Automobile

ဖို့ဒ် ကားကုမ္ပဏီ မြန်မာပြည်တွင် အရောင်းပြခန်း ဖွင့်မည်

This article has been converted from Zawgyi One to Unicode

နာမည်ကြီး အမေရိကန် ဖို့ဒ် ကားကုမ္ပဏီ (Ford Motor Company) က လာမည့် မေလအတွင်း ရန်ကုန်မြို့တွင် ကားအရောင်းပြခန်း လာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း AP သတင်းတပုဒ်တွင် ယမန်နေ့က ဖော်ပြထားသည်။

မြန်မာမြေတွင် ပထမဆုံး လာရောက်ဖွင့်လှစ်မည့် အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်နှင့် အကျိုးတူ လုပ်ဆောင်မည့် မြန်မာ ကုမ္ပဏီမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သည့် ဒိုင်းမွန်းစတားအုပ်စုမှ ဒေါက်တာ ကိုကိုကြီး၏ Capital Automotive  ဖြစ်ကြောင်း သိရသည်။

ဖို့ဒ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလ် မက္ကာသီက “ဖို့ဒ် ကုမ္ပဏီ မြန်မာပြည်ကို ဝင်ဖို့ အရှိန်ယူနေပါပြီ” ဟု AP သတင်းဌာနသို့ ပြောဆိုထားသည်။ ပြည်တွင်းတွင် ရောင်းချပေးမည့်သူလည်း ရှိပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသော်လည်း အသေးစိတ်ကိုမှု ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စစ်အစိုးရလက်ထက် နေပြည်တော် တည်ဆောက်ရာ၌ လိုအပ်သော ငွေကြေးအတွက် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ကားတင်သွင်းခွင့်ပြုပြီး ရှာဖွေသောကြောင့် ကားဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

အစိုးရသစ် လက်ထက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် ပြည်ပမှ ကားတင်သွင်းခွင့်နှင့် ပတ်သက်ပြီး ထိန်းချုပ်မှုများကို လျှော့ပေါ့ပေးလိုက်ရာ ဂျပန်နိုင်ငံလုပ် တပတ်ရစ်ကားများကို ပိုမိုတင်သွင်းလာခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်မှ မြန်မာ့ကားဈေးကွက်သို့ ဝင်ရောက်လာသည့်အပြင် တခြားအမေရိကန် အမှတ်တံဆိပ် ကုမ္ပဏီကြီးများဖြစ်သည့် ပက်ပ်ဆီ၊ ကိုကာကိုလာ စသည့် အချိုရည် ကုမ္ပဏီကြီးများ၊ GE ကုမ္ပဏီ၊ ကတ်တာပယ်လာ (Caterpillar) စသည့် စက်ပစ္စည်းနှင့် ယန္တရားကုမ္ပဏီများ၊ ကားလ်ဘတ်စ် ဘီယာကဲ့သို့သောက် စားသောက်ကုန် လုပ်ငန်းများ မြန်မာ့ဈေးကွက်အတွင်းသို့ ပြီးခဲ့သည့်နှစ်မှ စတင်ကာ ထိုးဖောက်လာကြပြီ ဖြစ်သည်။

ကမ္ဘာကျော် ကားလ်စ်ဘတ်ခ် ဘီယာမှာ ၁၉၉၆ ခုနှစ်က မြန်မာ့စားသောက်ကုန် ဈေးကွက်သို့ ဝင်ရောက်ခဲ့သော်လည်း စစ်အစိုးရ၏  လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏  စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာသည့်အတွက်  ပြန်လည် ထွက်ခွာခဲ့ရသည်။ ယခုအခါ ကားလ်စ်ဘတ်ခ် ဘီယာများ မြန်မာ့ဈေးကွက်တွင် ဖြန့်ချိရန် မြန်မာ့ရွှေကြယ် ကုမ္ပဏီနှင့် အကျိူးတူ ပူးပေါင်း ဆောင်ရွက်ရေး ပြီးခဲ့သည့် ဖေဖော်ရီလအတွင်းက လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်အစိုးရမှ စီးပွားရေးပိတ်ဆို့မှု တချို့ကို ဖြေလျော့လိုက်ရာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က  မြန်မာနိုင်ငံမှ အစိုးရ ဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ် တို့ကို အမေရိကန် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ငွေကြေးကိစ္စ ဆက်သွယ် ဆောင်ရွက်ခွင့်ပြုကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့့် ကမ္ဘာကျော် အမေရိကန် စီးပွားရေး ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသော အမေရိကန် ကုန်သည်ကြီးများ အသင်းနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာတရပ်ကို မကြာသေးမီ လက်မှတ်ရေးထိုးခဲ့သည်။

Loading