စီးပွားရေး

မြန်မာ့ဈေးကွက်မှာ အပြိုင်ကြဲမယ့် ဘီယာစစ်ပွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စီးပွားရေး အလားအလာကောင်းများစွာ ရှိနေသည့် မြန်မာ့ဘီယာ ဈေးကွက်သို့ နိုင်ငံတကာတွင် ပြိုင်ဘက်အဖြစ် အပြိုင်ကျဲနေသည့် ဘီယာကုမ္ပဏီကြီး ၂ ခု ဝင်ရောက် ပြင်ဆင်နေကြပြီဖြစ်ရာ မြန်မာ့ဈေးကွက်သည် နိုင်ငံတကာ ဘီယာ ကုမ္ပဏီကြီးများအတွက် ယှဉ်ပြိုင်မှု ပြင်းထန်မည့် ဘီယာစစ်ပွဲဖြစ်ပွားရာ နေရာတခုဖြစ်လာ တော့မည်။

တချိန်က လုပ်ဖော်ကိုင်ဘက်များ ဖြစ်ခဲ့သည့် ဒိန်းမတ်နိုင်ငံမှ Carlsberg ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Thai Beverage ကုမ္ပဏီ သည် လွန်ခဲ့သော ၇ နှစ်က လုပ်ငန်းနှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသဖြင့် အမြတ်အစွန်း အလွန်များပြားသော ထိုင်းနိုင်ငံ ဈေးကွက်မှ Carlsberg ကုမ္ပဏီ ထွက်ခွာသွား ခဲ့သည်။ ယခုအခါ အဆိုပါကုမ္ပဏီ ၂ ခုလုံးက ၎င်းတို့၏ ဘီယာများကို မြန်မာနိုင်ငံ၌ ထုတ်လုပ် ရောင်းချရန် စီစဉ်လျှက်ရှိသည်။

ကုမ္ပဏီကြီး ၂ ခုအကြား ဖြစ်ပွားသည့် အငြင်းပွားမှုမှာ ပြင်းထန်သဖြင့် စင်ကာပူနိုင်ငံ တရားရုံးတွင် တရားစွဲသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ Thai Beverage ကုမ္ပဏီက နစ်နာကြေး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ တောင်းဆို ခဲ့သော်လည်း တရားရုံး ဆုံးဖြတ်ချက်အရ Carlsberg ကုမ္ပဏီ က နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကို Thai Beverage သို့ ပေးခဲ့ရသည်။

ထိုင်းနိုင်ငံ ဘီယာလုပ်ငန်း၊ ဘီယာဈေးကွက်နှင့် ၈ နှစ်ကြာ အလှမ်းဝေးခဲ့သည့် Carlsberg ကုမ္ပဏီသည် ထိုင်းနိုင်ငံ၌ လုပ်ငန်းများ လုပ်ကိုင်ရန် Thai Beverage ကုမ္ပဏီ၏ ပြိုင်ဖက် Singha Corporation နှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံသို့ ဒုတိယ အကြိမ်ပြန် ဝင်လာခဲ့သည်။ ယခုအခါ Thai Beverage နှင့် Carlsberg တို့သည် မြန်မာဈေးကွက်တွင် ယှဉ်ပြိုင်သူ ၂ ဦးဖြစ်နေပြီး ဘန်ကောက် အခြေစိုက် Singa Corporation ကလည်း ဘီယာများကို မြန်မာ့ဈေးကွက်တွင် ရောင်းချရန် စီစဉ်လျှက် ရှိသည်။

“မြန်မာနိုင်ငံဟာ ဘီယာရောင်းချဖို့ အသစ်စက်စက် ဈေးကွက်ပါ၊ တဦးချင်း သောက်သုံးမှု ပမာဏကလည်း နည်းပါတယ်၊ ထိုင်းတို့၊ ဗီယက်နမ်တို့ သောက်သုံးတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုပါဘူး။ မြန်မာတွေက ငွေပိုငွေလျှံ သိပ်မသုံးနိုင်ဘူး။ ဒီတော့ ဈေးကွက် ဝေစုရဖို့  ကိုယ့်ပြိုင်ဘက်ကို ဈေးကွက်ထဲကနေ အပြတ်ရှင်းနိုင်၊ အထူးသဖြင့် ဘီယာကို ဘယ်ဈေးနှုန်းနဲ့ ရောင်းမယ်ဆိုတဲ့ စစ်ပွဲလိုမျိုး အင်မတန်ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ယှဉ်ပြိုင်ကြ ရမှာပါ” ဟု အမည်မဖော်လိုသူ စင်ကာပူ လုပ်ငန်းရှင် တဦးက ယခုသီတင်းပတ်၌ ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။

Carlsberg ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် အဆက်အစပ်ရှိသော Myanmar Golden Star အဖျော်ယမကာ ကုမ္ပဏီ နှင့် ပူးပေါင်းနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။ ဤ ဒိန်းမတ် ကုမ္ပဏီကြီးသည် Golden Star ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ရန် လွန်ခဲ့သော ၁၅ နှစ်ကတည်းက ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း ဥရောပတိုက်ရှိ လူ့အခွင့်အရေး အဖွဲ့များက Golden Star ကုမ္ပဏီ၏ မြန်မာစစ်တပ်နှင့် ဆက်သွယ်မှုကို မီးမောင်း ထိုးပြခဲ့သဖြင့် ဆက်သွယ်မှု ရပ်တန့်သွားခဲ့သည်။

Carsberg ကုမ္ပဏီက ၎င်းတို့၏ စပ်တူ လုပ်ငန်းသစ်သည် မြန်မာနိုင်ငံ၌ ၎င်းတို့၏ ဘီယာများ ရောင်းချရန် ကနဦး အစပျိုးသည့် လုပ်ငန်းဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ဘီယာစက်ရုံအသစ် တရုံ ဆောက်လုပ်ရန် အစီအစဉ်ရှိသည် ဟု ဆိုသည်။

Thai Bev ဟုလည်း ခေါ်ဆိုကြသည့် Thai Beverage ကုမ္ပဏီကို အာရှတိုက်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းတွင် ပါဝင်သူ မစ္စတာ Charoen Sirivadhanabhakdi က ပိုင်ဆိုင်သည်။ မစ္စတာ Charoen သည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကျော် ချမ်းသာသည်ဟု ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးတွင် ဖော်ပြ ထားသည်။ စင်ကာပူ အခြေစိုက် အချိုရည် ကုမ္ပဏီ Fraser and Neave မှ တဆင့် ခြေကုပ်ယူကာ ၎င်း၏ လုပ်ငန်းများကို မြန်မာနိုင်ငံ၌ မစ္စတာ ချာရူအန်က လုပ်ကိုင်နိုင်ခဲ့သည်။ ၎င်းလုပ်ကိုင်ခဲ့သော လုပ်ငန်းများတွင် မြန်မာဘီယာ လုပ်ငန်းလည်း ပါဝင်သည်။

မြန်မာဘီယာ လုပ်ငန်း၏ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို မစ္စတာ ချာရူအန်၏ Thai Beverage ကုမ္ပဏီက ပိုင်ဆိုင်ပြီး  ကျန်ရှယ်ယာများကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က  ပိုင်ဆိုင်သည်။

မြန်မာ့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် တဦးချင်း ဘီယာသောက်သုံးမှု ပမာဏမှာ တနှစ်လျှင် ၂၅ လီတာ ရှိနေပြီး ဗီယက်နမ်တွင် လီတာ ၃၀ ရှိနေချိန် မြန်မာတို့၏ ဘီယာသောက်သုံးမှုမှာ လူတဦးလျှင် တနှစ် ဘီယာ ၄ လီတာ အောက်သာ သောက်သုံးပြီး  ၄ လီတာ ဆိုသည်မှာ  ဘီယာပုလင်းငယ် ၁၀ ပုလင်း ခန့်သာ ရှိသည်ဟု ဆိုသည်။ ပြည်တွင်းထုတ် ဘီယာများမှာလည်း ဝင်ငွေ လစာနည်းပါးသော ပြည်သူများ အလှမ်းမမီ သောက်သုံးနိုင်ခြင်း မရှိဘဲ  လူကုံထံများအတွက်သာ ဇိမ်ခံအစားအသောက် ဖြစ်နေဆဲပင်။

“ဘီယာကုမ္ပဏီကြီး ၂ ခုက မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးတက်အောင် အကူအညီ ပေးမယ့်အပြင်  ဝင်ငွေနည်းတဲ့ သူတွေပါ နေ့တိုင်းဝယ်ယူ သောက်သုံးနိုင်ပါလိမ့်မယ်။ လုပ်ငန်းအောင်မြင်မှု အလားအလာ ကြီးမားပါတယ်၊ ဒါပေမယ့် စွန့်စားရမယ့် အလုပ်တခု ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ ၂ ခုရဲ့ ဈေးကွက်လုတဲ့ ပွဲဖြစ်နေလို့ပါ။ နောက်တခုက သိပ် မကြာမီ ကာလအတွင်းမှာ ပစ္စည်း လက်လီဈေးကို လျော့ချပေးပြီး အမြတ်ကို ခပ်ပါးပါးလေးပဲ ယူရမှာမို့ပါ” ဟု စင်ကာပူလုပ်ငန်းရှင် က ပြောဆိုသည်။

Thai Beverage က  ထိုင်းဈေးကွက်သည် တိုးချဲ့ရန် မဖြစ်နိုင်တော့ သဖြင့် နိုင်ငံရပ်ခြားသို့ ချဲ့ထွင်ရန် လိုအပ်လာသည်။ လူဦးရေနည်းသည့် လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ လုပ်ငန်းတိုးချဲ့မည်ဆိုပါက အလားအလာ အလွန်နည်းပြီး မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများသည်လည်း ဘာသာရေးအရ အရက်သေစာများကို ပိတ်ပင်ထားသည့် အတွက် လုပ်ငန်းတိုးချဲ့ရန် မဖြစ်နိုင်တော့ပေ။

ဘီယာကုမ္ပဏီကြီး ၂ ခု မြန်မာနိုင်ငံသို့ ရောက်ရှိမှုသည် နိမ့်ကျနေသည့် မြန်မာ့အားကစား ကဏ္ဍတိုးတက်ရန် အတွက်လည်း ငွေကြေး အထောက်အပံ့များ ရရှိနိုင်သည်။ Carlsberg နှင့် Thai Beverage ကုမ္ပဏီ ၂ ခုလုံးသည် ကမ္ဘာကျော် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံး အသင်းများကို အဓိက ကူညီပံ့ပိုးနေသော စပွန်ဆာ ကုမ္ပဏီကြီးများဖြစ်သည်။

နာမည်ကျော် အင်္ဂလိပ် ပရီးမီးယားလိဂ်မှ လီဗာပူးအသင်း အားကစားသမားများ၏ ရှပ်အကျႌပေါ်တွင် စပွန်ဆာ Carlsberg ဘီယာကုမ္ပဏီ၏ အမှတ်တံဆိပ် Logo က နှစ်ပေါင်းများစွာ နေရာယူခဲ့ပြီး ယခုအခါ Carlsberg ဘီယာက အာဆင်နယ် အသင်းကို ပြောင်းရွှေ့ စပွန်ဆာပေးလျက်ရှိသည်။ Chang ဘီယာတံဆိပ်က အဲဗာတန်ဘောလုံး အသင်း၏ စပွန်ဆာအဖြစ် ရပ်တည်နေသည်။

“Fraser & Neave နဲ့  မစ္စတာ ချာရူအန်ရဲ့ Thai Beverage ပေါင်းစည်း လိုက်တာဟာ ဒေသတွင်းမှာ စွမ်းရည်ရှိတဲ့ ဘက်စုံတော် တဲ့ အားကစား သမားတွေ ပေါ်ထွက်လာအောင် ဖန်တီးလိုက်တာပဲ” ဟု လန်ဒန်အခြေစိုက် စားသုံးသူဈေးကွက် လေ့လာ ဆန်းစစ်သည့် ကုမ္ပဏီ ယူရိုမော်နီတာ အင်တာနေရှင်နယ်၏ အဖျော်ယမကာ သုတေသနဌာန အကြီးအကဲ Michael Schaefer ကပြောဆိုသည်။

Fraser & Neave ကုမ္ပဏီ၏  100 Plus အားဖြည့် အချိုရည်သည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော အရှေ့တောင် အာရှဈေးကွက်တွင် Thai Beverage ၏ အောင်မြင်သော ရလဒ်တခု ဖြစ်စေခဲ့သည်။ F & N ကုမ္ပဏီက မြန်မာဘီယာ လုပ်ငန်း၏ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်နေခြင်းက မြန်မာ့ဈေးကွက် အတွင်းသို့ ဝင်ရောက်ရန် အခွင့် အလမ်းတခုဖြစ်စေသည်။ ထို့အပြင် အနာဂတ်ဘီယာများ ဖြန့်ချိရောင်းချရေးအတွက်လည်း အလားအလာကောင်းများ ရရှိထားခြင်း ဖြစ်သည်။

Carlsberg ကုမ္ပဏီသည် ဘီယာအဓိက ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော်လည်း Thai Beverage ကုမ္ပဏီသည် ထိုင်းနိုင်ငံ တွင် အခြေစိုက်ကာ ဈေးပေါသော ဝီစကီနှင့် အရက်ဖြူများကို ထုတ်လုပ်သည်။ ထိုအရက်များသည် ဆင်းရဲသား ထိုင်းနိုင်ငံသားများ အကြား ရေပန်းစားလျှက် ရှိသည်။ မစ္စတာချာရူအန်သည် Chang ဟုခေါ်တွင်သည့် ဘီယာအသစ် တမျိုးကို တီထွင်ထုတ်လုပ်ပြီး ထိုင်းဈေးကွက်တွင် လွှမ်းမိုးအောင်မြင်ထားသည့် Singha ကော်ပိုရေးရှင်းကို ဝင်ရောက် တိုက်ခိုက်သည်။

Singha ဘီယာ ကော်ပိုရေးရှင်းကလည်း  မြန်မာနိုင်ငံတွင် ဘီယာရောင်းရန် ပြင်ဆင်နေပြီး  မြန်မာနိုင်ငံတွင် ဘီယာ ထုတ်လုပ် ရောင်းချသည့် ကဏ္ဍသစ်တရပ် ဖွင့်လှစ်ရန် ယမန်နှစ် မေလက အဆိုပြုတင်ပြခဲ့သည်။ ယင်းတင်ပြချက်က Carlsberg နှင့် Thai Beverage ဘီယာ ကုမ္ပဏီတို့ကို တပ်လှန့်လိုက်သကဲ့သို့ မြန်မာ့ဈေးကွက်ကို စိတ်ဝင်စားမှုများ ဖြစ်စေခဲ့သည်။ Singha ကုမ္ပဏီက တရုတ်ပြည် တောင်ပိုင်းဈေးကွက်သို့ အဓိက တင်ပို့ရောင်းချမည့် ဘီယာချက်စက်ရုံတရုံကို မန္တလေးမြို့တွင် တည်ဆောက်ရန် ကြံစည်နေသည်။

မြန်မာနိုင်ငံ၌ ဘီယာစက်ရုံသစ် ၂ ရုံ၊ သို့မဟုတ် ၃ ရုံ ရှိလာမည်ဖြစ်သော်လည်း  အမြှုပ်ထနေသည့် ပယင်းရောင် ဘီယာချိုချို အမြောက်အများ မြန်မာ့ ဈေးကွက်တွင် ရောင်းချမှုများ တွေ့မြင်ကြရပေဦးမည်…။     ။

(Beer Wars in Burma as Rival Brewers Battle for New Market by William Boot ကို ဆီလျော်အောင် မောင်တင်ယု ပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading