မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဘဏ်စာရင်း ဖွင့်ထားသော နိုင်ငံခြားသားများကို နိုင်ငံသားများနည်းတူ ရုံးပိတ်ရက်မှအပ နေ့စဉ် ငွေထုတ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ခွင့်ပြုလိုက်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်နေပြီး ရက်ရှည် နေထိုင်နေသော နိုင်ငံခြားသားများကို နိုင်ငံခြားငွေဖြင့် ဘဏ်အပ်ငွေ လက်ခံခွင့်ပေးထားပြီး ၎င်းငွေကြေးကို ယခင်က အမေရိကန်ဒေါ်လာ တစ်ကျပ်မှ အများဆုံး တစ်သောင်းထိ တပတ်လျှင်နှစ်ကြိမ်သာ ထုတ်ယူခွင့်ပြုထားရာမှ ယခုအခါ အစိုးရရုံးပိတ်ရက်မှအ နေ့စဉ်ထုတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
“ခု ဒါက နောက်ဆုံး ညွှန်ကြားချက်အနေနဲ့ရောက်လာတာပါ။ ဘဏ်ဖွင့်ရက်တိုင်း အရင်ကထုတ်ပေးတဲ့ ပမာဏအတိုင်း ထုတ်ပေးဖို့ ခွင့်ပြုလိုက်တာပါ။နေ့စဉ်ဒေါ်လာ တစ်ကျပ်ကနေ အများဆုံးဒေါ်လာတစ်သောင်းထိ ငွေထုတ်ခွင့်ပေးလိုက်တာပါ” ဟု ဧရာဝတီဘဏ်မှ ဥက္ကဌ ဦးသန်းဇော်က ဧရာဝတီသို့ ပြောဆိုသည်။
ငွေစုလိုသူ နိုင်ငံခြားသားများကို ငွေစာရင်းဖွင့်ရာတွင် အုပ်စုနှစ်ခုခွဲထားကြောင်း၊ အုပ်စု ၁ တွင် ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုအတွက်၎င်း၊ အုပ်စု ၂ တွင် မြန်မာနိုင်ငံတွင် အလုပ်လုပ်သည့်နိုင်ငံခြားသားများအတွက်၎င်း အကြမ်းအားဖြင့် ခွဲခြားထားကြောင်း၊ ၎င်းအုပ်စုအလိုက် စာရင်းအကောင့်ဖွင့်ရန် သတ်မှတ်ချက်များ ရှိကြောင်း၊အဆိုပါ အုပ်စုနှစ်ခုပေါင်းတွင် သတ်မှတ်ချက် စုစုပေါင်း ၂၇ ချက်ရှိကြောင်း သိရသည်။
ရင်းနှီးမြုပ်နှံမှုအတွက် နိုင်ငံခြားသားပိုင်ကုမ္ပဏီအနေဖြင့် စာရင်းသေအပ်ငွေ(Current Account) ဖွင့်မည်ဆိုပါက ရင်းနှီးမြုပ်နှံမှု ကော်မရှင် ထောက်ခံချက်၊ ကုမ္ပဏီ Letter Head ဖြင့်လျှောက်ထားချက်၊ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ်၊ အသင်းအဖွဲ့ စည်းမျဉ်းစည်းကမ်း၊ ထုတ်ကုန်သွင်းကုန် လိုင်စင်၊ ဒါရိုက်တာ အစည်းအဝးဆုံးဖြတ်ချက်၊်ဖွင့်မည့်နိုင်ငံခြားသား၏ ပတ်စပို့ စသည်တို့ကို တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀၀ မှစတင်စုဆောင်းရမှာဖြစ်ကြောင်း သိရသည်။
တဦးချင်းဖွင့်မည်ဆိုပါက သံရုံး ထောက်ခံချက်၊ ပတ်စပို့၊ စုဆောင်းငွေ ရရှိလာသည့်နေရာ၊ လက်ရှိလုပ်ကိုင်နေသည့်ဌာန၊ ဌာနထောက်ခံချက် စသည်တို့ တင်ပြရမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀၀ မှ စတင်စုဆောင်းနိုင်ကြောင်း သိရသည်။ စုဆောင်းငွေကို နိုင်ငံခြားငွေဖြင့်သာ လက်ခံပြီးပြန်လည် ထုတ်ပေးပါကလည်း နိုင်ငံခြားငွေဖြင့်သာ ထုတ်ပေးကြောင်း သိရသည်။
သတ်မှတ်ချက်အရ ဒေါ်လာတစ်သောင်းထက်ပို၍ ထုတ်ခွင့်မရှိသော်လည်း အရေးပေါ် လိုအပ်ချက်များရှိပါက ညိနှိုင်းဆောင်ရွက်ပေးကြောင်း၊ ၎င်းအတွက် ဖြစ်ပေါ်သည့်အရေးပေါ် အခြေအနေနှင့် သုံးစွဲရမည့်ငွေကြေးပေါ် အသေးစိတ် တွက်ချက်ကာ လျှောက်ထားရကြောင်း၊ နိုင်င်ငံခြား ငွေဖြင့် စာရင်းသေအပ်ငွေ ဖွင့်ထားသည့်နိုင်ငံခြားကုမ္ပဏီတခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားသားများကို ယခင်က နိုင်င်ငံပိုင်ဘဏ် ၃ ဘဏ်တွင် ငွေစာရင်းဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၁၂ ဇွန်လမှ စတင်ကာ ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တွင်ပါ ငွေစာရင်း ဖွင့်ခွင့်ပေးခဲ့သော်လည်း သတ်မှတ်ချက်အလိုက် စာရင်းသေအပ်ငွေ (Current Account) ငွေစာရင်းအကောင့်သာ ဖွင့်ခွင့်ပေးထားပြီး အတိုးနှုန်း ထည့်သွင်းပေးရသည့် စာရင်းရှင်အပ်ငွေ (Saving Account) ကို ဖွင့်ခွင့်မပေးထားသောကြောင့် အပ်နှံသည့်ငွေပေါ်တွင် အတိုးခံစားခွင့်မျှမရသေးကြောင်း သိရသည်။