မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံရာတွင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမည့်လုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်မှစတင်ကာ လုပ်ငန်းလိုင်စင်ပေးမှုအပေါ် တင်းကြပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။
“၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကနေစပြီး စက်မှုလုပ်ငန်းတွေကို ပိုမို မြှုပ်နှံမှုလည်း များလာတယ်။ လုပ်သား အများအပြား အလုပ်ရမယ့် လုပ်ငန်းမျိုးတွေကို ပိုခွင့်ပြုသွားမယ်။ အရင်နှစ်တွေက သဘာ၀ သယံဇာတ ထုတ်ယူရေး ရင်းနှီးမြုပ်နှံမှုတွေ များခဲ့တယ်။ ၂၀၁၂-၂၀၁၃ ကစပြီး ဒီလို ရင်းနှီး မြုပ်နှံမှုတွေကို နည်းနည်းလျော့ပေါ့ လက်ခံသွားမှာပါ။ အဓိက သဘာဝအရင်းအမြစ် သိပ်မသုံးရဘဲ လုပ်သားအင်အား များများလက်ခံနိုင်မယ့် အလုပ်တွေကို ပိုလက်ခံသွားမယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကဏ္ဍ ၉ ခုမှ ရင်းနှီးမြုပ်နှံမှုများအား ခွင့်ပြုပေးခဲ့ကြောင်း၊ ၎င်းတွင် စက်မှုကဏ္ဍတွင် လုပ်ငန်းလုပ်ကိုင်ခွင့် အများဆုံး ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် စက်မှုကဏ္ဍတွင် ၇၈ ခု၊ လျှပ်စစ်ကဏ္ဍတွင် ၁ ခု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၆ ခု၊ ဟိုတယ် ခရီးသွား ကဏ္ဍတွင် ၁ ခု၊ သတ္ထုတွင်းကဏ္ဍတွင် ၁ ခု၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ၄ ခု၊ စိုက်ပျိုးရေးကဏ္ဍတွင် ၂ ခု၊ မွေးမြူရေးနှင့်ရေ လုပ်ငန်းကဏ္ဍတွင် ၁ ခုပေါင်း ၉၄ ခု ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအတွက် အဆိုပါ ခွင့်ပြုပေးခဲ့သောကဏ္ဍများမှ စက်မှုကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၄၀၀.၇၁၆ သန်း၊ လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ၃၆၄.၂၀၁ သန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ၃၀၉.၂၀၀ သန်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၃၀၀.၀၀၀ သန်း၊ သတ္ထုတွင်းကဏ္ဍတွင် ၁၅.၃၃၄ သန်း၊ အခြားဝန်ဆောင်မူ ကဏ္ဍတွင် ၁၄.၇၆၆ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ၉.၆၅၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တွင် ၅.၆၀၀ သန်း အဆိုပါလုပ်ငန်း ၉ ခုပေါင်းမှ စုစုပေါင်း ငွေကျပ် သန်းပေါင်း ၁၄၁၉ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားရင်းနှီးမြုပ်နှံမှုတွင်မူ စက်မှုကဏ္ဍတွင် ငွေကျပ်သန်းပေါင်း ၂၂၅ ဘီလီယံ၊ အိမ်ယာဆောက်လုပ်ရေးတွင် ၁၀၈ ဘီလီ ယံ၊ သယ်ယူပို့ဆောင်ရေးတွင် ၁၁၉ ဘီလီယံ၊ ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတွင် ၁၂၁ ဘီလီယံ၊ စက်မှုဇုံတည်ဆောက်ရာတါင် ၂၄၈ ဘီလီယံ ၎င်းလုပ်ငန်းအားလုံးပေါင်းမှ ငွေကျပ်သန်းပေါင်း ၁.၁ ထရီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားလုပ်ငန်းရှင်များကို လုပ်ငန်းလိုင်စင်ချပေးရာတွင်လည်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လိုင်စင် ၃၄ ခုသာချပေးခဲ့ရာ မှ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လိုင်စင် ၆၅ ခုထိ ၂ ဆကျော် တိုးမြင့်ခွင့်ပြုထားကြောင်းသိရသည်။
“ဒီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က နှစ် ၂၀ အတွင်းမှာ နိုင်ငံခြားရင်းနှီးမြူပ်နှံမှုကော၊ တိုင်းရင်းသားရင်းနှီးမြုပ်နှံမှုကော ရင်းနှီးမြုပ်နှံကြတာ အများဆုံးနှစ်ပါဘဲ။ နောက် ဒီနှစ်ဟာ လုပ်သားအများဆုံး အလုပ်ရရှိတဲ့ နှစ်တနှစ်လည်း ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့ စားသောက်ကုန်လုပ်ငန်း၊ အထည် ချုပ်လုပ်ငန်းတွေကို ဦးစားပေးချပေးတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြုပ်နှံမှုဦးစီးဌာနမှထုတ်ပြန်ချက်အရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွင် လုပ်သားပေါင်း ၅၆၄၅၀၊ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုတွင် ၁၉၀၆၅၊ နှစ်ခုပေါင်းတွင် လုပ်သား စုစုပေါင်း ၇၅၅၁၅ အလုပ်ရရှိခဲ့ကြောင်းသိရပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်မူ နှစ်ခုပေါင်းတွင် လုပ်သားစုစုပေါင်း ၁၆၄၅၄ သာရှိခဲ့သည့်အတွက် အဆပေါင်း ၅ ဆကျော်ခဲ့ပိုများခဲ့သည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် လာရောက်ရင်းနှီးသည့်နိုင်ငံများတွင် စင်္ကာပူနိုင်ငံမှာ အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နိုင်ငံများ ဖြစ်သည်။