နိုင်ငံခြား ဘဏ်များနှင့် ပြည်တွင်း နိုင်ငံသားပိုင် ပုဂ္ဂလိဘဏ်များ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ငွေကြေးဆိုင်ရာ မူဝါဒကို ဧပြီ (သို့မဟုတ်) မေလတွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ရေးဆွဲနေတဲ့ မူက ဧပြီ (သို့) မေလောက်မှာ ထွက်လာနိုင်မယ်။ ဒီလိုထွက်လာပြီးရင်တော့ စတင်လက်ခံသွားမှာပါ။ အဲဒီမူကို ရေးဆွဲနေတုန်းမှာ လုပ်ချင်တဲ့သူတွေ ဘဏ်ချင်းချင်း တိုင်ပင်ထားလို့ရပါပြီ” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားစီမံခန့်ခွဲမှုဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
ထိုသို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲနေသည့် ငွေကြေးဆိုင်ရာ မူဝါဒကို ၂၀၁၂ နိုဝင်ဘာ ၃ ရက်နေ့နှင့် ၂၀၁၃ ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများပေါ်တွင် အခြေခံကာ ရေးဆွဲခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကလည်း ကူညီပေးနေကြောင်း သိရသည်။
ဖက်စပ်လုပ်ကိုင်လိုသည့် နိုင်ငံခြား ဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တို့က အချက်အလက်များကို သတ်မှတ်ပုံစံအတိုင်း ဗဟိုဘဏ်သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
“ဘဏ်နှစ်ခုစလုံး ငွေကြေးအင်အား ဘယ်လောက်ရှိသလဲ ဆိုတာကို ပြပေးရပါမယ်။ လုပ်ငန်းစမယ့် အစီအစဉ် ဘယ်လို လုပ်ငန်းတွေလုပ်ပြီး ဘယ်လို ဝန်ဆောင်မှုတွေ ပေးသွားမလဲ စတဲ့ အသေးစိတ် အချက်အလက်တွေ တင်ပြပေးရပါမယ်” ဟု အဆိုပါ အရာရှိက ပြောသည်။
ပြည်တွင်း၊ ပြည်ပ ပူပေါင်းလုပ်ဆောင်ရေးအတွက် ငွေကြေးဆိုင်ရာ မူဝါဒတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး နိုင်ငံခြားဘဏ်များ အနေဖြင့် မည်သည့် ပမာဏသာ လုပ်ပိုင်ခွင့်ရှိမည်၊ မည်သည့် ဧရိယာတွင် လုပ်ခွင့်ပေးမည်၊ မည်သည့် ဝန်ဆောင်မှုသာ ပေးရမည် စသည့် စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းရေးဆွဲနေကြောင်း သိရသည်။
နိုင်ငံခြားစီမံခန့်ခွဲမှုဌာနမှ အရာရှိက ဆက်လက်၍ “ပုဂ္ဂလိက ဘဏ်တွေပဲ လုပ်ဆောင်ခွင့် ပေးသွားဦးမှာပါ။ အစိုးရဘဏ်တွေကိုတော့ လက်ရှိ ခွင့်ပြုဦးမှာ မဟုတ်သေးပါဘူး။ လာပြီး လုပ်ဆောင်ဖို့ ကမ်းလှမ်းတဲ့ဘက်ကိုလည်း သေချာကြည့်ပြီးတော့မှ လက်ခံဖြစ်မယ်” ဟု ပြောသည်။
ပုဂ္ဂလိက ဘဏ်တချို့သည် စင်ကာပူ၊ ဂျပန် တို့ရှိ ဘဏ်များတွင် ငွေကြေးဆိုင်ရာ ပညာရပ်များ၊ ဘဏ်ဖွံ့ဖြိုးမှုဆိုင်ရာ ကျွမ်းကျင်မှု လုပ်ငန်းများကို လေ့လာလျက်ရှိသည်။ ထို့အတူ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ဖွဲ့စည်းမှုဆိုင်ရာ နည်းပညာများကို ကူညီပံ့ပိုးလျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားဘဏ်နှင့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များ ပူးပေါင်းလုပ်ဆောင်ခွင့်နှင့် ပတ်သက်၍ ဘဏ်အသိုင်းအဝိုင်းမှ တချို့က ကြိုဆိုလိုက်ပြီး ၂၀၁၅ မတိုင်မီ ထိုသို့ ထိုသို့ လုပ်ဆောင်ခွင့်ရရန် လိုအပ်ကြောင်းပြောဆိုကြပြီး တချို့ကမူ လက်ရှိ ကျင့်သုံးခွင့်ပြုမည့် ဖက်စပ်စနစ်ထက် ရှယ်ယာခွဲဝေစနစ်ဖြင့် ခွင့်ပြုမှသာ ပိုမို အဆင်ပြေနိုင်မည်ဟု သုံးသပ်သူများလည်း ရှိသည်။
မြန်မာ့စီးပွားရေးဘဏ်မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးသူရက “ဒီလိုလုပ်တဲ့အပေါ်မှာ ဗဟိုဘဏ်အနေနဲ့ သတ်မှတ်ပေးတဲ့အချက်တွေက အဓိကကျတယ်။ ဒီလို JV (အကျိုးတူ ပူးပေါင်း) လုပ်ရင် ကောင်းတာရှိသလို မကောင်းတာလည်း ရှိတယ်။ သူတို့ဘက်က ရေးဆွဲမှုမှာ လိုအပ်ချက်တွေရှိနေရင် လုပ်တဲ့ဘဏ်တွေ နစ်နာဖို့များတယ်။ ဒီကဘဏ်တွေက အတွေ့အကြုံပိုင်း အရရော၊ ငွေကြေးပိုင်းအရရော မယှဉ်နိုင်သေးဘူး။ JV က အလွယ်နည်းတခုပေါ့။ ရှယ်ယာစနစ်ကျတော့လည်း ကောင်းတာရှိသလို မကောင်းတာလည်း ရှိပါတယ်။ ရှယ်ယာခွဲစနစ်ကတော့ ပိုခိုင်မာတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ်ရုံးခွဲ စုစုပေါင်း ၂၈ ခုရှိကြောင်း၊ အာဆီယံနိုင်ငံများမှ ဘဏ်များ အများဆုံးဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။