အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF(International Monetary Fund) ၏ အကြံပေးချက်အရ ဘဏ်ချေးငွေ အတိုးနှုန်းများကို လျှော့ချသွားရန် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ ညိနှိုင်း ဆွေးနွေးလျက်ရှိသော်လည်း ယခုထိ မဆုံးဖြတ်နိုင်ဖြစ်နေရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဖွဲ့စည်းပေးထားသော အတိုးနှုန်းညှိနှိုင်းရေး ကော်မတီ၏ နောက်ဆုံး အစည်းအဝေးကို မတ်လ ၁၅ ရက်နေ့တွင် စီစဉ်ထားခဲ့သော်လည်း ဗဟိုဘဏ်မှ ရှေ့ဆက် ဆောင်ရွက်ရန် အဆင်သင့် မဖြစ်သေး၍ အစည်းအဝေးကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း ဘဏ်လုပ်ငန်းရှင် များထံမှ သိရသည်။
အဆိုပါ အစည်းအဝေးမှာ ဘဏ်လုပ်ငန်း ကဏ္ဍတွင် လုပ်ငန်းသစ်များ၊ ပေါ်လစီသစ်များ မချမှတ်မီ အကြိုဆွေးနွေးညိနှိုင်းသည့် ကော်မတီ၏ အစည်းအဝေး ဖြစ်ပြီး လက်တွေ့ကျင့်သုံးမည့် မူဝါဒကို အပြန်ပြန် အလှန်လှန် ဆွေးနွေးလေ့ရှိသည်။
မြန်မာနိုင်ငံတွင် ၁၉၉၈-၉၉ ခု ဘဏ္ဍာနှစ်တွင် ချေးငွေမှ ကောက်သည့် အတိုးမှာ တနှစ်လျှင်၂၁ ရာခိုင်နှုန်း၊ ၁၉၉၉-၂၀၀၀ တွင် ၁၇ ရာခိုင်နှုန်း၊၂၀၀၀-၀၁ တွင် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ၂၉ ရက် မတ်လ ၂၀၀၀ ခု ရက်စွဲပါ ညွှန်ကြားလွှာ အမှတ် ၅/၂၀၀၀ အရ စက်မှုံဇုံချေးငွေနှင့် စီမံကိန်းဝင် စိုက်ပျိုးရေး ချေးငွေများကို ၁ ရက် ဧပြီလ ၂၀၀၀ ခု မှစ၍ တနှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ကောက်ခံနေကြောင်း သိရသည်။
ယခုအခါ လက်ရှိ ကောက်ခံနေသည့် ၁၃ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအောက် ကောက်ခံရန် တိုင်ပင်နေခြင်းဖြစ်ကြောင်း သိရသည်။ ဘဏ်များတွင် ယခုအခါ အပ်ငွေအပေါ် အတိုး ၈ ရာခိုင်နှုန်း၊ ချေးငွေ အတိုး ၁၃ ရာခိုင်နှုန်း ကောက်ခံသောကြောင့် အာဆီယံဒေသတွင်းတွင် အတိုးနှုန်း အများဆုံး ဖြစ်လျက်ရှိသည်။ ထို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရန် အတိုးနှုန်းကို လျှော့ရမည်ဟု IMF(International Monetary Fund) က ထောက်ပြထားသည်။
ဘဏ် ချေးငွေ တိုးနှုန်း လျော့ချပါက ချေးယူသူများပြားလာပြီး ဘဏ်၏ ငွေကြေးလည်ပတ်မှု ထိခိုက်နိုင်ပြီး ဘဏ်အများစုမှာလည်း ဘဏ်ကြီးထွားလာရေးအတွက် ရရှိသောအကျိုးအမြတ်ကို ဘဏ်ထဲသို့သာ ပြန်လည်ထည့်ဝင်နေရဆဲ ဖြစ်သောကြောင့် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေရနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
လက်ရှိ ငွေကြေးလဲလှယ်မှု ဒေါ်လာဈေးမှာ ၈၀၀ ကျော်ရှိပြီး ယခင်ဖေဖော်ဝါရီလထက် အနည်းငယ် မြင့်တက်လျက်ရှိရာ အကယ်၍ ဘဏ်ချေးငွေ အတိုးလျော့ချပါက ဘဏ်တွင် ငွေအပ်သူရှားပါးလာနိုင်ပြီး ချေးယူသူသာ များပြားလာကာ အခက်အခဲ ဖြစ်လာနိုင်သော်လည်း ငွေကြေး ဖောင်းပွမှု ၆ ရာခိုင်နှုန်းသာ ရှိသောကြောင့် စိုးရိမ်စရာ ကြီးကြီးမားမား မရှိနိုင်ကြောင်း၊ လက်ရှိတွင် အပ်ငွေပမာဏများသည့်အတွက် ပုဂ္ဂလိကဘဏ်များမှာ အစိုးရငွေတိုက် စာချုပ်များ ဝယ်ယူနေရလျက်ရှိရာ အစိုးရမှပေးသော အတိုးနှုန်းမှာ နည်းသောကြောင့် အခက်အခဲဖြစ်နေရကြောင်းလည်း စီးပွားရေးလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ လေ့လာသူ ဦးစည်သူအောင်မြင့်က သုံးသပ်သည်။
ဗဟိုဘဏ် တရားဝင် ထုတ်ပြန်သည့်စာရင်းဇယားအရ လက်ရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံငွေ ကျပ် ၆ ထရီလီယံ ရှိပြီး ၊အစိုးရဘဏ်များတွင် အပ်ငွေ ၃ ထရီလီယံ ရှိသည်။ ချေးငွေ အတိုင်းအတာအရ ပုဂ္ဂလိက ဘဏ်များတွင် ၃.၁ ထရီလီယံရှိပြီး နိုင်ငံပိုင် ဘဏ်များတွင် ၁.၃ ထရီလီ ယံရှိကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိသျှတို့၏ ဂဏန်းသချာၤအရေအတွက်အရ ၁ ထရီလီယံသည် ဘီလီယံ တစ်ထောင်နှင့် ညီမျှပြီး ဂဏန်းအနောက်တွင် သုည ၁၂ လုံးရှိသည်။