မြန်မာနိုင်ငံကို အိန္ဒိယ သမုဒ္ဒရာသို့ ထွက်မည့် ကုန်သွယ်ရေး တံခါးပေါက်အဖြစ် အသုံးပြုလိုသော ထိုင်းနိုင်ငံ၏ စိတ်ကူးမှာ ပျက်ပြယ်မည့် အခြေအနေနှင့် တွေ့ကြုံနေရသည်။ ဂျပန်လူမျိုး ရင်းနှီး မြှုပ်နှံသူများက စိတ်ဝင်စားမှု နည်းပါးခြင်း၊ မြန်မာနှင့် တရုတ်နိုင်ငံများက ရင်းနှီး မြှုပ်နံှမှုများသာ ပိုမိုပြုလုပ်လာခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက် တနင်္သာရီ ကမ်းရိုးတန်းတွင် တည်ဆောက်မည့် ဤစီမံကိန်းသို့ ဂျပန်တို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု နှောင့်နှေးနေခြင်းနှင့် ပတ်သက်ပြီး ထိုင်းအစိုးရက အပြစ်တင်လျက် ရှိသည်။ အမေရိကန်ဒေါ်လာ ဘီလျံ များစွာ ကုန်ကျမည့် ဤစီမံကိန်း ကြီးကို အီတာလျံ-ထိုင်း ဖွံ့ဖြိုးမှု ကုမ္ပဏီ (ITD) က ၂၀၀၈ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည်။ ဤသို့ ဆောင်ရွက်ခဲ့ သော်လည်း လုပ်ငန်းများမှာ ရှေ့မတိုး နောက်မဆုတ် အခြေအနေ၌သာ ရှိနေသဖြင့် စီမံကိန်းကို ဆက်လက် ဆောင်ရွက်နိုင်ရန် ထိုင်းအစိုးရက နိုင်ငံတကာ ကုမ္ပဏီများကို ပြီးခဲ့သည့် စက်တင်ဘာလတွင် အကူအညီ တောင်းခံခဲ့သည်။
ရန်ကုန်မြို့ထက် ဘန်ကောက်မြို့ နှင့် ကီလိုမီတာ ၃၀၀ ပိုနီးသည့် ထားဝယ်စီမံကိန်းကို မြန်မာအစိုးရ အနေဖြင့် စိတ်ဝင်စားမှု နည်းပါး သွေးအေးသွားပြီဟု ဆိုရပါမည်။ ထို့အပြင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ထားဝယ် စီမံကိန်း၌ ITD က တည်ဆောက်မည့် ကျောက်မီးသွေးသုံး ၄၀၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မှု ကိုလည်း မြန်မာအစိုးရက အတည်ပြုခွင့်ပြုချက် မပေးဘဲ ငြင်းဆိုခဲ့သည်။
တရုတ်အစိုးရကလည်း ဘင်္ဂလား ပင်လယ်အော် ရွှေသဘာ၀ လုပ်ကွက်မှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို တင်ပို့နိုင်ရန် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ပင်လယ်ဆိပ်ကမ်း ကျောက်ဖြူမြို့တွင် ရေနံတင်ပို့မည့် ဆိပ်ကမ်းကြီးတခု တည်ဆောက်ခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့နိုင်ရန် ဖောက်လုပ်နေသည့် ကျောက်ဖြူ-ယူနန် ပိုက်လိုင်း စီမံကိန်းမှာ ပြီးစီးနေပြီ ဖြစ်သည်။ ထို့အပြင် တရုတ်အစိုးရသည် ကျောက်ဖြူ-ယူနန် အမြန်ရထားလမ်း တခုကိုလည်း ဖောက်လုပ်နေသည်။ တရုတ်တို့ သည် ၎င်းတို့၏ ပို့ကုန်များကို ယူနန်ပြည်နယ်မှ တဆင့် ကမ္ဘာ အရပ်ရပ်သို့ ဤရထားလမ်းကို အသုံးပြု၍ တင်ပို့ရန်စီစဉ်ထား၏။ မြန်မာ အစိုးရကလည်း ဤရထားလမ်းကို အမှီသဟဲပြု၍ နိုင်ငံဖွံ့ဖြိုးရန် ရည်ရွယ်ထားသည်။
ထို့အပြင် စီးပွားရေးဇုန်တခု တည်ထောင်ပြီး နိုင်ငံတကာမှ လုပ်ငန်းရှင်များကို ဆွဲဆောင်မည်၊ ကျောက်ဖြူဆိပ်ကမ်းကို အဓိကပို့ကုန် သွင်းကုန်ဆိပ်ကမ်းအဖြစ် တည်ထောင်၍ မြန်မာ လူမျိုးများ အလုပ်အကိုင် အခွင့်အလမ်း ထောင်ပေါင်းများစွာ ရရှိစေရန် မြန်မာအစိုးရက ရည်ရွယ်ထားသည်ဟု သိရပါသည်။
ကျောက်ဖြူမြို့သည် ရန်ကုန်မြို့နှင့် မနီးသော်လည်း နေပြည်တော်နှင့် ၂၅၀ ကီလိုမီတာသာ ကွာဝေးသည်။ ဧရာဝတီမြစ် အလယ်ပိုင်းရှိ မန္တလေးမြို့ အပါအဝင် မြန်မာပြည်အလယ်ပိုင်း မြို့များနှင့်လည်း မဝေးပါ။
“ထားဝယ်စီမံကိန်းရဲ့ အဓိက ပြဿနာက စီမံကိန်းရဲ့ အကျိုးအမြတ် အဆီအနှစ်တွေကို ဘန်ကောက်ကပဲ ရဖို့ လုပ်တာမို့ပါ” ဟု ဒေသဆိုင်ရာ စွမ်းအင်လုပ်ငန်းများ၏ အကြံပေးပညာရှင်၊ အကဲဖြတ်သုံးသပ်သူ ကောလင်းရေးနိုး (Collin Reynolds) က ဧရာဝတီ သတင်းဌာနသို့ ယခုလ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။
တရုတ် နိုင်ငံသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ရေနံတင်ပို့သည့် ဆိပ်ကမ်းအဖြစ် အောင်မြင်စွာ တည်ဆောက်နိုင်သကဲ့သို့ ထိုင်းနိုင်ငံသည်လည်း ထားဝယ်ဆိပ်ကမ်းကို ရေနံစိမ်း တင်ပို့နိုင်သည့် ဆိပ်ကမ်းအဖြစ် အသုံးပြုလို၏။
ထို့ပြင် ထိုင်းနိုင်ငံသည် ဘန်ကောက်မြို့တော်အား သဘာ၀ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်စေရန် ၎င်းတို့၏ ရေနံဓာတု လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်သည့် ဒေသအဖြစ် ထားဝယ်ဒေသကို သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မတ်တာဖွတ် (Map Ta Phut) ရေနံဓာတုစက်မှု နယ်မြေတွင် ဂျပန်တို့၏ လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခွင့် မပြုရန် ကန့်သတ်ထား၏။ ထို့ကြောင့် ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထားဝယ်စီမံကိန်းတွင် သွားရောက်မြှုပ်နှံရန် ထောက်ခံ အားပေးကြသည်။ ဂျပန်တို့ကမူ ရန်ကုန်မြို့နှင့် အနီးတဝိုက်၊ ရန်ကုန်ဆိပ်ကမ်းနှင့် အနီးတဝိုက်တွင် စီးပွားရေး ဇုန်သစ်များ တည်ထောင်၍ စက်မှုလုပ်ငန်းကြီးများ လုပ်ကိုင်ပါက ပိုမိုအကျိုး ဖြစ်ထွန်းမည် ဟု ထင်မြင်ကြသည်။
နေပြည်တော်တွင် ရုံးထိုင်သည့် မြန်မာအစိုးရသည် ထားဝယ် စီမံကိန်းတွင် တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ဝန်ကြီးချုပ် မစ္စယင်လတ် ရှင်နာဝပ် ဦးဆောင်သည့် ထိုင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့်မူ သိမ်သိမ် မွေ့မွေ့ ဆွေးနွေးသည်။ တရုတ်တို့၏ ကျောက်ဖြူ တိုးတက်ဖွံ့ဖြိုးရေး အေဂျင်စီနှင့် ဆွေးနွေးညှိနှိုင်းနိုင်ရန်လည်း ဦးမြင့်သိန်းကို ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည်။
မြန်မာနိုင်ငံ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့ကို ဆက်သွယ်သည့် ရထားလမ်းနှင့် အဝေးပြေး လမ်းမကြီး ဖောက်လုပ်နိုင်ရန် ခွင့်ပြုသည့် သဘောတူ စာချုပ်ကို မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ လက်မှတ် ရေးထိုး စာချုပ်ချုပ်ဆို နိုင်ခဲ့သည်။
အရှည် ကီလိုမီတာ ၁၂၀၀ ရှိသည့် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို မည်သည့်အချိန်၌ ဖောက်လုပ်မည်၊ မည်သို့ဖောက်လုပ်မည် စသည့် အချိန်ဇယား မထုတ်ပြန်သော်လည်း တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းက ဦးစီးဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းကို ဧပြီလတွင် လုပ်ငန်းစတင်မည်ဖြစ်ပြီး တချိန်တည်းမှာပင် ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် တည်ဆောက်နေ သည့် ရေနံပိုက်လိုင်း တည်ဆောက်ခြင်းကိုလည်း ယခုနှစ်တွင် အဆုံးသတ်နိုင်မည် ဟု သိရသည်။
ကျောက်ဖြူမြို့သည် မြန်မာ့ ကမ်းလွန်ပင်လယ်ပြင်မှ ထွက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့် ဒေသတခု အဖြစ် မျှော်လင့်ထားသည်။ ကျောက်ဖြူမြို့၏ တဖက်တချက် ကမ်းရိုးတန်းတွင် ထုတ်လုပ်ခြင်း မပြုရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၂၀ ရှိနေပြီး ၎င်းတို့ကို ယခုနှစ်အတွင်း၌ လေလံတင် ရောင်းချမည်ဟု သိရသည်။
ကျောက်ဖြူ စီးပွားရေးဇုန်သည် နိုင်ငံခြား ကုမ္ပဏီများ အတွက် အထူးရည်ရွယ် တည်ဆောက် ထားသည့် စီးပွားရေးဇုန် ဖြစ်သည်။ ဤဇုန် တွင် နိုင်ငံခြား ကုမ္ပဏီများက ရေနံဓာတု စက်ရုံများ တည်ဆောက်နိုင်သည်၊ လုပ်ငန်း လုပ်ကိုင်နိုင်သည်။ တရုတ်နိုင်ငံသည်လည်း ၎င်း၏ ပြည်ပ ပို့ကုန်များကို ဤ စက်မှုဇုန်ထဲတွင် ကြီးကြပ်စစ်ဆေးနိုင်ကြောင်း ရခိုင်ရေနံစောင့်ကြည့်ရေး အဖွဲ့ ဟု အမည်ပေး ထားသည့် NGO အဖွဲ့က ပြောဆိုသည်။ ထိုအဖွဲ့သည် သဘာဝပတ်ဝန်းကျင် ရေးရာ၊ လူ့အခွင့်အရေး၊ မြေယာသိမ်းဆည်းခံရခြင်း စသည့် ကိစ္စရပ်များတွင် ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တခု ဖြစ်သည်။
အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ဥပဒေတရပ်ကို စစ်အစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုဥပဒေမှာ ယခုတိုင် အာဏာတည်လျက်ရှိကြောင်း၊ ထိုဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများ ခံစားရမည့် အခွင့်အရေးများ၊ မြေယာအသုံးပြုခြင်း၊ ငွေကြေး ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် အလုပ်သမားရေးရာ ကိစ္စများ ပါဝင်ကြောင်း ယင်း NGO က ပြောသည်။
အစိုးရအနေနဲ့ ကျောက်ဖြူ စီးပွားရေးဇုန် တည်ဆောက်မှု အပြီးမသတ်မီ ဖွံ့ဖြိုးမှု၏ အခြားတဖက်က ဖြစ်လာမည့် လူမှုစီးပွား အခြေအနေများကို ဒေသခံများနှင့် ဆွေးနွေး အကြံဉာဏ် ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ထိုင်းနှင့် မြန်မာ ပူးတွဲကျင်းပသည့် ထားဝယ် အထူးစီးပွားရေးဇုန် ညှိနှိုင်း ဆွေးနွေးပွဲတွင်လည်း သဘာပတိ ထိုင်းပို့ဆောင်ရေး ဝန်ကြီး မစ္စတာ ချက်ချတ်ဆစ်တီပွတ် (Mr. Chadchat Sittipunt) က ထားဝယ်စီးပွားရေးဇုန် စီမံကိန်း ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ ကြိုတင် စဉ်းစား ကာကွယ်ရမည့် အရေးကြီး ပြဿနာရပ်များ ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုသည်။
ဂျပန်နိုင်ငံက ထားဝယ် စီးပွားရေးဇုန်နှင့် ပတ်သက်၍ ခိုင်မာသည့် ဆုံးဖြတ်ချက်တခု မချမချင်း ပြဿနာရပ်များကို ထိုင်းတို့ ဖြေရှင်းရန် တနှစ်ခန့် ကြာနိုင်သည်။
“ထိုင်း ပို့ဆောင်ရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး မူဝါဒရေးရာများနှင့် အစီအစဉ် ရုံးက ဘက်စုံပါဝင်တဲ့ ရှေ့ပြေးလေ့လာမှုများကို လုပ်မယ်လို့ ထုတ်ပြန်ထားနေချိန်မှာပဲ ITD က တင်ပြတဲ့ ဆိပ်ကမ်းရဲ့ တည်နေရာနဲ့ အခြေခံအဆောက်အဦ တည်ဆောက်ရေး အသေးစိတ်တွေကို ဂျပန်တွေက သဘောမတူနိုင် ဖြစ်နေတယ်” ဟု ဟောင်ကောင် Inside Investor အဖွဲ့က သုံးသပ်သည်။ ယင်း အဖွဲသည် အာရှတဝှမ်းရှိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကြံပေး အဖွဲ့တခုဖြစ်သည်။
ထားဝယ်ဒေသကို အထူးစီးပွားရေးဇုန် အဖြစ် တည်ဆောက်နိုင်ခြင်း မရှိသဖြင့် ထားဝယ်ဒေသသည် နဂိုရှိရင်းစွဲ ဆိတ်ငြိမ်သည့် ပင်လယ် ကမ်းခြေ အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည့်တိုင် ထိုင်းတို့သည် တရုတ်နိုင်ငံ ကြိုးစားအားထုတ် သကဲ့သို့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲ အိန္ဒိယသမုဒ္ဒရာသို့ ထွက်နိုင်သည့် တံခါးပေါက်အဖြစ် လုံခြုံ စိတ်ချရသော လမ်းကြောင်းကို ရှာဖွေမည်ဖြစ်သည်။
ထိုင်းနိုင်ငံအတွက် ထားဝယ်ကဲ့သို့ လက်မဝင်ရဘဲ အဆင်ပြေလွယ်ကူသော မလေးရှားနိုင်ငံအနီး အန်ဒမန်ပင်လယ်ထဲမှ လန်ကာဝီကျွန်း အနီးရှိ ထိုင်းနိုင်ငံ တောင်ဘက်စွန်း ပက်ဘာရာ (Pak bara) ဆိပ်ကမ်းမှ ထိုင်း ပင်လယ်ကွေ့အတွင်းရှိ ဆောင်ခလ ဆိပ်ကမ်းသို့ ဖြတ်သန်းဖောက်လုပ်ပါက ကီလိုမီတာ ၁၀၀ သာ ရှည်သဖြင့် ရေနံပိုက်လိုင်း တည်ဆောက်ရန် သင့်တော်သည့် နေရာဟု ဆိုရပါမည်။
(Thailand Losing out to China in Battle of the Burma Ports ကို တင်မောင်ယု ဆီလျော်အောင် ဘာသာပြန်သည်)