မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီ စတော့အိတ်ချိန်းတခု ဖွင့်လှစ်သွားမည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးမောင်မောင်ဝင်းမှ ပြောကြားလိုက်သည်။
ယမန်နေ့က ရန်ကုန်မြို့တွင် ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများနှင့်တွေ့ဆုံရာတွင် ယင်းသို့ပြောကြားလိုက်ခြင်းဖြစ် ပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးလာနေသည့် စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ရန်ကုန်စတော့အိပ်ချိန်း ဖြစ်ပေါ်လာရန် လိုအပ်သည်ဟု သူကဆိုသည်။
လက်ရှိအနေအထားတွင် မြန်မာလုပ်ငန်းရှင်များသည် ငွေကြေးအထောက်အပံ့ အတွက် ဘဏ်ချေးငွေများကိုသာ မှီခိုနေရဆဲဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် စတော့အိပ်ချိန်း မရှိသေးဘဲ ကျန်နေသည့် တခုတည်းသော နိုင်ငံလည်း ဖြစ်သည်။
“ဒီ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (SEC )က မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဒု ဥက္ကဌက ဆိုသည်။ ဆက်လက်၍ သူက အဆိုပါဥပဒေကို သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ မတ်လအတွင်းတွင် ပေးပို့ထားခဲ့ပြီးဖြစ်၍ မကြာမီကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းကြကာ နှစ် မကုန်ခင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောသည်။
ထို့ပြင် ရန်ကုန်စတော့အိတ်ချိန်း တည်ထောင်မည့် ၂၀၁၅ ခုနှစ် မတိုင်မီ ၂၀၁၄ ခုနှစ် အတွင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို အတည်ပြု ပြဌာန်းနိုင်မည်ဖြစ်သည် ဟုဆိုသည်။
စတော့ရှယ်ယာဈေးကွက်တခု တည်ထောင်ခြင်းသည် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသည့် ဘဏ္ဍာရေးအဆောက်အဦးကို ကြံ့ခိုင်လာစေမည်ဖြစ်သလို တိုင်းပြည်စီးပွားရေး၏ အလားအလာကောင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယူဆနိုင်စရာများ ရှိနေသည်။
ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေသည်လည်း ထွက်ပေါ်လာတော့မည် ဖြစ်သော်လည်း စတော့အိပ်ချိန်းတခု မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ် လုပ်ကိုင်နိုင်ရေးအတွက် အခြားအခက်အခဲများလည်း ရှိနေသေးသည်။
“အရင်းအနှီးဈေးကွက်ကို ထောက်ပံ့ပေးဖို့ လုံခြုံရေးကုမ္ပဏီတွေ၊ စာရင်းကိုင်ကုမ္ပဏီတွေနဲ့ ဥပဒေ အကျိုးဆောင် လုပ်ငန်းတွေ လိုအပ်နေပါသေးတယ်” ဟု ရန်ကုန်စတော့အိပ်ချိန်း ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာအစိုးရကို ကူညီ အကြံပေး နေသည့် Japan Exchange Group မှ အကြီးတန်းအမှုဆောင်အရာရှိ တဦးဖြစ်သည့် Koichiro Miyahara က ပြောသည်။
Japan Exchange Group သည် ကမ္ဘာတွင် တတိယ အကြီးဆုံး စတော့အိပ်ချိန်း ကိုစီမံခန့်ခွဲနေသည့် အဖွဲ့ ဖြစ်သည်။ “ ရန်ကုန်မှာ စာရင်းကိုင်နဲ့ ဥပဒေအကျိုးဆောင် ကုမ္ပဏီကောင်းတွေ ရှိပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေလည်း ရောက်လာနေပါတယ်။ ဒါကြောင့် နောက်နှစ် အနည်းငယ်အတွင်းမှာ သူတို့က လုံလောက်တဲ့ အထောက်အကူ တွေပေး နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟုလည်း Koichiro Miyahara က ပြောသည်။
လက်ရှိအချိန်တွင် ဘဏ်များသည်သာ ငွေကြေးထောက်ပံ့မှု၏ အဓိက ပင်ရင်းအဖြစ်ရှိနေသည့် မြန်မာနိုင်တွင် ကုမ္ပဏီ များ အနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အခက်အခဲများ ရှိနေသည်။ စတော့အိပ်ချိန်းဖြစ်ပေါ်လာရေးကို ထောက်ခံသူများက ရန်ကုန်စတော့အိပ်ချိန်းသည် ကုမ္ပဏီများအတွက် ငွေကြေးရရှိရန် ကူညီပေးလိမ့်မည်ဟု ဆိုကြသည်။
စတော့ အိပ်ချိန်းရှိရန်လိုအပ်နေခြင်းအတွက် ဥပမာတခုထုတ်ပြရလျှင် မကြာသေးခင်က ထင်ရှားသော မြန်မာလုပ်ငန်းရှင် တဦးဖြစ်သူ ဦးဇော်ဇော်သည် ၎င်း၏ ကုမ္ပဏီတခုကို စင်္ကာပူ နိုင်ငံမှ စတော့အိပ်ချိန်းတွင် မှတ်ပုံတင်ရန် ကြိုးစားခဲ့သေး သည်။ သို့သော်လည်း ဦးဇော်ဇော်က အမေရိကန်၏ ပိတ်ဆို့ကန့်သတ်မှုခံရသူစာရင်းဝင် ဖြစ်သည့်အတွက် စင်္ကာပူ စတော့ အိပ်ချိန်း၏ ငြင်းပယ်မှုခံခဲ့ရသည်။
“ဘဏ်ချေးငွေဆိုတာ ကာလတိုပြီး စွန့်စားရမှု နည်းပါးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုပြီး သင့်တော်ပါတယ်” ဟု Daiwa Securities Group မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလေ့လာဆန်းစစ်သူ Shinsuke Gote ကပြောသည်။ စတော့အိပ်ချိန်းသည် ကာလရှည်ပြီး စွန့်စားရမှုမြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုများကို အကျိုးအမြတ် များပြားစွာ ရရှိစေရန် ကူညီနိုင်သည် ဟုလည်း သူကဆိုသည်။
Daiwa သည် အမေရိကန်ဒေါ်လာ ၄၀၀ ဘီယီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်ပြီး ၁၉၉၆ ခုနှစ်ကထဲက မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ Myanmar Securities Exchange Center (MSEC) ကိုလုပ်ကိုင် နေ သည်။ မကြာသေးခင်ကမှ မြန်မာ့စီးပွားရေးဘဏ် သည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ကန့်သတ်မှုများမှ လွတ်မြောက် လာပြီး အမေရိကန်ကုမ္ပဏီများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့် ရခဲ့သည်။
ဂျပန် အစိုးရသည် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ပေါ်ပေါက်လာရေးအတွက် မြန်မာ နိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကို ကူညီပေးနေသည်။ လွန်ခဲ့သော ရက်သတ္တပတ် က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီးနောက် မြန်မာနိုင်ငံ၏ လမ်းများနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ မှုများအတွက် အမေ ရိကန်ဒေါ်လာ သန်း၅၀၀ ထုတ်ချေးမည်ဟု ကတိပြုခဲ့သည့်အပြင် မြန်မာက ဂျပန်ကိုပေးရန်ရှိသည်ကြွေးမြီ အမေရိကန် ဒေါ်လာ ၂ ဘီလီယံခန့် ကိုလည်းလျှော်ပေးခဲ့သည်။
ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရာတွင်ပါဝင်သူများက အိပ်ချိန်း၏ အလားအလာနှင့်ပတ်သက်၍ များစွာမမျှော် လင့်ရန် ပြောဆိုခြင်းများလည်း ရှိသည်။ “သိပ် အများကြီး မျှော်လင့်မထားကြပါနဲ့။ ဈေးကွက် ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့က အနည်းဆုံး အချိန် ၅ နှစ်လောက်လိုပါတယ်။ ဒီအိပ်ချိန်းကလည်း တော်ရုံသင့်ရုံ အနေအထားပဲ ရှိမှာပါ၊ အကြီးစား မဟုတ်ပါဘူး” ဟု MSEC မှ အမှုဆောင်ညွှန်ကြားရေးမှုး ဦးစိုးသန်း ကပြောသည်။
၂၀၁၅ ခုနှစ်တွင် ရန်ကုန်စတော့အိပ်ချိန်း စတင်သည့် အခါ မြန်မာကုမ္ပဏီ အနည်းငယ်သာ စာရင်းသွင်းရန် အသင့်ဖြစ် လိမ့်မည်ဟု မျှော်လင့်ရကြောင်း Daiwa Securities Group မှ Shinsuke Gote ကဆိုသည်။ “စတင် လည်ပတ်တဲ့ ပထမနှစ်မှာ ကုမ္ပဏီ ၅ ခုကနေ ၁၀ ခု အတွင်းလောက်ပဲ ရှိမယ်လို့ ထင်ပါတယ်၊ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်ကျရင်တော့ ၁၀ နဲ့ ၂၀ ကြား စာရင်းသွင်းလာနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု သူကပြောသည်။
ရန်ကုန် စတော့ အိပ်ချိန်းတွင် စာရင်းသွင်းမည့် ကုမ္ပဏီများအတွက် လိုအပ်ချက်များကိုလည်း အချောသတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ ဥပဒေကြမ်းများတွင် ဖေါ်ပြထားချက်အရဆိုလျှင် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏသည် မြန်မာကျပ်ငွေ သန်း ၅၀၀ ရှိရန် လိုအပ်ပြီး ၂ နှစ်ကာလအတွင်းမှ အမြတ်အစွန်း အခြေအနေကို တင်ပြနိုင်ရမည်ဖြစ်သည်။ စာရင်းဝင် ကုမ္ပဏီများသည် အစုရှယ်ယာဝင် အနည်းဆုံး ၁၀၀ ဦးရှိရမည် ဖြစ်ကာ လူနည်းစု ရှယ်ယာဝင် များသည် စုစုပေါင်း ရှယ်ယာတန်ဖိုး၏ ဆယ်ရာခိုင်နှုန်း အနည်းဆုံးရှိရမည် ဟုလည်းဆိုသည်။
အကယ်၍ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများက အိပ်ချိန်းတွင် စာရင်းသွင်းရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် အိပ်ချိန်းက ကော်ပိုရေးရှင်းကြီးများအပေါ် စီမံထိန်းချုပ်မှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများသည် ခရိုနီဟု ခေါ်ကြသည့် လုပ်ငန်းရှင်ကြီးများ သို့မဟုတ် ယခင်အာဏာရှင် စစ်အစိုးရနှင့် ထဲထဲဝင်ဝင် ပတ်သက်ခဲ့သည့်အတွက် အမေရိကန်နှင့် အနောက်တိုင်းအစိုးရများက စီးပွားရေး ပိတ်ဆို့ ကန့်သတ်ထားခြင်းခံရသူများ နှင့် နှီးနွယ်ဆက်စပ်မှုများရှိနေသည်။ ၎င်းတို့သည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု နှင့် သစ်ခိုးထုတ်မှုများတွင် ပါဝင်ပတ်သက်မှု ရှိသည်ဟု စွပ်စွဲခံရသူများလည်း ဖြစ်သည်။
“စာရင်းသွင်းထားတဲ့ ကုမ္ပဏီ တခုဟာ သူရဲ့ လုပ်ငန်းဆောင်ရွက်မှု နဲ့ ဘဏ္ဍာရေးရလဒ်တွေကို အများသိ စစ်ဆေးခံ နိုင်ရပါမယ်၊ နှစ်ချုပ်အစီရင်ခံစာတွေ၊ ကြေညာချက်တွေ ထုတ်ပြန်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံသူတွေကို ဆက်သွယ် အသိပေးနေရပါမယ်” ဟု Shinsuke Gote ကပြောသည်။ စာရင်းဝင် ကုမ္ပဏီများအနေဖြင့် အိတ်ချိန်းသို့ ဘဏ္ဍာရေး ရှင်းတမ်းများ အစီရင်ခံစာများကို တင်ပြရမည်ဟုလည်း သတိပေးလိုက်သည်။
Japan Exchange Group မှ Miyahara က စာရင်းဝင်ကုမ္ပဏီများမှ ရှယ်ယာဝင်များသည် ကုမ္ပဏီ၏ အမြတ်အစွန်းကို သိထားသင့်ကြောင်းပြောသည်။ သို့မှသာလျှင် ငွေကြေးများ မှန်ကန်စွာ စီးဆင်းမှု ရှိမရှိ သိနိုင်မည် ဖြစ်သည်။ ၎င်းတို့ သည် ကုမ္ပဏီပိုင်ရှင်၏ မိသားစု သို့မဟုတ် ကုမ္ပဏီနှင့် အထူးဆက်သွယ်ပတ်သက်နေသော အခြားသူများက အပိုင်စီး ရယူခြင်း မျိုး မဖြစ်စေရဟု သူကဆိုသည်။
မြန်မာစစ်အစိုးရလက်ထက် ကလည်း ၁၉၉၆ ခုနှစ်ကပင် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ ကိုရေးဆွဲ ရန်လုပ်ဆောင်ခဲ့သေးသည်။ ပြင်ဆင်ရေးဆွဲမှု ၁၀ ကြိမ်လုပ်သည့်တိုင်အောင် လက်တွေ့ အကောင် အထည်မဖေါ်နိုင်ခဲ့ပေ။ “ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာက အတွေ့အကြုံမရှိဘူး၊ ပြင်ပကမ္ဘာ နဲ့လည်း အဆက် အသွယ်မရှိဘူးလေ” ဟု ဦးစိုးသန်း က ဆိုသည်။
ရန်ကုန် စတော့အိပ်ချိန်းကို တည်ထောင်ရန်အတွက် နိုင်ငံခြားအကူအညီ လိုအပ်သည်မှန်သော်လည်း တည်ထောင်ပြီး စတင်လည်ပတ်သည့်အခါ နိုင်ငံခြားမှ ပါဝင်မှုကို မည်သည့်အတိုင်းအတာအထိခွင့်ပြုပေးမည် ဆိုသည့် အချက်ကို ယခု ထက်ထိရှင်းလင်းစွာ မသိရသေးပေ။
“အစပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းတွေအရ နိုင်ငံခြားက ပါဝင်မှုဟာ နည်းကောင်း နည်းနိုင်ပါတယ်၊ မပါနိုင်တာလဲ ရှိပါမယ်၊ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ ဈေးကွက်ရဲ့ နေရာ အများအပြားမှာ ပါဝင်ဖို့ ခွင့်ပြုပေးတော့ မှာပါ” ဟု ဦးစိုးသန်း ကပြောသည်။
( Simon Roughneen ၏ Burma’s ‘Vital’ Stock Exchange Plans Proceeding on Schedule ကို နိုင်မင်းသွင် ဘာသာပြန်သည်)