ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင်လဲလှယ်ခွင့်ပေးရန် ယခုနှစ် ဧပြီလ မတိုင်မှီတွင် ခွင့်ပြုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေ စသည်တို့ကိုသာ တရားဝင်လဲလှယ်ခွင့်ပေးထားပြီး ယခုအခါ ၎င်းငွေကြေးများနည်းတူ ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ငွေတို့ကို တရားဝင်လဲလှယ်ခွင့် ပေးသွားရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။
“တရားဝင်လဲလှယ် အသုံးပြုနိုင်ဖို့အတွက် လုပ်ရတာပါ။ အဓိကကတော့ နယ်စပ်တွေမှာ သုံးနေတာတွေ ရှိတာမှာ တရားဝင် လဲလှယ်ခွင့်မရှိသေးတော့ ဈေးနှိမ်တာတို့ တခြား မသမာမူတွေ ဖြစ်နေတယ်။ မြဝတီနဲ့ တာချီလိတ်မှာဆို မြန်မာကျပ်ထက် ဘတ်ငွေတွေ၊ ယွမ် ငွေတွေ ပိုသုံးတယ်။ တရားဝင် လဲလှယ်ဖို့ ခွင့်မပြုထားတော့ ဈေးကနှိမ်ပြီး လဲလှယ် ခံနေရတာပေါ့။ ဒီအတွက် တရားဝင်လဲလှယ်ခွင့် ပေးသွားဖို့ စီစဉ်နေတာပါ ”ဟု ဗဟိုဘဏ် ငွေကြေးလဲလှယ်သုံးစွဲရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
တရားဝင် လဲလှယ်ခွင့် မရသေးသည့်အတွက် လက်ရှိတွင် အဆိုပါငွေကြေးနှစ်ခု၏ ပေါက်ဈေးမှာ လဲလှယ်ပေးသူ အေးဂျင့်များ၏ ပါးစပ်တွင်သာရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံနှစ်ခုဖြစ်ခြင်းကြောင့် ငွေလဲလှယ်မှုတွင် တရားဝင် လဲလှယ်ခွင့် ရှိသင့်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တဦးကလည်း ပြောသည်။
“မြဝတီမှာက ဘတ်ငွေပဲ သုံးတာ များတယ်။ ဆိုင်ကြီး၊ စတိုးဆိုင်တွေကနေ ဆိုက္ကားသမားထိ ဘတ်ငွေပဲ ကိုင်တယ်။ ကျပ်ငွေနဲ့ ဘတ်ငွေ လဲလှယ်တာမှာ ကျပ်ငွေဆို ဘယ်ဈေးနဲ့ဖြတ်လည်း အတိအကျ မရှိတော့ မသိဘူး။ လဲပေးတဲ့သူ အပြောပဲ။ ဘတ် ၁၀၀ ဖိုးလဲရင် အနည်းဆုံးတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပိုပေးရတယ်”ဟု မြဝတီမြို့၊မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားအနီး ရွှေအင်းလေး လက်ဘက်ရည်ပိုင်ရှင် ကိုဇော်ဇော်အောင်က ပြောသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံပိုင် ဘဏ် ၄ ခု ရှိပြီး ပုဂ္ဂလိက ဘဏ် ၁၉ ခုနှင့် နိုင်ငံပိုင် ဘဏ် ၃ ခုတွင် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ ယူရိုငွေကြေးများ တရားဝင် လဲလှယ်ခွင့် ပြုထားပြီး ယခု ဘတ်ငွေနှင့် ယွမ်ငွေ လဲလှယ်ခွင့်ကိုလည်း အထက်ပါ လုပ်ကိုင်ခွင့်ရဘဏ်များ အတိုင်းချပေးသွားမှာဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ နိုင်ငံခြား ငွေလဲလှယ်မှုကို တရားဝင် ခွင့်ပြုခဲ့ပြီး လဲလှယ်မှုနှုန်းထား အမျိုးမျိုးဖြစ်နေရာမှ ဈေးကွက်တခု ဖန်တီးကာ floating rate အဖြစ် သတ်မှတ် အကောင်အထည်ဖော်ခဲ့သည်။