်နေ၏။

အိန္ဒိယကလည်း ၎င်း၏ “အရှေ့မျှော်” စီးပွားရေး မူဝါဒကို ပြောဆိုလာသည်မှာ နှစ် အတော်ကြာ ရှိခဲ့ပြီ ဖြစ်သော်လည်း တကယ်တမ်း လာရောက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာ ရှိသေးကြောင်း တွေ့ရသည်။ အိန္ဒိယ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့် စစ်တွေဆိပ်ကမ်းကို ခေတ်မီ ဆိပ်ကမ်းကြီးအဖြစ် တည်ဆောက်ရေး၊ ကုလားတန်မြစ်၌ သောင်တူးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်သည်။ စီမံကိန်းကိုလည်း ဖြည်းဖြည်းသာ ဆောင်ရွက်နေ၏။ နိုင်ငံတော်၏ အရှေ့မြောက်ဖက်ပိုင်းရှိ သီးခြားတည်ရှိနေသည့် ပြည်နယ်များတွင် စီးပွားရေး လုပ်ငန်းများ အလွယ်တကူနှင့် အလျင်အမြန်ဆောင်ရွက်နိုင်ရန် ဤစီမံကိန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အိန္ဒိယက ရည်ရွယ်သည်။

အိန္ဒိယနိုင်ငံ၏ အာဆီယံ ထွက်ပေါက်ဟု အမည်ပေးထားသည့် နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ဖောက်လုပ်မည့် အမြန်လမ်း စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စတင်ဆွေးနွေးခဲ့သည်။ သို့သော် အဆိုပါ စီမံ ကိန်းအတွက် မြန်မာနှင့် အိန္ဒိယတို့ ယခုတိုင် သဘောတူညီချက် တစုံတရာ မကျသေးချေ။

အိန္ဒိယနိုင်ငံ၏ နှစ်ရှည် မဟာဗျူဟာ ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သည့် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ချင်းတွင်းမြစ် ရေအားလျှပ်စစ် စီမံကိန်း ၂ ခုသည်လည်း နှောင့်နှေးနေဆဲဖြစ်သည်။ အိန္ဒိယ အစိုးရ၏ လေ့လာဆန်းစစ်ချက်အရ အဆိုပါ ရေအားလျှပ်စစ် စီမံကိန်းများမှာ ဖြစ်နိုင်ခြေ မရှိသည့် စီမံကိန်းများ ဖြစ်သည်ဟု ပြီးခဲ့သည့် သတင်းပတ်ထုတ် ဟိန္ဒူစတန် တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ စီးပွားရေး ကုမ္ပဏီများ၊ လုပ်ငန်းရှင် အစုအဖွဲ့များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းသစ်များ မည်သို့မည်ပုံ လုပ်ကိုင်သင့်သည်၊ ဆောင်ရွက်သင့်သည် စသည်များကို ဆွေးနွေးတိုင်ပင်ကာ ပုံကြမ်းဖော်ခဲ့ သည်ဟု ဆိုသည်။ နောက်ဆုံး ဆုံးဖြတ်ခဲ့သည်မှာ မြန်မာ-ထိုင်း နယ်စပ် မဲဆောက်တွင် အထူးစီးပွားရေး ဇုန်တခု တည်ဆောက်ရန် ဖြစ်ပြီး၊ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ မြန်မာနိုင်ငံတောင်ဘက်ပိုင်း ရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဖြစ်သည်။

ယင်း ထားဝယ် ရေနက်စီမံကိန်းသည်လည်း ၂၀၀၈ ခုနှစ်ကတည်းက ဆောင်ရွက်ရန် သဘောတူခဲ့သော်လည်း ကြန့်ကြာမှုများ ရှိနေပြန်သည်။ ဤစီမံကိန်းအတွက် ခန့်မှန်းတွက်ချက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံ ထက် ပိုမိုကာ အမေရိကန် ဒေါ်လာ ၁၀ ဒဿမ ၇ ဘီလီယံအထိ ကုန်ကျမည်ဟု ထိုင်းမီဒီယာ များတွင် ဖော်ပြထားသည်။ မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ်ရှင်နာဝပ် တို့ ယင်း စီမံကိန်းအတွက် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ သို့သော် စီမံကိန်းမှာ ရှေ့တိုးမလာသေး။ ဤနှောင့်နှေးကြန့်ကြာမှုများက မြန်မာနှင့် ဆက်ဆံနေသည့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ဖွံ့ဖြိုးရေးအတွက် ဟန့်တား အနှောက်အယှက် ဖြစ်စေသလား ဟူသည့် မေးခွန်း ထွက်ပေါ်လာရသည်။

မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း လုပ်ကိုင်မည် ဆိုပါက တွေ့ကြုံရမည့် အချက်တချက်မှာ တိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားသည့် နယ်ခြားဒေသများတွင် လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်း ဖြစ်သည်။

နယ်စပ်ကုန်သွယ်မှုတွင် အခြားသော နိုင်ငံများ အခက်အခဲ၊ နှောင့်နှေးကြန့်ကြာမှု စသည်များနှင့် တွေ့ကြုံရသော်လည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကား အသွင်ကွဲပြားနေသည်။ ယင်း ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ် တလျောက် ကျောက်တောင်တန်းကြီးများ တည်ရှိနေ၏။ ဤသို့ သဘာ၀ အတားအဆီးများရှိနေသော်လည်း မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ်သည့်ကာလ၊ မြန်မာ့ တပ်မတော်နှင့် KIA တပ်များ ပဋိက္ခ ဖြစ်ပွားနေသည့် ယခု အချိန်မှာပင် ကုန်သွယ်မှု အလွန်မြင့်မားသည်ကို တွေ့ရသည်။

တရုတ်နှင့် မြန်မာ နယ်စပ်ကုန်သွယ်မှုမှာ ကချင်နှင့် ရှမ်းပြည်နယ် များ၌ တပြိုင်နက်တည်း ရှိနေသဖြင့် ၂၀၀၀ ပြည့်နှစ်၌ ရရှိခဲ့သည့် ရောင်းရငွေ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ ကျော်၍ ၂၀၁၂ တွင် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၂ ဘီလီယံ ရရှိခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားတင်ပြသည်။ စစ်အစိုးရ အုပ်ချုပ်သည့် မရိုးမသား မရှင်းမလင်းသည့် အခြေအနေမျိုး၌ပင် တရုတ်သည် မြန်မာနှင့် အဆင်ပြေပြေ လုပ်ကိုင်နိုင်သော နိုင်ငံဖြစ်နေသည်။

တော်တည့်မှန်ကန်သည့် တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ဥပဒေဘက်မှ ရပ်တည်သော မျှတသည့် တရားစီရင်မှု ဖြစ်စေရန် လွတ်လပ်သည့် တရားရေးမဏ္ဍိုင် မရှိခြင်း စသည့်တို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ ချီတုံ ချတုံ ဖြစ်နေဟန် ရှိသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများ ရှိနေသော်လည်း လာရောက် ရင်းနှီးမြှုပ်နှံမည့်သူများ အဖို့ အလွန့်အလွန် စွန့်စားရသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သုတေသနပြု အေဂျင်စီ မေပယ်ခရော့ဖ် (Maplecroft) က သုံးသပ်သည်။

ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ၊ အခြေခံမူများ၊ လုပ်ထုံးလုပ်နည်းများကို ယခု အချိန်၌ ရေးဆွဲ ပြဌာန်းမည် ဆိုပါက အများ နားလည် စေရမည် သို့မဟုတ် စီးပွားရေး နယ်ပယ်တခုခုတွင် ပါဝင် ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခု၏ အကြံဉာဏ်ရယူ ရေးဆွဲသင့်သည်ဟု အကြံပေးထားသည်။ လူမျိုးစု လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် သဘောတူ ရယူထားသည့် စိတ်မချရသော အပစ်အခတ်ရပ်စဲရေး အနေအထားသည် လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို နောက်တွန့်စေသည်။

မြန်မာနိုင်ငံသည် မိမိနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ကိုင်တွယ် ဖြေရှင်းရန် အုပ်ချုပ်မှု စွမ်းရည် မရှိသလောက် နည်းပါးသည်။ ထို့အပြင် မြန်မာနိုင်ငံကဲ့သို့သော မဖွံ့ဖြိုးသေးသည့် နိုင်ငံတွင် ကျင့်သုံးသည့် စီးပွားရေးစနစ်မှာ ရှုပ်ထွေးသည်ဟု ဆိုနိုင်သည်။ ထို လိုအပ်ချက်ကို ဖြေရှင်းရန် နိုင်ငံ၏ စီမံခန့်ခွဲမှု အပိုင်းကို စတင် ပြင်ဆင်ရမည်ဖြစ်ပြီး၊ လုပ်ငန်း ချောမွေ့စွာ လည်ပတ်နိုင်ရေး အတွက် အခြားလိုအပ်ချက်များကို တပြိုင်နက် ပြင်ဆင်ရပါမည်။

လုပ်ငန်း ကောင်းစွာ လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းမှန်မှန် တိုးတက်ရန်၊ လုပ်ငန်း လုပ်ကိုင်ရာ၌ တွေ့ကြုံရမည့် အခက်အခဲ အနှောက်အယှက်များကို ၂၀၁၁ ခု မတ်လမှ စတင်၍ ဖယ်ရှားခဲ့သည်။ ထိုသို့ ဖယ်ရှားခဲ့သည့် ကိစ္စများမှာ အစိုးရက လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားသည့် စီးပွားရေး လုပ်ငန်းများကို ဖြေလျှော့ပေးခြင်း၊ ငွေကြေး လဲလှယ်နှုန်းထား တရားဝင် သတ်မှတ် ပေးခြင်းတို့ ဖြစ်သည်။ ထို့အပြင် ထိရောက်သည့် လျှပ်စစ် ဖြန့်ဝေမှု စနစ်၊ ဆက်သွယ်ရေးစနစ်၊ ဘဏ်လုပ်ငန်း၊ မြေငှားရမ်းခြင်း၊ ကုန်သွယ်မှု စနစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု စနစ် စသည်များကို ပြောင်းလဲရန် လိုသေးသည်။

သမ္မတ ဦးသိန်းစိန်၏ အရပ်သား အစိုးရ တက်လာပြီးနောက် နယ်ပယ်အသီးသီး၌ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ခြင်း၊ ကန့်သတ် ပိတ်ဆို့ တားဆီးထားသည်များကို ဖယ်ရှားရှင်းလင်းသည့် အခါ မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက် အကြီးဆုံး တရုတ်နိုင်ငံအဖို့ ဈေးကွက်ပျောက်သည့် အိမ်နီးချင်း နိုင်ငံတနိုင်ငံ ဖြစ်လာသည်ဟု ဆိုနိုင်သည်။

ဦးသိန်းစိန်က တရုတ်တို့ အကောက်အထည်ဖော် နေသည့် ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည် စီမံကိန်းကြီးအား ၂၀၁၅ တိုင်အောင် လုပ်ငန်းဆောင်ရွက်ခြင်း မပြုရဟု ရပ်ဆိုင်းလိုက်သည့်အတွက် ၎င်းတို့၏ ယူနန်ပြည်နယ်သိုပ လျှပ်စစ် ဓာတ်အား ပေးပို့မည့် တရုတ်အစီအစဉ် ကစဉ့်ကလျား ဖြစ်သွားသည်။ တရုတ်တို့အဖို့ မြန်မာအစိုးရ အသစ်ထပ်မံ ရှာဖွေ တွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့များကို ဝယ်ယူနိုင်သည့် အခွင့်အလမ်း နည်းသွားသည်။ ထို့ကြောင့် တရုတ်တို့သည် ကမ္ဘာမြောက်ခြမ်း နိုင်ငံများမှ စွမ်းအင် အမြောက်အများကို စိတ်ဝင်စားလာသည်။

အထက်ပါ အခြေအနေ အရပ်ရပ်တို့ကြောင့် မြန်မာနိုင်ငံသည် ၎င်းတို့ အတွက် အိန္ဒိယသမုဒ္ဒရာသို့ ထွက်နိုင်သည့် ထွက်ပေါက် ဟု တရုတ်က မသတ်မှတ်ချင်တော့ချေ။ အာဆီယံတွင်း သစ္စာရှိသော ထောက်ပံ့ရေး နိုင်ငံအဖြစ် မယူဆတော့။

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြပွဲကို မြန်မာအစိုးရက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ရက်စက် ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်။ ထို့သို့ ဖြိုခွဲ နှိမ်နင်းခဲ့သဖြင့် သံဃာတော် အများအပြား ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ သည်။ ထိုဖြစ်ရပ်သည် မြန်မာလူမျိုးတို့၏ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် တိုးပွားလာအောင် မီးလောင်ရာ လေပင့်သလို ဖြစ်လာသည်။

ထို့ကြောင့် “တရုတ် အစိုးရသည် မြန်မာနိုင်ငံအတွင်း၌ ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် အကျိုးစီးပွားများကို နေပြည်တော်ရှိ မြန်မာအစိုးရက ကာကွယ်နိုင်စွမ်း အနည်းငယ်သာ ရှိသည်ကို ကိုယ်တိုင်သိရှိသွားကြပြီ” ဟု ပြီးခဲ့သည့်လထုတ် နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတခု၌ ပြောဆိုခဲ့သည်။

အားလုံးကို ခြုံကြည့်လျှင် မြန်မာ့ အိမ်နီးချင်းများနှင့် စီးပွားရေး တပေါင်းတန်ခူး အကြောင်းမထူးဟုသာ။

(Neighbors’ Business Plans Stall at Burma’s Borders ကို ဆီလျော်အောင် တင်မောင်ယု ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading