စီးပွားရေး

အစိုးရသို့ပေးရသည့် အခွန်များပြားဟု စီးပွားရေး လုပ်ငန်းရှင်များ ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကုန်ပစ္စည်း ထုတ်လုပ်မှုအတွက် အစိုးရသို့ အခွန်အခ များစွာ ပေးသွင်းနေရသဖြင့် လာမည့် ၂၀၁၅ AFTA (Asean Free Trade Area) တွင် ဝင်ရောက်လာမည့် ပြည်ပလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲများစွာ ရှိနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ယမန်နေ့က ပြုလုပ်သည့် ဦးသူရရွှေမန်းနှင့် တွေ့ဆုံပွဲတွင် ပြောလိုက်သည်။

ယမန်နေ့က ဦးသူရရွှေမန်း တွေ့ဆုံပွဲတွင် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊ ကြံနှင့် ကြံထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ လုပ်ငန်းရှင်များ၊ စက်သုံးဆီ တင်ပို့ရောင်းချ လုပ်ငန်းရှင်များ၊ သစ်လုပ်ငန်းရှင်များ၊ စက်မှုဇုန် များမှ လုပ်ငန်းရှင်များ၊ ဟိုတယ် လုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းရှင်များ စသည့် ပြည်တွင်း လုပ်ငန်းရှင်များက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအတွက် လမ်းကြောတလျှောက်မှာ ပေးဆောင်နေရတဲ့ အခွန်တွေက အများကြီးရှိတယ်၊ ဒီစရိတ်တွေကိုသာ အစိုးရဘက်က လျှော့ချ ပေးနိုင်မယ်ဆိုရင် ကျနော်တို့ ခါးဆီး ခံနေရတဲ့ ပြဿနာတွေ လျော့သွား နိုင်တယ်” ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူက ဆိုသည်။

အဝေးပြေး ကုန်စည်ကားများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး စရိတ်ကြီးမြင့်နေသည့် အတွက် ပို့ဆောင်ရသည့် ကုန်စည် စရိတ် တိုးမြှင့် ကောက်ခံမှုအပေါ် ပြည်သူများဘက်မှ ဝေဖန်မှုများစွာ ရှိနေပြီး ကုန်ကျနေသည့် စရိတ်နှင့် ပြန်ရရှိသည့် စရိတ်မှာ မကာမိတော့ကြောင်း သိရသည်။ တချို့ ကားလုပ်ငန်းရှင်များကလည်း ပြည်တွင်းအခွန် အကောက် များစွာ ပေးချေနေရသည့် စရိတ် သက်သာစေနိုင်သည့် မြန်မာ တရုတ်နယ်စပ် ကြယ်ဂေါင်ဘက်တွင်သာ ကားအရောင်း ပြခန်းများ သွားရောက်ဖွင့်လှစ် ထားခြင်းရှိလာကြောင်း၊ ထို့ကြောင့် ပြည်တွင်းဝင်ငွေ ရရှိမှုအပေါ် ထိခိုက်မှုရှိလာနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

လာမည့် ၂၀၁၅ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် ဖြစ်လာလျင် လက်ရှိနှုန်းထားများ အတိုင်းသာ အခွန်ဆက်လက် ကောက်ခံမည်ဆိုပါက ပြည်တွင်းဝင်ရောက်လာမည့် နိုင်ငံခြားသား လုပ်ငန်း ရှင်များကို ယှဉ်ပြိုင်နိုင်မည့် အရေး စိုးရိမ်ဖွယ်ရှိ နေသည်ဟု စက်သုံးဆီ လုပ်ငန်းရှင်အသင်းမှ ပုဂ္ဂိုလ် တဦးကလည်း ယမန်နေ့ တွေ့ဆုံပွဲတွင် ပြောသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပြည်သူထဲမှာ ပါတယ်လို့ ပြောပါရစေ၊ မြန်မာနိုင်ငံမှာက အခွန်ထမ်းနေတဲ့ သူက အခွန်တွေ ပေးရတာ များနေသလောက် ၇၀ ရာခိုင်နှုန်းလောက်က အခွန်ရှောင်တာတွေဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ရွှေလင်ပန်း စက်မှုဇုန်တွင်လည်း ၂၄ နာရီ မီး မရရှိတော့သဖြင့် စက်ရုံများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်လာကြောင်း၊ စက်ရုံဈေး၊ မြေဈေးများလည်း ကြီးလာကြောင်း၊ ထို့ကြောင့် ၂၀၁၅ AFTA (Asean Free Trade Area) တွင် နိုင်ငံခြား လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်မည် ဆိုပါက သမဝါယမ စနစ် ဖြစ်သင့်ကြောင်း ဇုန်တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များက လမ်းတံတားခွန်များ၊ ရေ၊ မီတာ စသည့် ကုန်ကျစရိတ် များပြားလာသဖြင့် အစိုးရ ဘက်က အခွန်ကိစ္စအပေါ် ကူညီဆောင်ရွက်ပေးဖို့ လိုအပ်လာကြောင်း၊ လက်ရှိတွင် လျှော့ချပေးထားသော အခွန်စရိတ်များ သည် ကုန်ကျစရိတ်အပေါ် အကျိုးသက်ရောက်မှုမရှိဘဲ ထုတ်လုပ်မှုစရိတ်များသာ ပိုမိုမြင့်တက်လာသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း၊ တချို့ လုပ်ငန်းများတွင် ငွေရင်း ပြန်မဆပ်နိုင်ခြင်းကြောင့် ထုတ်လုပ်မှုများ ဆက်လက်မလုပ်နိုင်တော့ ကြောင်း သုံးသပ်ကြသည်။

လုပ်ငန်းရှင်များ၏ အခွန်ကောက်ခံမှုများ လျှော့ချ ပေးရန် တောင်းဆိုချက်များအပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရ ရွှေမန်းက “ကျနော်တို့ လွှတ်တော်ကို တင်ပြတဲ့ တင်ပြချက်တွေက လေထဲမှာတင် ပျောက်မသွားစေရဘူးလို့ ကတိပေးတယ်၊ လုံးဝ ရပ်မသွားစေရဘူး၊ အကောင်အထည်ဖော်ပေးမယ် အချိန်တခုတော့ စောင့်ပေးပါ” ဟု ဆိုသည်။

လုပ်ငန်းရှင်များက အခွန်လျှော့ ကောက်ပေးရန် တောင်းဆိုမှုများကို လွှတ်တော်တွင်းအထိ ရောက်အောင် တင်ပြသင့် ကြောင်း၊ တောင်းဆိုချက်များကို အကောင်အထည် ဖော်နိုင်ရန် ပြည်သူလူထုကလည်း ပါသင့်သကဲ့သို့၊ လိုအပ်မည်ဆိုပါက ဥပဒေများ ပြဌာန်းသွားနိုင်ရန် အထိပါ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန် အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးကမူ အခွန်ကောက်ခံမှု လျှော့ချရာတွင် လုပ်ငန်းကြီး ဆောင်ရွက်နေသူများထက် အသေးစား အလတ်စား လုပ်ငန်းများ (SME) တွင် အခွန်လျှော့ချ ပေးသင့်သည်ဟု ဆိုသည်။

“အစိုးရအနေနဲ့ SME တွေကို အခွန်ကောက်ဖို့ ကိစ္စကို သိပ်မစဉ်းစားစေချင်ဘူး၊ သူတို့တွေက အလုပ်လက်မဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်တဲ့ နေရာာတွေဖြစ်တယ်။ ကုမ္ပဏီကြီးတွေက အဲဒီ ပြဿနာကို မဖြေရှင်းနိုင်ဘူး” ဟု ဒေါက်တာ မောင်မောင်စိုးက သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခွန်ကောက်ခံခြင်းသည် ပြည်သူများ အတွက် ကောက်ခံခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိဖို့လိုအပ်ကြောင်း၊ တဘက်တည်း စဉ်းစား၍ ရသည့် ကိစ္စ မဟုတ်ကြောင်း ပြောခဲ့သည်။

လက်ရှိတွင် ကုန်စည်ပစ္စည်း အမျိုးမျိုးနှင့် လုပ်ငန်းများအတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချ ကောက်ခံထားပြီး လာမည့် ၂၀၁၅ ခုနှစ်မှသာ သုည ရာခိုင်နှုန်းအထိ လုံးဝ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူးက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading