ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်ရရှိထားသော ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲလှယ်ကောင်တာများက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ အမေရိကန်ဒေါ်လာ ဝယ်ယူမှု များပြားခြင်း ကြောင့် ဈေးကွက်တွင် ဒေါ်လာတန်ဖိုးနှင့်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း သိရှိရ သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရ ဘဏ်များ၊ ငွေလဲကောင်တာများနှင့် နေ့စဉ် အမေရိကန်ဒေါ်လာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ပြီး ငွေလဲနှုန်း သတ်မှတ်ပေးလျက်ရှိရာ ယခုမေလဆန်းပိုင်းတွင် ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများက ဗဟိုဘဏ်ထံမှ အမေရိကန်ဒေါ်လာ ဝယ်ယူမှုများပြားပြီး ဒေါ်လာတန်ဖိုး တက်လာကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်အယ်ဖောက ဧရာဝတီသို့ပြောသည်။
“နိုင်ငံတကာမှာက နိုင်ငံခြားငွေလဲဈေးကွက်မှာဖြစ်နေတဲ့ ငွေလဲနှုန်းကို အဲဒီနိုင်ငံရဲ့ ငွေလဲနှုန်းအဖြစ် သတ်မှတ်ကြတယ်။ ကျမတို့နိုင်ငံမှာက နိုင်ငံခြားငွေဈေးကွက် မဖြစ်ထွန်းသေးခင်ကာလမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်းကို လေလံစနစ်နဲ့ သတ်မှတ်လုပ်ရတယ်။ ကျမတို့ ဗဟိုဘဏ်က လေလံခေါ်တယ်။ လေလံဝင်ဖို့ လိုင်စင်ရထားတဲ့ ဘဏ်တွေက လေလံဝင်တယ်။ လေလံရဲ့စည်းကမ်းအရ လေလံတင်လာတဲ့ ဘဏ်တွေရဲ့ပေးတဲ့ ငွေလဲနှုန်း Rate အပေါ်မှာပဲ ငွေလဲနှုန်းကို သတ်မှတ်တာဖြစ်ပါတယ်။ ဘဏ်တွေက တင်လာတဲ့ ငွေလဲနှုန်းကိုချည်း ကြည့်တာမဟုတ်ဘူး။ နိုင်ငံတကာ ငွေကြေးဈေးကွက်ရယ်၊ ကျမတို့နိုင်ငံမှာဖြစ်နေတဲ့ ငွေကြေးဈေးကွက်ရယ် အဲဒီဈေးကွက်တွေ အားလုံးရဲ့ ဝယ်လိုအား ရောင်းလိုအားပေါ်မှာ သတ်မှတ်ပြီးတော့မှ ဈေးသတ်မှတ်တာဖြစ်တယ်။ လေလံပွဲမှာကတော့ ဒေါ်လာဝယ်လိုအား အတော် တက်တယ်”ဟု ဒေါ်နော်အယ်ဖောက ပြောသည်။
ပုံမှန်အားဖြင့် အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ ယခုမေလဆန်းပိုင်းမှ စတင်ပြီး ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ ယနေ့မေလ ၁၇ ရက်တွင် အမေရိကန်တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၃၆ ကျပ်အထိ တန်ဖိုး မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အစိုးရက FEC ငွေကြးကို တရားဝင် ဖျက်သိမ်းနေပြီး အမေရိကန်ဒေါ်လာ အသုံးဝင်မှု များပြားလာခြင်း၊ သွင်းကုန် တင်သွင်းကြသည့် ကုမ္ပဏီများ နှင့် ဒေါ်လာဝယ်ယူစုဆောင်းသူများက အမေရိကန်ဒေါ်လာများ ဝယ်ယူစုဆောင်းနေခြင်း၊ အစိုးရက ပို့ကုန်အားပေးသည့် မူဝါဒများအတွက် မြန်မာငွေတန်ဖိုးချပြီး အမေရိကန်ဒေါ်လာ တန်ဖိုးဆွဲတင်နေခြင်း၊ စီးပွားရေးရုပ်သိမ်းမှုနှင့်အတူ မြန်မာ့စီးပွားရေး စတင်လည်ပတ်လာခြင်းအပါအဝင် စီးပွားရေးဆိုင်ရာ ပြောင်းလဲသော အခြေအနေများကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်လာခြင်းဖြစ်သည်ဟု ပညာရှင်များက သုံးသပ်သည်။
ရန်ကုန် အဝေးသင်တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက အစိုးရ ကိုယ်တိုင်ပင်လျှင် အမေရိကန်ဒေါ်လာကို “ငမ်းငမ်းတက်” စုဆောင်းလိုသော စိတ်ရှိနေခြင်းသည် အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်သော အဓိက အကြောင်းအရင်းဖြစ်ပြီး အမေရိကန် တဒေါ်လာ ကျပ်ငွေ ၁၀၀၀ ကျော် ဈေးအထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း သုံးသပ် ပြောဆိုသည်။
“စီးပွားရေးပြန်လည်ပတ်ချိန်မှာ သွင်းကုန်သွင်းရတော့ ဒေါ်လာလိုအပ်ချက် ကြီးလာတယ်။ ပြည်တွင်းပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ ဒေါ်လာ Demand နဲ့ ဒေါ်လာ ရနိုင်တဲ့ Supply က မညီမျှမှု ဖြစ်နေတယ်။ အဓိကကတော့ သွင်းကုန်သွင်းဖို့ အတွက် ဒေါ်လာလိုနေတဲ့အတွက် ဒေါ်လာတန်ဖိုးတက်နေတယ်။ ဒါပေမယ့် အစိုးရဘက်မှာကျတော့ ဒေါ်လာက သောက်သောက်လဲဝင်နေတယ်။ အစိုးရမှာ ဒေါ်လာတော်တော်ရှိနေတယ်။ ဒေါ်လာ များများဝင်နေတာ အစိုးရ၊ ဒေါ်လာများများလိုချင်နေတာ ပုဂ္ဂလိက ကဏ္ဍ။ ဒေါ်လာစီးဆင်းမှု မညီမျှမှုဖြစ်နေတယ်။ အစိုးရ ထုတ်ရောင်းပေးဖို့လိုတယ်။ မရောင်းဘူးဆိုရင်တော့ ဒါက ဒေါ်လာတန်ဖိုးတင်တဲ့ မူဝါဒမျိုးရှိနေတယ်လို့ ပြောရမယ်။ အစိုးရက ဒေါ်လာ ငမ်းငမ်းတက်လိုချင်နေရင် ဒေါ်လာတန်ဖိုးက တက်နေမှာပဲ”ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။
ထို့ပြင် ကျပ်ငွေ ၅၀၀၀ တန်အတုများထွက်ရှိနေသည်ဆိုသော သတင်းများကလည်း အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှုကို များပြားစေပြီး ဒေါ်လာတန်ဖိုးကိုမြင့်တက်စေသည်ဟု ၎င်းက ဆိုသည်။
“၅၀၀၀ တန်တွေ အတုတွေပေါ်လာတယ်။ ဘာပဲပြောပြော အဲဒီအတွက်ကြောင့်လည်း ဒေါ်လာတန်ဖိုးတက်တယ်။ အပြစ်က ဒေါ်လာမှာ အပြစ်မရှိဘူး။ ဒီက ကျပ်ငွေဈေးကွက်ကို တည်ငြိမ်အောင် မထိန်းနိုင်ဘူး” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်ကမူ အစိုးရတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြှင့်တင်ပြီး ပို့ကုန်အားပေးသည့် စီးပွားရေးမူဝါဒရှိနေခြင်းကြောင့် ဈေးကွက်တွင် ဒေါ်လာတန်ဖိုးမြင့်တက်ရခြင်းဖြစ်ကြောင်း၊ အစိုးရ၏ မူဝါဒ အောင်မြင်သည်ဟု ဆိုနိုင်ကြောင်း ပြောသည်။
“ဒေါ်လာတန်ဖိုးတက်ချင်တာက အစိုးရရဲ့မူဝါဒပဲ။ ပို့ကုန်အားပေး စီးပွားတိုးတက်မြှင့်တင်ရေး မူဝါဒပဲ။ ပို့ကုန်သမားတွေ တွက်ခြေကိုက်အောင် ဒေါ်လာဈေးကို ဆွဲတင်နေတာလေ။ သူ့မူဝါဒ အောင်မြင်တယ်ပြောရမှာပေါ့။ သွင်းကုန်ဈေးနှုန်း တွေတက်တော့ အခြားဈေးနှုန်းတွေပါ တက်ပြီး ပြည်သူ့တွေ ဘက်က နစ်နာမှုတော့ရှိတယ်။ လူတစုအကျိုးစီးပွားထက် အများစုအကျိုး ထိခိုက်တာပေါ့။ အကျိုးဆက်ကတော့ ဈေးတွေကြီးတဲ့အတွက် ပြည်သူတွေရဲ့ Welfare နိမ့်သွားတာပေါ့။ အရင် ကွန်ပျူတာတလုံး တသိန်းကျော်ကျော်ကနေ ဒေါ်လာဈေးတက်တော့ နှစ်သိန်းကျော် ဖြစ်တာမျိုးဖြစ်လာမှာ။ အခြေခံပြည်သူအားလုံးကို ထိခိုက်တယ်။ ဈေးတွေ အားလုံးတက်လိမ့်မယ်” ဟု ဦးကြည်မြင့်က ဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အမေရိကန်ဒေါ်လာတန်ဖိုးသည် တဒေါ်လာလျှင် ၉၀၀ နှင့် ၁၀၀၀ အကြားတွင်ရှိသင့်ကြောင်း မကြာခဏဆိုသလို စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံခြားငွေလဲလှယ်နှုန်း ထားတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ အားပေးပြီး ပို့ကုန်စီးပွားရေးကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ သို့ရာတွင် အဓိက သွင်းကုန်များဖြစ်သည့် စားအုန်းဆီနှင့် စက်သုံးဆီ ဈေးနှုန်းများ လာမည့်ရက်အနည်းငယ်အတွင်း မြင့်တက်လာမည်မှာ အသေအချာဖြစ်သည်ဟု ပြောဆိုကြသည်။