စီးပွားရေး

ဂျပန်သို့ ဆန်တန်ချိန် ၅၀၀၀ ပထမဆုံးအကြိမ်တင်ပို့မည်

This article has been converted from Zawgyi One to Unicode

ဂျပန်သို့ မြန်မာ့ဧည့်မထ ဆန်တန်ချိန် ၅၀၀၀ ကို ပထမဆုံးအကြိမ် အဖြစ် လာမည့် မေလဆန်းတွင် တင်ပို့မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာစိုးထွန်းက ဧရာဝတီသို့ပြောသည်။

ဂျပန်နိုင်ငံအစိုးရက နိုင်ငံတွင်း ဆန်တင်ဒါခေါ်ယူရာတွင် မြန်မာနိုင်ငံကိုပါ တင်ဒါဝင်ရန် ကမ်းလှမ်းခဲ့သည့်အတွက် မြန်မာ့ လယ်ယာ စီးပွားရေး အများပိုင် ကုမ္ပဏီ (MAPCO) က တင်ဒါဝင်ခဲ့ပြီး အောင်မြင်ခဲ့၍ ပထမဆုံး အဖြစ် ဧည့်မထဆန်တန်ချိန် ၅၀၀၀ ကို တင်ပို့မည် ဖြစ်သည်။ ဧည့်မထဆန် (၅ ရာခိုင်နှုန်း) တတန်လျှင် အမေရိကန် ဒေါ်လာ ၄၉၀ နှုန်းဖြင့် တင်ပို့မည် ဖြစ်ကြောင်းနှင့် MOU လက်မှတ် ထိုးထားခြင်း မဟုတ်သဖြင့် နောက်ပိုင်းတွင် တင်ဒါဆက်ဝင်ပြီး တင်ပို့ရန်လည်း ရှိကြောင်း သိရသည်။

“MAPCO နဲ့ ဂျပန် က Mitsui ကော်ပိုရေးရှင်း ပူးပေါင်းလုပ်မှာပါ၊ အခုဆိုရင် မြန်မာ့ဆန် ကို တခါမှမဝယ်ဘူးသေးတဲ့ နိုင်ငံ တချို့ကလည်း ဝယ်ယူဖို့ စိတ်ဝင်တစား ကမ်းလှမ်းလာကြတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် ပြည်ပနိုင်ငံအချို့၏ စီးပွားရေးကမ်းလှမ်းမှုများ ရရှိလာခဲ့သည် ဟု လည်း ၎င်းက သုံးသပ်သည်။

မြန်မာ့လယ်ယာ စီးပွားရေး အများပိုင်ကုမ္ပဏီက ကိုရီးယားနိုင်ငံမှ ခေါ်ယူသည့် ဆန်တင်ဒါ တွင်လည်း ဈေးနှုန်း အဆို ပြုလွှာနှင့် လိုအပ်သည့် အချက်အလက်များ ပေးပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများ သို့ ၂၀၁၂- ၂၀၁၃ ဘဏ္ဏာရေးနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့ခဲ့ပြီး နှစ် ၅၀ အတွင်း စံံချိန်တင် ပို့နိုင်ခဲ့သည့် ပမာဏ ဖြစ်လာသည်ဟု သိရသည်။ တရုတ်အစိုး ရက မြန်မာ့ဆန် တင်ပို့မှုကို တရားဝင် လက်ခံထားခြင်း မရှိသေးသော်လည်း မူဆယ် နယ်စပ်ထွက်ပေါက်မှ တင်ပို့မှုပမာဏသည် တခြားနိုင်ငံများသို့ တင်ပို့ရမှုထက် များကာ လက်ရှိအချိန်အထိ ဆန်တန်ချိန် ၈ သိန်း ကျော် တင်ပို့ထားပြီး ဆန်ကြမ်းတင်ပို့ရမှုက ပိုများကြောင်း ဒေါက်တာ စိုးထွန်းက ပြော၏။

တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ ဆန်တင်ပို့လျှင် ဈေးပိုရခြင်းကြောင့် ပြည်တွင်း ဆန်ကုန်သည်များ အနေဖြင့် တခြားနိုင်ငံများထက် တရုတ်နိုင်ငံသို့သာ တင်ပို့ လိုကြကြောင်း သိရသည်

“တရုတ်ပြည်ဘက်က ကောက်တဲ့ အခွန်ငွေ ပမာဏက ၁၃ ရာခိုင်နှုန်းလောက်ရှိတယ်၊ တရားဝင်အခွန်ဆောင်ပြီး ပို့ရမယ် ဆိုရင်တော့ မကိုက်ဘူး၊ ဆန်တွေ ဈေးတက်သွားနိုင်တယ်” ဟုဒေါက်တာစိုးထွန်းက ဆိုသည်။

ဆန်နှင့် ဆန်ထွက်ပစ္စည်း တင်ပို့မှုမှာ ၂ဝ၁၂ – ၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ တန်ချိန် ၁ ဒသမ ၆ သန်းအထိ ရှိခဲ့သည့် အတွက် ၄၆ နှစ်အတွင်း စံချိန်တင် အများဆုံး ဖြစ်ခဲ့သည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မတ်လ ၂ရက်၊ မင်းဓမ္မလမ်း MCC ခန်းမတွင် ကျင်းပသည့် မြန်မာ့ ဆန်စက်နှင့် လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲတွင် ပြောကြားခဲ့သည်။

Loading