မြန်မာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း Myanmar Agribusiness Public Corporation (MAPCO)နှင့် ဂျပန်နိုင်ငံမှ မစ်ဆူရှီ(MITSURI)တို့ပူးပေါင်းကာ တန်းမြင့်ဆန်ထုတ်လုပ် သည့်စက်ရုံများ ထူထောင်သွားရန် ရှိကြောင်း သိရသည်။
အဆိုပါစက်ရုံများကို တွံတေး၊ နေပြည်တော်၊ ဧရာဝတီတိုင်း ကျိုက်လတ်နဲ့ ပဲခူးတိုင်း လက်ပံတန်းတို့တွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရပြီး ဆန်စက်၊ပေါင်းဆန်စက်၊ဆန်ဘေးထွက် ဆန်ကွဲ၊ ဖွဲနုတို့မှ ဖွဲနုဆီ၊ ခေါက်ဆွဲ၊ ဆန်မှုန့် စသည်တို့ ပါ ထုတ်လုပ်နိုင်သည့် စက်ရုံများပါ ပါဝင်တည်ဆောက်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးရဲမင်းအောင်ထံမှသိရသည်။
ထို့အပြင် ဖွဲနုမှလျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက်ပါ စီစဉ်သွားမည် ဖြစ်ကြောင်း၊ ၎င်းစက်ရုံများကို စတည်ရန်စီစဉ် လျက်ရှိကာ ၂၀၁၄-၁၅တွင် အပြီးသတ် လုပ်ဆောင်သွားမည်ဟုလည်း ဦးရဲမင်းအောင်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့်ပူးပေါင်းကာ တန်းမြင့်ဆန်တန်ချိန် ၅၀၀၀ ခန့်ကို ယခုဘဏ္ဍာနှစ်၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ တန်းမြင့်ဆန်မျိုးဖြစ်သည့် ဆင်းသွယ် လတ်၊ မှော်ဘီ ဆန်မျိုးများကို တင်ပို့သွားရန် စီစဉ်ထားကြောင်း သိရသည်။
“မစ်ဆူရီဘက်ကနေ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်နဲ့လက်တွဲပြီး စိုက်ပျိုး နည်းပညာပိုင်းထက် ထုတ်ပိုးမှုပိုင်း ကူညီဖို့ပြောထားတာရှိတယ်။ ဘယ်လိုထုတ်ပိုးရလဲ၊ ဘယ်လိုထိန်းသိမ်းရလဲ ဒါတွေဟာ လက်တွေ့ကနေစပြီး လုပ်ငန်းခွင်နဲ့အတူ လေ့လာရလာတာတွေ ရှိတယ်။ နောက် အဲဒီကုမ္ပဏီကနေ အမေရိကန်ဒေါ်လာ ၃ သိန်းကို လှည်းကူးမှာရှိတဲ့ ရိပ်သိမ်းချိန်လွန် နည်းပညာဌာနမှာ သင်တန်းတွေဖွင့်ဖို့၊ အဲဒီမှာရှိတဲ့ ဓါတ်ခွဲခန်းတွေ၊ သင်တန်းသား ကျောင်းဆောင်တွေကိုလည်း ပြန်ပြုပြင်သွားမယ်”ဟု ဦးရဲမင်းအောင်က ဆိုသည်။
ဂျပန်နိုင်ငံအနေဖြင့် တနှစ်လျှင် နိုင်ငံတကာ သဘောတူညီမှုအနေဖြင့် သွင်းကုန်တန်ချိန် ၇ သိန်း ၇ သောင်းကျော် တင်သွင်းလျက်ရှိပြီး နိုင်ငံတကာတွင် တင်သွင်းသည့် ပစ္စည်းများအပေါ် ဓာတုဗေဒဓာတ်ကြွင်း အမျိုးပေါင်း ၂၆၇ မျိုးစစ်ဆေးပြီးမှ တင်ပို့ခွင့်ရသည့် ဓာတုဓာတ်ကြွင်း အများဆုံးစစ်ဆေးသည့် နိုင်ငံတစ်ခုဖြစ်သည်။ ယခုအခါ အဆိုပါ ဓာတုစစ်ဆေးရေးနှင့်ပတ်သတ်သည့် စစ်ဆေးမှု နည်းပညာများပါ လက်တွေ့လုပ်ငန်းခွင် လုပ်ဆောင်နေချိန်အတွင်း ဝေမျှပေးသွားရန်စီစဉ်ထားကြောင်း သိရသည်။
“မြန်မာနိုင်ငံက ခုစ ပြီး တန်ချိန် ၅၀၀၀ တင်သွင်းခွင့်ရတယ်ဆိုတော့ နောက်ထပ် ဘယ်လောက် ထပ်တိုး တင်သွင်းခွင့်ရမလဲ ဆိုတာက ဒီဘက်က ကြိုးစားမှုအပေါ်မှာ မူတည်ပါမယ်။ ဂျပန်ဘက်ကတော့ တင်သွင်းမှုမှာ အခက်အခဲတွေရှိနေရင် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမှာပါ”ဟု ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာနမှ မစ္စတာ တာကေဟာရူ အီမာရှီယိုက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဌ ဦးချစ်ခိုင်ကလည်း ယခုကဲ့သို့ ဆန်တန်ချိန် ၅၀၀၀ တင်သွင်းနိုင်မှုအပေါ် တင်းတိမ်မနေသင့်ကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန်သောင်းချီ ထပ်မံတင်သွင်းခွင့်ရပါက ယခုထက် ပိုမို အဆင်ပြေလာနိုင်ကြောင်း၊ နည်းပညာများလည်း ယခုထက် ပိုမိုတိုးတက် ရရှိရန် မျှော်လင့်မိကြောင်း၊ ဂျပန်နိုင်ငံမှာ အရည်အသွေး ပြည့်မီသော ထုတ်လုပ်မှုတွင် ရှေ့တန်းရောက်နိုင်ငံဖြစ်၍ မြန်မာဆန်စပါးထုတ်လုပ်မှုတွင် အတွေ့အကြုံ ကောင်းများ ရကာ တိုးတက်လာနိုင်ကြောင်း သုံးသပ်ပြောသည်။
အဆိုပါ ဂျပန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၀ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ရေးပိုင်း လွယ်ကူစေရန်အတွက် သီလဝါဆိပ်ကမ်းနားတွင် ဆန်တင်ပို့ရန် သီးခြားဆိပ်ကမ်းမြေနေရာတစ်ခုဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးထားကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနပိုင် မြေနေရာများတွင် ဆန်စက်တည်ဆောက်ရန် လိုအပ်ပါက ဝန်ကြီးဌာနအနေဖြင့်ခွင့်ပြုပေးမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။ သို့ရာတွင် လက်ရှိ ဌာနပိုင်မြေဧက မည်မျှရှိကြောင်းကိုမူ ဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။