မြန်မာ့ငွေကြေး နယ်ပယ်တွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်က အတုအစစ် ခွဲခြားနိုင်သည့် အချက်အလက်များကို ပြီးခဲ့သည့် စနေနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြလိုက်သည်။
ငွေစက္ကူအတုမှာ သာမန်စက္ကူဖြင့် ရိုက်နှိပ်ထားရာစာလုံး၊ ဆေးသား ကြည်လင်ပြတ်သားမှု မရှိခြင်း၊ စက္ကူသား ကျစ်လစ်သိပ်သည်းမှု မရှိသည့်အတွက် ရာသီဥတုနှင့် ရေစိုဒဏ် မခံနိုင်ခြင်း၊ နံပါတ်များမှာ နေရောင် အောက်တွင် နီရဲတောက်ပမှု မရှိခြင်း၊ ရေစာမှာလည်း အလင်းရောင်တွင် ထောင်ကြည့်ပါက ပေါ်လွင်ပြတ်သားမှု မရှိကြောင်း၊ လုံခြုံရေးကြိုးမှာလည်း စက္ကူတွင် ဒေါင်လိုက် ထည့်သွင်းထားခြင်း မရှိကြောင်း အတုအစစ်ခွဲခြားနည်းကို ရေးသားထားသည်။
စီးပွားရေးနယ်ပယ်၌ ငွေစက္ကူအတုများ ပျံ့နှံ့နေခြင်းကြောင့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ပင် တင်ပြဆွေးနွေးခဲ့ရသည် အထိ ဖြစ်ခဲ့ရပြီး သာမန် လူထုအနေဖြင့်လည်း အတုအစစ် ခွဲခြားနိုင်ရန် ခက်ခဲသည့်အတွက် အမှုအခင်းများ ဖြစ်ပွားရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
ရန်ကုန်မြို့ ဘုရင့်နောင် ပွဲရုံတန်းရှိ ဆန်လုပ်ငန်းရှင်တဦးက “ဘဏ်က ထုတ်လာတဲ့ပိုက်ဆံကို တန်းပြီးငွေချေတာက ပြဿနာ မဟုတ်ဘူး။ အပြင်ကလာတဲ့ပိုက်ဆံနဲ့ ဝယ်မိသည်ဖြစ်စေ၊ ရောင်းမိသည်ဖြစ်စေ အတုပါလာရင် ပြဿနာဖြစ်ပြီပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့်လအတွင်းကလည်း မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်း မြေကွက်အရောင်းအဝယ် ပြုလုပ်ရာမှ ရရှိသည့် ငွေကြေးများကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်အပ်နှံရာ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပါရှိလာသည်ဟု ဆိုကာ အရေးယူသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ငွေစက္ကူအတုအစစ် ခွဲခြားခြင်းမှာ ဘဏ်ဝန်ထမ်းများအတွက် မခဲယဉ်းသော်လည်း သာမန် ပြည်သူများ အနေဖြင့် ခွဲခြားနိုင်ရန် ခဲယဉ်းကြောင်း ဆိုသည်။
“ရိုးရိုးသားသား အပ်တာလား၊ ဖြန့်ချိတာလားဆိုတာ ကွဲပြားဖို့လိုတယ်။ ကျနော့် အတွေ့အကြုံအရ ဖြန့်တဲလူက ဘယ်တော့မှ ဘဏ်မအပ်ဘူး။ ဈေးကွက်ထဲမှာပဲ လည်ပတ်အောင် သုံးတယ်။ အဲဒီတော့ ရိုးရိုးသားသား အပ်တဲ့လူကိုတော့ ဥပဒေဆိုင်ရာ ခြွင်းချက်ရှိဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာပေါ်တွင် အများယုံကြည် လက်ခံသုံးစွဲနေသည့် အမေရိကန်ဒေါ်လာများပင် အတုထွက်ပေါ်တတ်ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အတုအစစ် ခွဲခြားမှုများကို ယခုထက် ပိုမိုပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းများ ပြုလုပ်သင့်ကြောင်း၊ ငွေစက္ကူအတု ပြုလုပ်သူများအနေဖြင့် ကျပ် ၁ သောင်းတန်နှင့် ကျပ် ၅ ထောင်များကိုသာ အများဆုံးပြုလုပ်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အနေဖြင့် အတွေ့အကြုံရှိသည့် ငွေရေတွက်သူများကို ခန့်ထားပြီး သေချာစစ်ဆေးရန် လိုကြောင်း ဦးသန်းလွင်က ဆက်ပြောသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင် ကျပ် ၅၀၀၀တန် အရေအတွက် တန်ဖိုး ကျပ် ၂၈၀၀ ဘီလီယံကျော် ထုတ်ဝေ ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ငွေစက္ကူအတုများ ဘဏ်များ၌ မလည်ပတ်စေရန် ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်နေကြောင်း၊ ပြင်ပ စီးပွားရေးလောကတွင်လည်း ငွေစက္ကူအတုများ လည်ပတ်နေနိုင်ရာ အတုအစစ်ခွဲခြားရန် ပညာပေးခြင်း၊ အမှုဖွင့် တိုင်ကြား အရေးယူခြင်းများ ဆောင်ရွက်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ လင်းအောင်က ပြီးခဲ့သည်လ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ပြောကြားခဲ့သည်။