ဧပြီ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို အွန်လိုင်း စနစ်ဖြင့် ပြောင်းလဲ ကျင့်သုံးသွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းနွဲ့ထံမှ သိရသည်။
“ရန်ကုန်မှာပဲ စပြီးလုပ်ပေးသွားမှာပါ။ နေပြည်တော်မှာကတော့ အစမ်းသဘော လုပ်ထားတာ ရှိတယ်။ ရန်ကုန်မှာ ရှိတဲ့ကုမ္ပဏီတွေ အပြင် တခြားပြည်နယ်၊ တိုင်းက ကုမ္ပဏီတွေလည်း လျှောက်လို့ရပါတယ်” ဟု သူက ဧရာဝတီသို့ ပြောသည်။
နေပြည်တော်တိုင်း ဒေသကြီးတွင် ၂၀၁၂ စက်တင်ဘာလမှ စတင်ကာ Mini – On line စနစ်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို စီစဉ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း နေပြည်တော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“အွန်လိုင်းစနစ်သို့ ပြောင်းတာမှာ မသမာတဲ့ ကိစ္စတွေမဖြစ်အောင် လက်ရှိ ကုမ္ပဏီဥပဒေကို ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။ဒီဥပဒေက ခေတ်နဲ့ မညီညွတ်တော့ဘူး။ ဒါကိုပြင်ဆင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပညာရှင်တွေ ကူညီပြင်ဆင်သွားဖို့ ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ရှင်းပြသည်။
ပြင်ဆင်ရန် စီစဉ်နေသည့် ကုမ္ပဏီဥပဒေမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ပြီး လက်ခံ ကျင့်သုံးလာမှုမှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီ ဖြစ်သည်။ ဥပဒေပြင်ဆင်မှု၊ အွန်လိုင်းမှ ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ခြင်း တို့အတွက် ADB မှ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ ကူညီပံ့ပိုးပေးရန် ရှိကြောင်း သိရသည်။
“ခက်တာကနေ လွယ်လာလို့ ဝမ်းသာပါတယ်။ ဒါထက်မက ပိုလွယ်ရင်တော့ ကောင်းတာပေါ့။ ဖြစ်နိုင်ရင်တော့ One Stop Service ပေးစေချင်တယ်။ လူလုပ်ရင်တော့ အကုန်ဖြစ်တာပါပဲ။ အပေါ်ကနေ ကောင်းတာတွေ ဘာလုပ်ပေးပေး အောက်ပိုင်း မှာ အကောင်အထည် ဖော်ပေးတဲ့လူတွေ တအား အားနည်းနေတယ်။ စနစ်တွေကောင်းလာလည်း ကြာနေဆဲပါပဲ။ အခု အွန်လိုင်းစနစ် သွားဖို့ အင်တာနက် ကောင်းဖို့လိုတယ်။ အခုထိ ကောင်းမှ မကောင်း သေးတာ” ဟု လုပ်ငန်းရှင် တဦးက ပြောသည်။
နေပြည်တော် တိုင်းဒေသကြီးတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ Mini – On line အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခြင်းကို စီစဉ် ဆောင်ရွက် ပေးလျှက်ရှိရာတွင် လိုအပ်ချက် တောင်းဆိုမှုများ များပြားသည့် အတွက် ကိုယ်တိုင် သွားရောက် ဆောင်ရွက် ကြသည်က များကြောင်း၊ အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ရာတွင် တောင်းသည့် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်ပါက ၁ ရက်သာ ကြာကြောင်း ၎င်းလုပ်ငန်းရှင်က ဆိုသည်။
“အချိန်ကြာတာတွေ မရှိအောင် တတ်နိုင်သမျှ အဆင့်တွေ လျှော့ပေါ့ ပေးထားပါတယ်။ဥပဒေပြင်ပြီးရင်တော့ ဒီထက် ပိုမြန်လာနိုင်မှာပါ။ အင်တာနက် ကြာတာကတော့ ဆက်သွယ်ရေးဘက်ကနေ ဖြေရှင်းရမယ့်ကိစ္စပါ။ ဒီဟာလည်း အဆင်ပြေဖို့ ဆောင်ရွက်နေပါတယ်” ဟု နေပြည်တော်တိုင်းဒေသကြီး ရင်းနှီးမြုှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် တည်ထောင်သည့် ကုမ္ပဏီများအနေဖြင့် ၁၉၁၄ မြန်မာကုမ္ပဏီ အက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၉၅၇ ခုနှစ်က ရေးဆွဲထားသည့် မြန်မာကုမ္ပဏီ လုပ်ထုံးလုပ်နည်းများနှင့် Myanmar Companies Schedules တို့ဖြင့် လိုက်နာ ကျင့်သုံးလျှက် ရှိကြောင်း သိရသည်။