ဒေသတွင်း အိမ်နီးချင်း နိုင်ငံကြီးတခုဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အလာအလာကောင်းသည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် စတင် ပြင်ဆင်လာနေသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ နိုင်ငံများအတွင်းတွင် အကြီးဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ စတုတ္ထ အများဆုံး နေထိုင်သော နိုင်ငံလည်းဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများစာရင်းတွင် အမှတ်စဉ် ၁၄ ၌သာ ရှိနေသည်။
၁၉၈၈ မှ ယနေ့အထိ မြန်မာနိုင်ငံ၌ အင်ဒိုနီးရှား၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၄၁ သန်းရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ထုတ်ပြန်ချက်အရသိရသည်။
ယခု ရက်သတ္တပတ်အတွင်း နေပြည်တော်သို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုယူနို အလည်အပတ် ရောက်လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၏ လာရောက်ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်းတထောင်အထိ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၁၆ခုနှစ် နောက်ပိုင်းမှသာ ဖြစ်လာနိုင်မည်ဟု သိရသည်။
ရည်မှန်းချက် ပြည့်မြောက်နိုင်ရန်အတွက် အင်ဒိုနီးရှားအစိုးရ အနေဖြင့် ၎င်း၏ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုကြရန် တွန်းအားပေးခြင်းများ ပြုလုပ်နေသည်။ နိုင်ငံပိုင်လုပ်ငန်းကြီး ၁၅ ခု အနက်မှ ကျောက်မီးသွေး ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ သတ္ထုတူးဖေါ်ရေးနှင့် ဘိလပ်မြေထုတ်လုပ်ငန်းများမှ အဆိုပြုချက်များ ပေးပို့ထားပြီး မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရန် လေ့လာနေကြပြီဖြစ်သည်။
အင်ဒိုနီးရှားသမ္မတ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို အင်ဒိုနီးရှားနိုင်ငံ စီးပွားရေးဝန်ကြီးနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ဆိုင်ရာဝန်ကြီးတို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှား နိုင်ငံပိုင်လုပ်ငန်းများ သည် သဘာ၀ အရင်းအမြစ် တူးဖေါ်ထုတ်လုပ်ရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြသည်။ ၎င်းနိုင်ငံတွင် ရွှေ၊ နီကယ်၊ ကြေးနီ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များထွက်ရှိပြီး ကြီးမားသည့် ကျောက်မီးသွေးသိုက်များကို အရန်အဖြစ် ထိန်းသိမ်းထားသည်။ အင်ဒိုနီးရှားနိုင်ငံမှ ရွှေနှင့် နီကယ်တူးဖေါ်ရေးကုမ္ပဏီ Aneka Tambang သည် မြန်မာနိုင်ငံတွင် သတ္တုတူးဖေါ်ခွင့်လိုင်စင်ရရှိရေး ကြိုးပမ်းလျှက်ရှိသည်။
နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီ PT Wijaya Karya၊ သံဖြူတူးဖော်ရေးကုမ္ပဏီ PT Timah နှင့် ဘိလပ်မြေကုမ္ပဏီ Semen Indonesia တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် လုပ်ငန်းလိုင်စင်များ ရရှိခဲ့ပြီးဖြစ်ကြောင်း ဂျာကာတာမြို့ နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာန မှ သိရသည်။
ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်း Bukit Asam က ၎င်းတို့အနေဖြင့် တူးဖော်ရေးနှင့် တဆက်တည်း တွဲထားသော လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ တည်ဆောက်လိုကြောင်း ပြောသည်။ ထိုစက်ရုံမှ ဓာတ်အား၂၀၀ မီဂါဝပ် ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော လျှပ်စစ်ဓာတ်အား မလုံလောက်မှု ပြဿနာများကို ပြေလည်စေနိုင်လိမ့်မည်ဟု ဆိုသည်။ သို့သော်လည်း စက်ရုံအတွက် ကျောက်မီးသွေး အလုံအလောက် ထုတ်ပေးနိုင်မည့် မိုင်းတွင်းတခုကို အရင် တူးနိုင်ရမည်ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အင်ဒိုနီးရှားမှာ ပိုက်ဆံ အလုံအလောက် ရှိတယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ဗျူရိုကရေစီ စံနစ်က သိသိသာသာ နှေးကွေးပြီး ရှုပ်ထွေးလွန်းတယ်။ သူတို့က ၂၀၁၄ မှာလုပ်မယ် ပြောနေပေမယ့် ခပ်မြန်မြန် စတင်လာမယ်လို့ မြန်မာဘက်က မျှော်လင့် မထားသင့်ဘူး” ဟု စွမ်းအင်လုပ်ငန်းများဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Collin Reynolds က ဘန်ကောက်မြို့တွင် ဧရာဝတီသို့ပြောပြသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ လုပ်ငန်းတွေက ခိုင်မာပါတယ်။ ဒါပေမယ့် သူတို့က တုန့်ပြန်မှု နှေးတယ်။ တနည်းပြောရရင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အချိန်နဲ့တပြေးညီ မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိကြဘူး။ အင်ဒိုနီးရှားတွေရဲ့ စရိုတ်ကိုက လေးကန်ဖင့်နွှဲတဲ့ သဘောရှိတယ်၊ ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက် အတွက်လဲ လေထုညစ်ညမ်းမှု ပြဿနာတွေက ရှောင်လွှဲနိုင်တဲ့ လောင်စာမီးရှို့နည်း အတတ်ပညာကို မြန်မာဖက်က ရှာဖွေထားသင့်တယ် ” ဟု Collin Reynolds က ဆိုသည်။
နောက်ထပ် အလားအလာရှိသော ပြဿနာမှာ အင်ဒိုနီးရှားနိုင်ငံသည် မြေကြီးကို ထိခိုက်စေသော သတ္တုတွင်း လုပ်ငန်းကို မြန်မာနိုင်ငံတွင်း၌ လုပ်ကိုင်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။ သတ္တုတူးဖေါ်ခြင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်က ဆန္ဒပြ ကန့်ကွက်မှုတွေ ပေါ်ပေါက်ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိုကိစ္စမျိုးကို လက်မခံဘဲ ဆန့်ကျင်ကြသည်။
မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍကို မြှင့်တင်ရန် အတွက် အင်ဒိုနီးရှားက မြန်မာ့ဆန်များဝယ်ယူရန် အစိုးရချင်း ဆွေးနွေးခဲ့ကြ သည်။ သို့သော်လည်း လွန်ခဲ့သော သုံးနှစ်မှ၍ အင်ဒိုနီးရှားနိုင်ငံသည် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို အကြီးအကျယ် တိုးမြှင့်လာခဲ့ပြီး ဆန်အသားတင် တင်ပို့သော နိုင်ငံတနိုင်ငံ ဖြစ်လာသည်။
အင်ဒိုနီးရှားဖက်မှ အကြီးမားဆုံးဟုဆိုနိုင်သော စီမံကိန်းမှာ အစိုးရပိုင် ဘိလပ်မြေလုပ်ငန်းတခုဖြစ်သည့် Semen Indonesia မှ အမေရိကန်ဒေါ်လာ သန်း၂၀၀ ကုန်ကျမည့် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်ဖြစ်သည်။ ထိုစက်ရုံမှ တနှစ်လျှင် ဘိလပ်မြေ တန်ပေါင်း ၁ သန်းထွက်ရှိရန် မျှော်လင့်သည်ဟု Semen ကုမ္ပဏီက ဆိုသည်။
ထိုစီမံကိန်း၏ အားနည်းချက်မှာ ကုမ္ပဏီဘက်က ထွက်ရှိသော ဘိလပ်မြေထဲမှ အချို့တဝက်ကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ ရောင်းချရန် ဆန္ဒရှိပြီး မြန်မာဘက်ကမူ ၎င်း၏ တိုးတက်လာသောစီးပွားရေးအတွက် လိုအပ်မည်ဟု ယူဆသော ကြောင့် ဘိလပ်မြေများကို ပြည်တွင်းမှာ ထုတ်ရန်သာ မျှော်လင့်နေသည်။
Semen ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုများအတွက် ယခုနှစ် စကတည်းက စီစဉ်နေခြင်းဖြစ်သာ်လည်း မည်သူနှင့် ပူးပေါင်းဆောင်ရွက်မည်၊ မည်သည့်နေရာတွင် စက်ရုံတည်ဆောက်မည် စသော အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။
“ဒီနှစ်ထဲမှာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေ ပြုလုပ်ပါမယ်၊ နောက်နှစ်ထဲမှာ စက်ရုံ စတင်တည်ဆောက်ပြီးတော့ သုံးနှစ်ကြာတဲ့အခါ ၂၀၁၇ မှာဖြစ်ပါလိမ့်မယ်၊ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်ပြီဖြစ်ပါတယ်” ဟု Semen ၏ ဥက္ကဌ Dwi Soetjipto က ဂျာကာတာမြို့တွင် မတ်လ ၂၅ ရက်နေ့ကပြုလုပ်ခဲ့သော စီးပွားရေး ဆွေးနွေးပွဲတခုတွင်ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားမျိုးအတိုင်း အင်ဒိုနီးရှားနိုင်ငံသည်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲရေးကို ၁၉၉၈ တွင် စတင်ခဲ့ရသည်။ ၁၉၉၇ တွင်ကြုံတွေ့ရသည့် အာရှစီးပွားရေး ပြဿနာ၏ ရိုက်ခတ်မှုကြောင့် တိုင်းပြည်တွင် စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်လာပြီးနောက်တွင် ဗိုလ်ချုပ်ကြီးဆူဟာတို၏ စစ်တပ်လွှမ်းမိုးသော အစိုးရ အဆုံးသတ်ခဲ့ရသည်။
အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံ ဆယ်နိုင်ငံအတွင်းတွင် အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားသော်လည်း နိုင်ငံရပ်ခြား သို့ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရာတွင်နှေးကွေးသည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနှင့် မလေးရှားမှ နိုင်ငံပိုင် ကုမ္ပဏီများဖြစ်ကြသည့် Petronas နှင့် PTT တို့သည် ပြင်ပနိုင်ငံများတွင် ရင်းနှီး မြှုပ်နှံမှု အမြောက်အများပြုနေကြချိန်တွင် အင်ဒိုနီးရှား အစိုးရပိုင်ရေနံကုမ္ပဏီ Pertamina သည် သဘာဝဓာတ်ငွေ့ အဓိက တင်ပို့သည့် ရေနံ ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းကြီးတခုဖြစ်သော်လည်း နိုင်ငံပြင်ပသို့ တိုးချဲ့ခြင်းမပြုခဲ့ပေ။
“အင်ဒိုနီးရှား ရဲ့စီးပွားရေးက သတိကြီးကြီးနဲ့ တိုးတက်လာနေတယ်လို့ ပြောနိုင်ပါတယ်။ ဗဟိုကလည်း ခပ်တင်းတင်း ချုပ်ကိုင်ထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဈေးကွက်အသစ်ကို ဝင်ရောက်လာဖို့ နှေးကွေးနေတာ အံ့သြစရာ မရှိပါဘူး။ သူတို့ ပြောင်းလဲချင်လည်း ခပ်မြန်မြန် ပြောင်းလဲလာပါလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီး မမြန်ဘူးဆိုတာတော့ သေချာပါတယ်” ဟု ဘန်ကောက်မြို့ရှိ အနောက်နိုင်ငံသံရုံးတခုမှ စီးပွားရေးပညာရှင် တဦးက ဧရာဝတီ သို့ ပြောခဲ့သည်။
(Caution is the Watchword as Indonesia Eyes Business in Burma ကို ဆီလျော်အောင် နိုင်မင်းသွင်က ဘာသာပြန်ဆိုသည်)